Wednesday, June 10, 2015

ကြည့်မြင်တိုင်တွင် ဖြစ်ပွားခဲ့သည့် လူသတ် အလောင်းဖျောက်မှုအတွက် ထပ်တိုးတရားခံ လျှောက်ထားခြင်းကို ဇွန် ၁၈ ရက်တွင် အမိန့်ချမည်

ကျော်စိုးမိုး

ပြီးခဲ့သည့် ၂၀၁၄၊ ဇူလိုင်အတွင်းက ကြည့်မြင်တိုင်မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းတွင် ဖြစ်ပွားခဲ့သည့် လူသတ် အလောင်းဖျောက်ခဲ့သည့် ဖြစ်စဉ်အတွက် တရားခံ တစ်ဦး ထပ်တိုးရန် တရားစွဲခံထား ရသူများ၏ ရှေ့နေဘက်မှ လျှောက်တင်ထားမှုကို လက်ခံခြင်းရှိ၊ မရှိကို လာမည့် ဇွန် ၁၈ ရက်တွင် အမိန့်ချမှတ်သွားမည်ဟု အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းလူသတ် အလောင်းဖျောက်အမှုအတွက် တည်းခိုခန်းမန်နေဂျာ ဦးမောင်မောင်အပါအ၀င် ငါးဦးကို တရားစွဲဆိုထားပြီး ၎င်းတို့၏ ရှေ့နေက တရားလိုပြသက်သေ တစ်ဦးဖြစ်သူ တည်းခိုခန်း ၀န်ထမ်း အသက် ၂၀ အရွယ် ကိုအောင်မျိုးဦးကို ထပ်တိုးတရားခံအဖြစ် တင်သွင်းရန် လျှောက်တင် ခဲ့ခြင်း ဖြစ်သည်။

ကိုအောင်မျိုးဦးသည် တည်းခိုခန်းတွင် လူသတ် အလောင်းဖျောက်ခဲ့မှုအတွက် တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်ပြီး ၂၀၁၅၊ ဧပြီ ၃ ရက်ရုံးချိန်းတွင် အနောက်ပိုင်းခရိုင်သို့ လာရောက်ထွက်ဆိုခဲ့စဉ်က သွေးအိုင်ထဲတွင် သေဆုံးနေသည့်အလောင်းနှင့် အလောင်းကို ဖျောက်ဖျက်ရန် သယ်ဆောင်သွားခြင်းကို ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

ထို့ပြင် တရားစွဲခံရသူများတွင် တည်းခိုခန်းပိုင်ရှင် ပါဝင်နေပြီး ၎င်း၏ မိသားစုဝင်တစ်ဦးက လိမ်လည် ထွက်ဆို ပေးရန် ခြိမ်းခြောက်ပြောဆိုခြင်းများ ရှိခဲ့သည်ဟု ကိုအောင်မျိုးဦးက အဆိုပါနေ့ ရုံးချိန်းအပြီးတွင် မီဒီယာများကို ဖြေကြားထားသည်။

ထို့နောက် ကိုအောင်မျိုးဦးကို ထပ်တိုးတရားခံအဖြစ် တရားစွဲဆိုခံထားရသူများ၏ ရှေ့နေဘက်က တင်သွင်း ခဲ့ပြီး ဇွန် ၄ ရက် ရုံးချိန်းတွင် အနောက်ပိုင်းခရိုင် တရားလိုရှေ့နေနှင့် ကိုအောင်မျိုးဦးတို့၏ လျှောက်လဲချက်များ ကို ကြားနာကာ ဇွန် ၁၈ ရက်တွင် ထပ်တိုးတရားခံအဖြစ်လက်ခံရန် သင့်၊ မသင့်ကို အမိန့်ချမှတ်သွားမည်ဖြစ် သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဇူလိုင် ၂၁ ရက် ညပိုင်းက ကြည့်မြင်တိုင် မြို့နယ်၊ စိတ်ကူးသစ်တည်းခိုခန်း တွင် လာရောက်တည်းခိုသည့် လှိုင်မြို့နယ်၊ ၂ ရပ်ကွက်၊ ၈ လမ်းနေ ကိုကျော်မျိုးထွန်းအား ၎င်း တည်းခိုနေ သည့် အခန်းအတွင်း ဆူညံသည့်ကိစ္စကို တည်းခိုခန်းမန်နေဂျာက တားဆီးရာမှ စကားများကြပြီး မန်နေဂျာ ဦးမောင်မောင်က ဓားနှင့်ထိုးသဖြင့် ကိုကျော်မျိုးထွန်းတွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး အလောင်းကို မန်နေဂျာနှင့် တည်းခိုခန်းပိုင်ရှင် အပါအ၀င် ငါးဦးက အင်းလျားကန် အတွင်းသို့ ပစ်ချဖျောက်ဖျက်ခဲ့ ခြင်းဖြစ် သည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဦးမောင်မောင် အပါအ၀င်ငါးဦးကို ကြည့်မြင်တိုင်မြို့မရဲစခန်းက လူသတ်မှု၊ အလောင်းဖျောက်မှုပုဒ်မ ၃၀၂/၂၀၁/၁၁၄ တို့ဖြင့် အမှုဖွင့် တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး အနောက်ပိုင်းခရိုင် တရားသူကြီးက ပြစ်မှုကြီးအမှတ် ၇၄/၁၄ ဖြင့် လက်ခံစစ်ဆေးလျက်ရှိကာ အမှုအတွက်တရားလိုပြ သက်သေ ၉ ဦးခန့် စစ်ဆေးပြီး ဖြစ်သည်။

No comments: