ကျော်စိုးမိုး
သရပါမဂ္ဂဇင်းအယ်ဒီတာ မတေးနုရင်ကို သတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးကို အနောက်ပိုင်းခရိုင်တရားရုံးက ပြစ်မှုပုဒ်မ ၃၀၂(၂) ဖြင့် ဇွန် ၁၀ ရက်၊ နံနက်ပိုင်းတွင် စွဲချက်တင်အမိန့်ချမှတ် လိုက်သည်။
အမှုကိုစွဲချက်တင်နိုင်ရန်အတွက် ဇွန် ၈ ရက်တွင် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပြီး ဇွန် ၁၀ ရက်တွင် အမှုကိုကိုင်တွယ်စစ်ဆေးနေသည့် အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃) က လူသတ်မှုပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်ရန် အမိန့်ချခဲ့ခြင်းဖြစ်သည်။
တရားသူကြီးက နှစ်ဖက်ရှေ့နေများ၏ လျှောက်လဲချက်အရ ပုဒ်မ ၃၀၂(၂)ဖြင့် စွဲချက်တင်မည်ဖြစ်ပြီး မင်းအုပ်စိုးကို အပြစ်ရှိလားဟုမေးမြန်းခဲ့ရာတွင် ၎င်းက အပြစ်မရှိဟု ထွက်ဆိုခဲ့သည်။
အမှုကို စွဲချက်တင်ပြီးနောက် လာမည့် ရုံးချိန်းတွင် ပြန်ခေါ်သက်သေ စစ်ဆေးသွားမည်ဖြစ်ပြီး သရပါမဂ္ဂဇင်းတိုက်မှ ဝန်ထမ်းများဖြစ်သည့် မဇင်သူသူကို၊ဟေမာသက်နှင့် ထက်ထက်လှိုင်တို့ကို ပြန်ခေါ်သက်သေများအဖြစ် စစ်ဆေးရန် ဆင့်ခေါ်သွားမည်ဖြစ်သည်။
အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ)တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနုရင်သေဆုံးခဲ့၍ ဗဟန်းမြို့မရဲစခန်း ရဲအရာခံလင်းထွဋ်က တရားလိုပြုတိုင်တန်းခဲ့ခြင်းဖြစ်သည်။
မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်သည်မှာ ၇နှစ်ဝန်းကျင်ခန့်ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂ ဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်းဖောင်ပိတ်သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူတစ်ဦးဖြစ်သည်။
အဆိုပါအမှုကို ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၃)က ပြစ်မှုကြီးအမှတ် ၇/၁၅ ဖြင့်လက်ခံစစ်ဆေးနေပြီး၊ လာမည့် ဇွန် ၁၇ရက်တွင် ပြန်ခေါ်သက်သေတစ်ဦးကို စစ်ဆေးသွားမည်ဖြစ်သည်။
No comments:
Post a Comment