Thursday, June 11, 2015

သရုပ်ဆောင် မင်းအုပ်စိုးအမှု ဇွန် ၁၀ ရက်တွင် စွဲချက်တင် အမိန့်ချမည်

ကျော်စိုးမိုး

လူသတ်မှုဖြင့် တရားစွဲဆို ခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး၏ အမှုအတွက် လာမည့်ဇွန် ၁၀ တွင် စွဲချက်တင် အမိန့်ချမှတ်သွားမည်ဟု အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမှုအတွက်ဇွန် ၈ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင် တရားရုံးတွင် နှစ်ဘက်ရှေ့နေများ၏ လျှောက်လဲချက်ကို ကြားနာခဲ့ပြီး လာမည့်ရုံးချိန်းတွင် စွဲချက်တင် အမိန့်ချမှတ်နိုင်ရန် ချိန်းဆိုထားသည်။

လျှောက်လဲချက်ကြားနာရာတွင် ဥပဒေ အရာရှိက သရုပ်ဆောင် မင်းအုပ်စိုးနှင့် တေးနုရင်တို့ စကားများကြရာမှ လက်သီးနှင့် ထိုးကြိတ်မိသဖြင့် တေးနုရင် သေဆုံးသွားခဲ့သည်ဟု မင်းအုပ်စိုးကိုယ်တိုင် ရဲစခန်းသို့ လာရောက် ဝန်ခံအမှုဖွင့်ခဲ့ပြီး တရားလိုနှင့် တရားလိုပြသက်သေ စုစုပေါင်း ၁၄ ဦး စစ်ဆေးပြီး မှုခင်း ဆရာဝန်၏ ထွက်ဆိုချက်အရ တေးနုရင်တွင် အသည်းစုတ်ပြဲခြင်း၊ ဝမ်းခေါင်းသွေးသွန်ခြင်းစသည့် သေစေလောက်သည့် ဒဏ်ရာများ ရရှိခဲ့ခြင်းကြောင့် လူသတ်မှု ကျူးလွန်ကြောင်း ထင်ရှားခဲ့သဖြင့် ပြစ်မှုပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်သင့်သည်ဟု လျှောက်လဲချက်ပေးခဲ့သည်။

မင်းအုပ်စိုး၏ ရှေ့နေက တရားစွဲခံရသူတွင် လုံးဝအပြစ်မရှိပါဟု တင်ပြလိုသည့် ရည်ရွယ်ချက် မရှိဘဲ အမှုအတွက် ကိုမင်းအုပ်စိုးတွင် မည်မျှတာဝန်ရှိသည်ကို ဖြေရှင်းသွားရန်ရှိပြီး ပြစ်မှုပုဒ်မ ၃၀၂(၂) ဖြင့် စွဲချက်တင်မည်ဆိုပါက ဖြေရှင်းရန် တာဝန်ရှိသည်ဟု လျှောက်လဲချက်ပေးခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ်ကွက်၊ ဖိုးစိန်လမ်းတွင် ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်၌ သရပါ မဂ္ဂဇင်းအယ်ဒီတာ မနုနုရင်(ခ) တေးနုရင်ကို လူမှုရေးကိစ္စမေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုး ထိုးကြိတ်ရိုက်နှက်ခဲ့ရာ မှ မနုနုရင် သေဆုံးခဲ့၍ ဗဟန်းမြို့မ ရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလို ပြုတိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင်(ခ)တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေသည်မှာ ၇ နှစ်ခန့် ရှိနေပြီဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါ မဂ္ဂဇင်းတိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်း ဖောင်ပိတ် သည့်ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူ တစ်ဦးဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မ ရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်းခရိုင် တရားရုံး၊ တွဲဖက်ခရိုင် တရားသူကြီး (၃)က ပြစ်မှုကြီးပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ လာမည့်ဇွန် ၁၀ ရက်တွင် စွဲချက်တင် အမိန့်ချမှတ်မည် ဖြစ်သည်။

No comments: