စံမောင်သန်း
မန်မာနိုင်ငံမှ ကယ်တင်ခဲ့သော ဘင်္ဂလီ ရေမျောကမ်းတင် လှေစီး ဘင်္ဂလီများအား ရခိုင်ပြည်နယ် တွင် စုပုံနေရာ ချထားခြင်းနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်မှ မြို့ ၉ မြို့တွင် ဇွန်လ ၁၄ ရက်နေ့က တစ်ပြိုင်တည်း ဆန္ဒပြခဲ့ကြသည်ဟု သတင်း ရရှိသည်။
ဆန္ဒပြကန့်ကွက်ခဲ့သော မြို့များမှာ မောင်တော၊ဘူးသီးတောင်၊ စစ်တွေ၊ ပုဏ္ဍားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့တို့တွင် ဖြစ်သည်။
စစ်တွေမြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲကို စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များက ဦးဆောင်ဦးရွက် ပြုလုပ်ကာ စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ၊ ရခိုင်အမျိုးသားပါတီမှ ခေါင်းဆောင်တစ်ချို့နှင့် ရခိုင်ပြည်သူတို့ ပူးပေါင်းဆန္ဒပြခဲ့ကြသည်။
“လွန်ခဲ့တဲ့ သုံးနှစ်ကတည်းက ဘင်္ဂလီကုလား အရှုပ်အထုပ်တွေနဲ့ ရခိုင်ပြည်ဟာ ပြည်ထောင်စုထဲမှာ အောက်အကျအဆုံး၊ ပညာရေးမှာ အောက်ဆုံးကို ရောက်ရှိသွားပါတယ်။ အောက်အကျဆုံးဖြစ်နေတဲ့ ကိုယ့်ပြည်နယ်က အရှုပ်အထုပ်ကို ဘယ်လိုမှ ဖြေရှင်းလို့မရနိုင်သေးတဲ့ကာလမှာ လှေစီးပြေးဘင်္ဂလီအရေးက ထပ်ပြီးအပူကပ်လာတာကို မကျေနပ်လို့ ဆန္ဒပြရခြင်း ဖြစ်ပါတယ်”ဟု ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က ဆန္ဒပြရခြင်း အကြောင်းအရင်းနှင့်ပတ်သက်ပြီး ဆန္ဒပြလူထုကို ပြောကြားခဲ့သည်။
ပြည်ထောင်စုကြီးတစ်ရပ်လုံး၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသည့် ဤဘင်္ဂလီကိစ္စသည် ရခိုင်ပြည်၌ မဖြေရှင်းနိုင်ရုံမကဘဲ နိုင်ငံတကာဖိအားကို အကြောင်းပြကြသည်။ မလေးရှားမှ မဟာသီယာက လူမျိုးတုန်း သတ်ဖြတ်နေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲကာ မြန်မာနိုင်ငံ အာစီယံကထွက်ပါဟုဆိုပြီး ပြောကြားလာသည်။ အာစီယံ၌ ပြည်တွင်းကိစ္စ ၀င်မစွက်ဖက်ရဆိုပြီး မူရှိပြီးသားဖြစ်သည်။ သို့သော် မူဆလင်အရေးနှင့် ပတ်သက်လာလျှင် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကိုတောင် ၀င်ရောက် စွက်ဖက်လာကြသည်ဟု ဒေါ်အေးနုစိန်က ပြောသည်။
“နောက်တစ်ခါ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံက သမ္မတအိုဘားမားကတောင် ကျွန်တော်သာ ရိုဟင်ဂျာ တစ်ဦးဖြစ်ခဲ့ရင် ကိုယ့်နေရပ်ရင်းကို ပြန်ချင်ပါတယ်တဲ့။ ဘယ်တစ်ယောက်က ပြောကြပါသလဲ။ ဘင်္ဂလားဒေ့ခ်ျနိုင်ငံသားဆိုပြီး ပြောနေတဲ့ကြားထဲက မဟုတ်တဲ့ စကားလုံးတွေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံကို ဖိစီးနှိပ်စက်လာကြတယ်။ နိုင်ငံ့ခေါင်းဆောင်တွေက မြန်မာနိုင်ငံဟာ ဘင်္ဂလီတွေအတွက် အမှိုက်ပုံ မဟုတ်ဘူးလို့ တုန့်ပြန်လိုက်တဲ့အတွက် ကျွန်မတို့က ၀မ်းသာအားရ ကြိုဆိုခဲ့ကြပါတယ်။ ယခု ရခိုင်ပြည်ကို ဘင်္ဂလီတွေရဲ့ အမှိုက်ပုံလိုသဘောထားပြီး ရခိုင်ပြည်ပြင်ပက ဖမ်းဆီးမိတဲ့ ဘင်္ဂလီတွေကိုတောင် ရခိုင်ပြည်ထဲခေါ်သွင်းလာကြတယ်။ ဒါတွေကို မကျေနပ်တဲ့အတွက် ဆန္ဒဖေါ်ထုတ်ရခြင်း ဖြစ်ပါတယ်”ဟု သူမကပြောသည်။
ဆန္ဒပြပွဲကို စစ်တွေမြို့ဝင်္ကဘာကွင်းမှ စတင်ပြီး ဦးဥတ္တမလမ်း၊ မင်းဘာကြီးလမ်း၊ ကုန်သည်လမ်း၊ လမ်းမကြီး၊ စက်ရုံစုလမ်းတိုင်း ချီတက်ပြီး ၀င်္ကဘာကွင်းတွင် ပြန်လည်စုရုံခဲ့ကြသည်။
“ယခုလိုမအားလပ်တဲ့ကြားထဲက မိုးထဲလေထဲမှာ ရခိုင်အမျိုးသားစိတ် အားတကြီးနဲ့ အဖွဲ့အစည်းအသီးသီးနဲ့ မာရမာကြီးတိုင်းရင်းသားများ လူမှုရေးအသင်း၊ ဟိန္ဒူတိုင်းရင်းသားများ လူမှုရေးအသင်း၊ ခမီတိုင်းရင်းသားများအသင်း၊ စတဲ့ ၀င်ရောက်အားပေးကြတဲ့ ပုဂ္ဂိုလ်တွေက လှေစီးပြီး ဒုက္ခသည်အယောင်ဆောင်ပြီးတော့ UNHCR နဲ့ နိုင်ငံတကာနဲ့ပေါင်းပြီးတော့ ငိုပြနေတဲ့သူတွေကို ရခိုင်မြေပေါ်မှာ ထားရှိတာကို ဆန့်ကျင်ကြောင်း ဆန္ဒပြတဲ့အတွက် ဆန္ဒပြသူတွေကို ဆန္ဒပြကော်မတီ ကိုယ်စား အထူးကျေးဇူးတင်ရှိပါတယ်”ဟု ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦး ဖြစ်သူ ဦးအောင်ဌေးကပြောသည်။
ဆန္ဒပြပွဲတွင် (၁) ငြိမ်းချမ်းရေး ရခိုင်ပြည်ကြီးငြိမ်းချမ်းရေး၊ (၂) ငြိမ်းချမ်းရေး ပြည်ထောင်စုကြီးငြိမ်းချမ်းရေး၊ (၃) ရခိုင်တွေပိုင်တဲ့ ရခိုင်မြေ ဘင်္ဂလီအထုပ် လာမရှုပ်နဲ့၊ (၄) ရေမျှောကမ်းတင်ဘင်္ဂလီများ ရခိုင်လူမျိုးနဲ့ လုံးမဆိုင်ဘူး၊ (၅) ပြည်တွင်းခိုးဝင် ဘင်္ဂလီအရေး ပြည်ထောင်စုကပြတ်သားပါ၊ (၆) ရခိုင်ပြည်က ပြဿနာ ပြည်ထောင်စုမှာ တာဝန်မရှိလား၊ (၇) ဘင်္ဂလီကိစ္စဖြစ်တိုင်းမှာ ရခိုင်ပြည်ကို ပုံမချနဲ့၊ (၈) INGO/NGO အမှန်တရားကို လေးစားပါ၊ (၉) ပြည်တွင်းပြည်ပ မီဒီယာ အမှန်တရားကို ဖေါ်ပြပါ၊ (၁၀) အမျိုး ဘာသာ ပြည်စောင့်ထား၊ ရခိုင်သားကို လာမစမ်းနဲ့ စသည့်ကြွေးကြော်သံများဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။
စစ်တွေမြို့နှင့် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြပွဲသို့ ဦးပါမောက္ခ၊ ဦးဝီရသူတို့ထံမှ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။
ဦးပါမောက္ခ၏ သ၀ဏ်လွှာတွင် “ကမ္ဘာတည်သရွေ့ ရခိုင်လူမျိုးတည်ရှိစေရမည်”၊ “ကမ္ဘာတည်သရွေ့ ဗုဒ္ဓဘာသာ တည်ရှိစေရမည်”ဟု ပါရှိကြောင်းသိရသည်။
ဆန္ဒပြသူများအထဲတွင် အသက် ၇၇ အရွယ် ဒေါ်ခိုင်ဇံဖြူ၊ ဦးကျော် အသက် ၇၆ နှစ်နှင့် သက်တော် ၇၉ နှစ်အရွယ်ရှိ ဆရာတော်ဦးပညာဝံသတို့ကလည်း ၀င်ရောက်ဆန္ဒပြခဲ့ကြသည်။
“ကိုယ့်ရခိုင်ပြည်ကိုချစ်လို့ ဆန္ဒလာပြတာပါ။ ၂၀၀၁ -ခုနှစ်က ကုလား-ရခိုင်အဓိကရုဏ်းမှာ ကုလားတွေရဲ့ စွပ်စွဲချက်တွေနဲ့ ဦးဇင်း ထောင် ၂၂ နှစ်အချခံခဲ့ရပါတယ်။ ၃ နှစ် ၄လ ထောင်ကျခံခဲ့ရပြီး လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ လွတ်မြောက်လာခဲ့ပါတယ်။ ဒီဘင်္ဂလီတွေဟာ အခုထိလည်း ရခိုင်ပြည်ကို ဒုက္ခပေးတုန်းပါပဲ။ ဒီလိုဒုက္ခပေးနေတဲ့သူတွေကို မလိုလာဘူးဆိုတာကို ဆန္ဒလာပြတာပါ”ဟု ဦးပညာဝံသက နိရဉ္စရာသတင်းဌာနသို့ပြောသည်။
ဇွန်လ ၁၄ ရက်နေ့ စစ်တွေမြို့ဆန္ဒပြပွဲတွင် ရဟန်းသံဃာတော်များ၊ သီလရှင်များ၊ လူမှုအဖွဲ့အစည်းများ၊ ရခိုင်အမျိုးသားပါတီမှခေါင်းဆောင်များ၊ ကျောင်းသူ ကျောင်းသားများနှင့် မြို့သူမြို့သား ၂၀၀၀ ခန့် ပါဝင်ဆန္ဒပြခဲ့ကြောင်း သိရသည်။
ဆန္ဒပြပွဲကို မွန်းလွဲ တစ်နာရီခန့်တွင် စတင်ပြီး ၃ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

No comments:
Post a Comment