မောင်သင်တုန်း
ပင်လယ်ပြင်တွင် ရွှေ့ပြောင်းသွားလာနေသော လှေစီးဒုက္ခသည်များကို မြန်မာနိုင်ငံသားများဟု ပြောဆိုနေသူများသည် စဉ်းစားဆင်ခြင်ခြင်း မရှိသူများဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇွန် ၈ ရက်က အမျိုးသားလွှတ်တော်တွင် ပြောသည်။
၎င်းက “မြန်မာနိုင်ငံအပေါ်ကို ပုံချတယ်ဆိုတဲ့ ကိစ္စက ဒီလိုပြောတဲ့ သူတွေက အဆင်ခြင် ကင်းမဲ့ပြီးတော့ အကျိုးအကြောင်း ဆီလျော်စွာ စဉ်းစားဆင်ခြင်ခြင်း မရှိဘဲ ပြောနေတဲ့ သူတွေဖြစ်ကြောင်း ကျွန်တော် အတိအလင်းပြောပါတယ်” ဟု ပြောသည်။
“ဒီနေ့ဖြစ်တာကတော့ ငတ်မွတ်ခေါင်းပါးလွန်းလို့ ထွက်ပြေးကြတဲ့ သဘောဖြစ်တယ်။ ဒါကြောင့် တစ်ကြိမ်ချင်း ရှင်းလို့မရဘူး။ ပြဿနာရဲ့ ရင်းမြစ်ကို ရှာပြီး ဝိုင်းဝန်းဆွေးနွေးမှ ရမယ်။ ဒီလူတွေ ရှင်းလိုက်ရင်လည်း နောက်ထပ်ပေါ်လာမှာပဲ။ ဒါမျိုးဟာ စိုးရိမ်စရာ မဟုတ်ဘူး။ အဲ့တော့ ဒီလိုဖြစ်တဲ့ ကိစ္စမျိုးမှာ ရောက်ရာအရပ်မှာ မြန်မာလို့ ပြောခိုင်းနေတာ ဘယ်သူ့ရဲ့ မဟာဗျူဟာလဲ။ ဘယ်သူ့ရဲ့ အစီအမံလဲ ဒါပါစဉ်းစားဖို့လိုတယ်” ဟုလည်း ၎င်းက ဆက်ပြောသည်။
ဇွန် ၈ ရက်က အမျိုးသားလွှတ်တော်တွင် လှေစီး ရွှေ့ပြောင်းသူများနှင့် ပတ်သက်၍ ပြတ်သားသော မူဝါဒချမှတ် ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း အရေးတကြီး အဆိုကို လွှတ်တော်ကိုယ်စားလှယ် လေးဦး ထောက်ခံဆွေးနွေးပြီး လျှို့ဝှက် မဲခွဲဆုံးဖြတ်ကာ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
လတ်တလောတွင် နိုင်ငံခြားရေး ဝန်ကြီးဌာနက လှေစီးဒုက္ခသည်များကို လူသားချင်း စာနာထောက်ထားမှု ရှုထောင့်မှ ကယ်တင်ရန်၊ အစားအသောက် ဆေးဝါး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးနေသော်လည်း မြန်မာနိုင်ငံ၏ အနေအထားအရ ရေရှည်ဆောင်ရွက်ပေးနိုင်ရန် အခက်အခဲ ရှိနိုင်သည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးသည်။
“မြန်မာနိုင်ငံအနေနဲ့ ယခုလို လက်ခံမှုကိစ္စရပ်တွေကို အတိုင်းအတာတစ်ခုအထိသာ ဆောင်ရွက်နိုင် မှာ ဖြစ်ပါတယ်။ လူမှောင်ခိုမှု ကိစ္စများ ရပ်စေရန် အစွမ်းကုန်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်က လွှတ်တော်တွင် ပြောသည်။
လူမှောင်ခိုကူးမှုနှင့် တရားမဝင်ရွှေ့ပြောင်းသွားလာမှုများ တားဆီးသည့် လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိပြီး မိမိနိုင်ငံ၏ ရေပြင်ပိုင်နက်အတွင်း တရားမဝင် ဖြတ်သန်းသွားလာမှု မရှိစေရေး တပ်မတော်(ရေ)နှင့် တပ်မတော် (လေ)မှ ရေပြင်အတွင်း ပုံမှန်ကင်းလှည့် ရှာဖွေမှုများ ပြုလုပ်လျက်ရှိသည်ဟုလည်း ၎င်းက လွှတ်တော်တွင် ဖြေကြားသည်။
ဒုတိယအကြိမ် ဖမ်းဆီးမိသည့် ၇၃၄ ဦးပါ လှေစီးထွက်ပြေးသူများထဲမှ အမျိုးသမီးနှင့် ကလေး ၁၈ ဦး အပါအဝင် ၃၃၀ ဦး ကို ပထမအကြိမ် စိစစ်ခဲ့သည်ဟု ဆိုသည်။ မြန်မာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့်အဖွဲ့၊ ဘင်္ဂလားဒေ့ရှ် သံရုံး ကောင်စစ်ဝန်ချူပ်ရုံး ကိုယ်စားလှယ်အဖွဲ့များနှင့်အတူ ဇွန် ၆ ရက်နှင့် ၇ ရက်များတွင် စိစစ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ နိုင်ငံတကာ အသိုက်အဝန်းအတွင်းမှာ နေကြတဲ့ နိုင်ငံတစ်ခု၊ အများရဲ့ အာရုံစိုက်ခံနေရတဲ့ အခြေအနေမှာ တာဝန်သိတဲ့၊ သိက္ခာရှိတဲ့ နိုင်ငံတစ်နိုင်ငံအနေနဲ့ မိမိနိုင်ငံရဲ့ တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်း များ မိမိပါဝင်ထားတဲ့ နိုင်ငံတကာ သဘောတူညီချက်များ မူဘောင်အတွင်း ဆောင်ရွက်ခြင်းက မိမိနိုင်ငံအပေါ် မလိုလားအပ်တဲ့ ပြစ်တင်စွပ်စွဲမှုများမှ ကာကွယ်ဖို့ ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးသန့်ကျော်က လွှတ်တော်တွင် ပြောသည်။
No comments:
Post a Comment