Friday, June 26, 2015

ကိုးကန့်ဒေသကို အစိုးရတပ်များ ဆက်လက်တိုက်ခိုက်နေ

နော်နိုရင်း

ဦးဖုန်ကျားရှင်ခေါင်းဆောင်တဲ့ ကိုးကန့်တပ်မတော် (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) က တဖက်သတ် စစ်ရပ်စဲကြောင်း ကြေညာခဲ့ပေမယ့် အခုချိန်ထိ ကိုးကန့် ဒေသကိုအစိုးရတပ်တွေက ဆက်လက် တိုက်ခိုက်နေဆဲပဲလို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

တဖက်သတ် အပစ်ရပ်ကြောင်း ကြေညာပြီးတဲ့နောက်ပိုင်း ကိုးကန့်ဒေသမှာ တိုက်ပွဲကြီးတွေ ဖြစ်ပွားမှု လျော့ကျလာပေမယ့် အစိုးရတပ်ဘက်ကတော့ နေ့စဉ်လိုလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“တိုက်ပွဲ သီးသန့်တော့ မထိုးဘူး။ ဒါပေမယ့် လက်နက်ကြီးနဲ့ လှမ်းလှမ်းပြီး ပစ်နေတယ်။ နေ့တိုင်းလိုလိုပဲ။ ဒါပေမယ့် ခတ်ကျဲကျဲလေးပါ။”

ကိုးကန့်တပ်မတော်အနေနဲ့ မိမိကိုယ်ကို ကာကွယ်ခြင်းမှအပ အစိုးရတပ်တွေကို တိုက်တော့မှာ မဟုတ်ဘဲ တဖက်သတ် စစ်ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ဇွန်လ ၁၀ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ကိုးကန့်ဘက်က အပစ်ရပ်ကြောင်း ကြေညာပြီးနောက်မှာ အစိုးရဘက်က ကိုးကန့်တပ်ဘက်ကို ငြိမ်းချမ်းရေး ကမ်းလှမ်းမှုတွေ ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ပေမယ့် အစိုးရဘက် တရားဝင် ကမ်းလှမ်းတာ မရှိဘူးလို့လည်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။

“မရှိပါဘူး။ ကျနော်လည်း မတွေ့ရဘူးဗျာ။ ကျနော့်ဆီကို တိုက်ရိုက်ကမ်းလှမ်းတာ မရှိပါဘူး။ ကျနော်တို့ အဖွဲ့အစည်းဆီကိုလည်း ကမ်းလှမ်းတာ မရှိဘူးဗျာ။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစလို့ ကိုးကန့်ဒေသမှာ ကိုးကန့်တပ်မတော် (မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်) နဲ့ မြန်မာအစိုးရ စစ်တပ်တွေအကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တာ ၄ လကျော်ကြာရှိနေပြီဖြစ်ပြီး ဒီတိုက်ပွဲတွေကြောင့် နှစ်ဘက် အကျအဆုံး အများအပြား ရှိခဲ့ပါတယ်။

No comments: