Monday, June 15, 2015

ဒေသခံမဟုတ်သောလွှတ်တော်ကိုယ်စားလှယ်အလိုမရှိဟုဆိုကာ ရသေ့တောင်လူထု ဆန္ဒပြ

မာန်ယုကျော် (ရွှေဝမြေ)

ဒသခံမဟုတ်သောလွှတ်တော်ကိုယ်စားလှယ်များအား အလိုမရှိဟုဆိုကာ ရသေ့တောင်လူထုက ဇွန်လ ၇ ရက်နေ့တွင် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဒေသအာဏာပိုင်၏တရားဝင်ခွင့်ပြုချက်ဖြင့်ပြုလုပ်ခဲ့သောယင်းဆန္ဒပြပွဲကို ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲမှစတင်ကာ ရသေ့တောင်မြို့နယ်အချို့မှ ရခိုင်အမျိုးသားပါတီဝင်များက ရသေ့တောင်မြို့၊ စေတီတောင်ဘုရားရင်ပြင်မှ သင်္ဘောဆိပ်အထိလမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြခြင်းဖြစ်ကြောင်း ဆန္ဒပြသူများက ဆိုသည်။

လာမည့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရခိုင်အမျိုးသားပါတီ၏ ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ဒေသခံများသာဖြစ်သင့်သည်ဟုဆိုကာ ယခုကဲ့သို့ဆန္ဒပြရခြင်းဖြစ်ကြောင်း ဆန္ဒပြဦးဆောင်လှုပ်ရှားသူများက ဆိုသည်။

“အဓိက ဒေသခံတွေပဲ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးအတွက် အခုလို ဆန္ဒပြရတာပါ။ အခုရွေးချယ်လိုက်တဲ့ ဦးဘိုးမင်းက ဒေသခံမဟုတ်ဘူး။ ဒေသအကျိုးကိုလည်း ဘာမှမလုပ်ပေးဘူး။ ဘူးသီးတောင်မြို့နယ်သား၊ စစ်တွေမှာနေတယ်။ ရွေးကောက်ပွဲနီးမှ ဒီကိုလာတယ်။ မက်လုံးတွေအမျိုးမျိုးပေးပြီး မဲဆွယ်တယ်”ဟု ဆန္ဒပြဦးဆောင်လှုပ်ရှားသူတစ်ဦးဖြစ်သူ ဦးမောင်အေးလှိုင်က ပြောသည်။

ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ရန် ရခိုင်အမျိုးသားပါတီတွင်းတွင် ဦးဘိုးမင်း၊ ဦးကိုကိုမောင်နှင့် ဦးသိန်းမောင်တို့ ၃ ဦးယှဉ်ပြိုင်ခဲ့ရကြောင်း သိရသည်။ ယင်းသို့ယှဉ်ပြိုင်ရာတွင် ဦးဘိုးမင်းက ၁၃၂ မဲ၊ ဦးကိုကိုမောင်က ၅၁ မဲနှင့် ဦးသိန်းမောင်က ၃၂ ဖြင့် ဦးဘိုးမင်းက အနိုင်ရရှိသွားခဲ့ခြင်းဖြစ်သည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဘိုးမင်းက တုန့်ပြန်ပြောကြားရာတွင် ဒေသအကျိုးကိုမလုပ်ပေးဆိုခြင်းမှာ မြို့ပေါ်လူထုကမြင်ခြင်းသာဖြစ်ပြီး နယ်မှလူထုက ဒေသအကျိုးအတွက်အလုပ်ပေးသည်ဟု သူ့အပေါ်အမြင်သဘောထား၍လည်း သူ့အနေဖြင့် မဲအများဆုံးရခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“နယ်ကလူတွေက ကျနော့်ကို အလုပ်လုပ်တယ်ဆိုတာတော့ အဲဒီမဲက သက်သေပြနေတယ်လေ။ မြို့ကလူတွေက မကျေနပ်တာ”ဟု ဦးဘိုးမင်းက ဆိုသည်။



ယခုကဲ့သို့ သူ့အပေါ်ဆန္ဒပြခြင်းကို မြို့နယ်ပါတီခေါင်းဆောင်များဦးဆောင်ပြုလုပ်သည်ဟုယူဆရပြီး ယခုကိစ္စနှင့်ပတ်သက်ပြီး နောက်ပိုင်းတွင် ပါတီဗဟိုကိုတိုင်ကြားကာ ဆန္ဒပြဦးဆောင်သူများကို အရေးယူသင့်လျှင် အရေးယူသွားရမည်ဟုလည်း ဦးဘိုးမင်းက သူ၏အမြင်ကိုပြောသည်။

ယင်းသို့အနိုင်ရရှိရန် ဦးဘိုးမင်းအနေဖြင့် မဲဆွယ်စည်းရုံးရာတွင် မြို့နယ်ပါတီဝင်များအား မဲတစ်ပြားကို ငွေကျပ် ၃ သောင်းပေး၍ မဲဆွယ်စည်းရုံးခဲ့သည့်အထောက်အထားများတွေ့ရှိရကြောင်းလည်း ရသေ့တောင်မြို့နယ် ရခိုင်အမျိုးသားပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။

“မြို့နယ်က နားမလည်တဲ့ပါတီဝင်တွေကို တစ်ယောက်ကို မဲတစ်ပြား ၃ သောင်းပေးပြီးတော့ ငါ့ကိုပဲမဲထည့်ကြ၊ ကိုကိုမောင်ကို မဲမထည့်ရဘူး။ ကိုကိုမောင်မဲနိုင်သွားရင် မင်းတို့ကို တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့သူတွေက မဲပေးပြီး နောက်တစ်နေ့မှ ကျနော့်ကိုလာပြောကြတာတွေရှိတယ်။ ဒါက မတရားဘူး”ဟု ယင်းက ဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ဦးဘိုးမင်းက “မဲဝယ်တာ ကျနော့်အနေနဲ့လုံးဝမရှိဘူး။ကျနော့်အနေနဲ့ အဲလိုမဲဝယ်နိုင်လောက်အောင်အထိ ချမ်းသာတဲ့အဆင့်လည်းမဟုတ်ပါ။ဒါကို လူတိုင်းသိတယ်၊ ပါတီတွင်းမှာလည်းရှိတယ်။ ဝယ်တာဟာ ကျနော်မဟုတ်။တခြားပုဂ္ဂိုလ်တွေဝယ်ကောင်းဝယ်နိုင်တယ်။ အဲဒီမှာ ကုမ္ပဏီရှင်တွေပါလာတယ်။အခု ကျနော်နဲ့ပြိုင်တာလည်း ကုမ္ပဏီတွေပဲ။ သူတို့ပဲဝယ်နိုင်တယ်။သူတို့ဝယ်တာကိုပဲ ကျနော့်ကို လက်ညိုးထိုးတာလို့ထင်တယ်”ဟု ဆိုသည်။

ဒေသခံများသာလွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေးအတွက် ဇွန်လ ၈ ရက်နေ့ကပြုလုပ်ခဲ့သည့်ဆန္ဒပြပွဲတွင် လူထုအင်အား ၂ဝဝ ခန့်ပါဝင်ခဲ့ကြကြောင်းလည်း မြို့ခံများက ပြေသည်။

No comments: