ခင်ဦးသာ
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသတွင် အခြေစိုက် လုပ်ကိုင်နေသည့် ကိုရီးယား ဒေ၀ူးကုမ္ပဏီ၏ စီမံကိန်းများကြောင့် ပျက်စီးသွားသော လယ်ယာမြေများကို တာဝန်ယူ ဖြေရှင်းပေးရန် ဒေသခံ လယ်သမားများက ယနေ့ ဆန္ဒပြ တောင်းဆိုကြောင်း သိရသည်။
ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် သဘာဝဓာတ်ငွေ့ သန့်စင်စက်ရုံတို့နှင့်ဆက်စပ်သည့် လုပ်ငန်းများကြောင့် လယ်ဧက ရာချီပြီး ရွှံ့မြေများ ဖုံးလွှမ်းသွားသဖြင့် စပါးမစိုက်ပျိုးနိုင်တော့ကြောင်း၊ ထို့ကြောင့် ရွှံ့များ ဖယ်ရှား၍ လယ်ယာလုပ်ငန်း အချိန်မီ လုပ်ကိုင်နိုင် ရန် ဒေသခံ လယ်သမား ၃၀၀ ၀န်းကျင်က ဆန္ဒပြ တောင်းဆိုခြင်း ဖြစ်ကြောင်း ထိုဆန္ဒပြပွဲ ဦးဆောင်သူ ဦးဝေခင်က ဧရာဝတီကို ပြောသည်။
ဓာတ်ငွေ့သန့်စင် စက်ရုံမှ စွန့်ပစ်ရေပိုက်လိုင်းနှင့် စက်ရုံသို့ရေပေးပို့သည့် ပိုက်လိုင်းများ ဖြတ်သန်းရာ လမ်းတလျှောက်ရှိ လယ်ယာ မြေများအားလုံး ရွှံ့ရည်များ ဖုံးလွှမ်းသွားကြောင်း၊ ထိုရွှံ့မြေများကို ဖယ်ရှားပေးမည်ဟု စက်ရုံဘက်က ပြောဆိုသော်လည်း လက်ရှိအချိန်အထိ လုပ်ကိုင်ပေးခြင်း မရှိသေးကြောင်း ဒေသခံတချို့ကလည်း ပြောပြသည်။
“ပျက်စီးသွားတဲ့ လယ်မြေကိစ္စ ဖြေရှင်းပေးဖို့ ဆွေးနွေးတာ ၁၀ ကြိမ် ရှိပါပြီ၊ ဒါပေမယ့် အဆင်မပြေသေးဘူး။ ရွှံ့တွေဖုံးနေတဲ့ လယ် တွေကို ကျနော်တို့ လယ်သမားတွေ ကိုယ်တိုင်ပြုပြင်ပြီးတော့ အချိန်မီ စပါးစိုက်ပျိုးချင်ကြတယ်”ဟု ဦးဝေခင်က ဆိုသည်။
ဒေသခံများက ပျက်စီးသွားသည့် လယ်မြေ တဧကလျှင် ကျပ် ၁၅ သိန်း နစ်နာကြေးပေးရန် တောင်းဆိုနေကြကြောင်း၊ သို့သော် ဒေ၀ူး ကုမ္ပဏီက လယ်သမားများအား ၁၅ သိန်း မပေးဘဲ ကြားခံကန်ထရိုက် ကုမ္ပဏ်ီကို ငှားရမ်း၍ ရွှံ့မြေများကို ဖယ်ရှားရန် ဆောင်ရွက်သည်ကို ဒေသခံများက မကျေနပ်ကြသဖြင့် ဆန္ဒထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ တောင်းဆိုမှုကို တပတ်အတွင်း လိုက်လျောမပေးပါက သပိတ်စခန်းဖွင့်၍ ဆက်လက် ဆန္ဒထုတ်ဖော်သွားမည်ဟု ဦးဝေခင်က ဆက်ပြောသည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပို့ဆောင်မည့် ကျောက်ဖြူဒေသ၌ တည်ဆောက်ထားသည့် ရေနံပိုက်လိုင်း၊ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းနှင့် ဓာတ်ငွေ့သန့်စင် စက်ရုံ စီမံကိန်းများကို ၂၀၁၀ ပြည့်နှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ပြီးစီးလည်ပတ်ပြီ ဖြစ်သည်။
ဒေ၀ူး ကုမ္ပဏီသည် ကျောက်ဖြူ ဒေသရှိ တရုတ်စီမံကိန်းများ၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် အဓိက ဆောင်ရွက်ပေး နေ သည့် ကုမ္ပဏီလည်း ဖြစ်သည်။
ကျောက်ဖြူ ဒေသရှိ စီမံကိန်းများကြောင့် ဒေသခံများ၏ လယ်မြေဧက အများအပြား သိမ်းယူခံရခြင်း၊ ပျက်စီးသွားခြင်းများ ရှိခဲ့သော်လည်း ထိုက်တန်သည့် နစ်နာကြေး မရကြသည့် အပြင် ဒေသခံ အများစု အလုပ်လက်မဲ့ ဖြစ်ခြင်း စသည့် လူမှုပြဿနာများနှင့် ကြုံတွေ့နေကြရကြောင်း ကျောက်ဖြူ ဒေသခံများက ပြောသည်။

No comments:
Post a Comment