Friday, June 26, 2015

ဗုဒ္ဓဘာသာဆိုင်ရာ ရေဒီယို FM လိုင်းတခု မဘသ တည်ထောင်မည်

မေစစ်ပိုင်

ဗုဒ္ဓဘာသာ ပြန့်ပွားရေးနှင့် ဆရာတော်ကြီးများ၏ သြဝါဒများကို ၂၄ နာရီ နားဆင်နိုင်မည့် ရေဒီယို FM လိုင်းကို အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး ကော်မတီ(မဘသ) က တည်ထောင်မည်ဖြစ်ကြောင်း သိရသည်။

၂၄ နာရီ နားဆင်နိုင်မည့် ရေဒီယို FM လိုင်း တည်ထောင်ရန်အတွက် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ကော်မတီ အဖွဲ့သို့ ထိုင်းနိုင်ငံ လူငယ်ဗုဒ္ဓဘာသာ အသင်းက ကျပ်သန်း ၄၀ ကျော် တန်ဖိုးရှိ စက်ပစ္စည်းနှင့် နည်းပညာများ ကူညီပံပိုး ပေးသွားမည် ဖြစ်သည်ဟု သိရှိရသည်။

မ.ဘ.သ ဗဟို ဦးဆောင် ကော်မတီ ဆရာတော် ဒေါက်တာသောပါက က “ သူတို့က စက်ပစ္စည်းတွေ လှူဒါန်းမှာ ဖြစ်ပါ တယ်။ လတ်တလောမှာတော့ နေရာနဲ့ ခွင့်ပြုချက် ကိစ္စတွေကို အရင် ဆောင်ရွက်ရမှာပေါ့။ အဲဒါတွေ ပြီးစီးမှပဲ ရေဒီယို လိုင်း ကိစ္စ ဆက်လုပ်ဖို့ကို ပြောလို့ရမယ်” ဟု မိန့်ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် လူငယ်ဗုဒ္ဓဘာသာ အသင်း ဥက္ကဋ္ဌ Dr. PornchaiPinyapong က “ဆရာတော်ကြီးတွေရဲ့ သြဝါဒ တွေကို ၂၄ နာရီ နားဆင်နိုင်ဖို့ ဖြစ်ပါတယ်” ဟု ဇွန် ၂၀ နှင့် ၂၁ ရက်က ပြုလုပ်ခဲ့သည့် ၂ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ မ.ဘ.သ ဗဟို၏ နှစ်ပတ်လည် ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။

ဗုဒ္ဓဘာသာဆိုင်ရာ FM ရေဒီယိုလိုင်း ဖြစ်မြောက်ရန် ထိုင်းနိုင်ငံ အခြေစိုက် ဗုဒ္ဓဘာသာဆိုင်ရာ ရေးရာများကို အဓိက ထုတ် လွှင့် နေသည့် TBC News Agency (National Thai Buddhism and Culture Mass Media Association) က အကူ အညီ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် ကလေးသူငယ်များ ဗုဒ္ဓဘာသာအယူအဆများနှင့် ယဉ်ကျေးလိမ္မာမှုများ ရှိလာစေရန် ရည်ရွယ်၍ အမျိုး ဘာသာ သာ သနာ စောင့်ရှောက်ရေးအဖွဲ့က ဦးစီးပြီး ပုဂ္ဂလိက စာသင်ကျောင်းတကျောင်း ဆောက်လုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

“ဘုန်းတော်ကြီးသင် ပညာရေး စာသင်ကျောင်း ပုံစံမျိုး ဖြစ်မယ်။ အခုတော့ ပညာရေးဝန်ကြီး ဌာနရဲ့ ခွင့်ပြုချက်လည်း ရပြီး ပြီ။ မြေနေရာ ရှာနေပြီ။ ကလေးတွေကို ဗုဒ္ဓဘာသာနဲ့ ပတ်သက်တဲ့ အယူအဆတွေ၊ အသိပညာတွေနဲ့ ယဉ်ကျေးမှု ဓလေ့ တွေ ကို ရိုက်သွင်းမယ်” ဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။

ထိုပုဂ္ဂလိက စာသင်ကျောင်းကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် တည်ဆောက်မည်ဖြစ်ပြီး နိုင်ငံတကာ အဆင့်မီ စနစ်မျိုး ဖြစ်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အစိုးရ ကျောင်းသင်ခန်းစာများ အပါအဝင် ကွန်ပျုတာ သင်တန်းများပါ ပို့ချသင်ကြားသွားမည် ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါ စာသင်ကျောင်းတွင် ကျောင်းသားဦးရေကို ၂၀၀ မှ ၃၀၀ ဝန်းကျင်ခန့် လက်ခံသင်ကြား ပေးသွားမည်ဖြစ်ပြီး အလားတူ စာသင်ကျောင်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်သွားရန် ရည်ရွယ်ထားသည်ဟု ဆရာတော် ဦးပါမောက္ခက မိန့်ဆိုသည်။

မော်လမြိုင်မြို့ မြစေတီကျောင်းတိုက် ဆရာတော် ဘန္ဒတ ဝိမလဗုဒ္ဓိက “ မ.ဘ.သ စာသင်ကျောင်း ရန်ကုန်မှာ ဖွင့်မယ်။ ပုဂ္ဂလိက ကျောင်းပုံစံမျိုး ဖြစ်လာမယ်။ မ.ဘ.သ အဖွဲ့ကြီးက အခမဲ့ ဆေးခန်းတွေ၊ နာရေးကူညီမှု လုပ်ငန်းတွေလိုမျိုး ပရဟိတ လုပ်ငန်းတွေလည်း လုပ်ဖို့ရှိတယ်” ဟု မိန့်ကြားသည်။

မ.ဘ.သ ဆရာတော်များက ဗုဒ္ဓဘာသာဝင် လူငယ်များနှင့် တိုင်းပြည်၏နေရာ အသီးသီး၌ တာဝန်ယူနေသည့် ပုဂ္ဂိုလ် အများစုသည် ဘာသာရေးနှင့် ပတ်သက်သည့် အသုံးအနှုန်း၊ ဗဟုသုတနှင့် ပြောဆိုဆက်ဆံရာတွင် အားနည်းမှုများ ရှိ နေကြောင်း၊ ဘာသာရေးဆိုင်ရာ ကိစ္စများကို သင်ကြားပေးမည့် စာသင်ကျောင်းများ ပေါ်ပေါက်လာရန် လိုအပ်ကြောင်း၊ အနာဂတ် ပညာရေး အစီအစဉ်တွင် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးသည် အရေးကြီးသည်ဟု ထောက်ပြ ပြောဆိုသည်။

No comments: