Saturday, June 20, 2015

ဓလေ့ထုံးတမ်းစဉ်လာနှင့် ကိုက်ညီသည့် လယ်ယာမြေဥပဒေကြမ်း ပေါ်ထွက်လာရန် KNPP ဆွေးနွေး

ဖဲဘူး

ကယား(ကရင်နီ)ပြည်နယ် ဓလေ့ထုံးတမ်းစဉ်လာနှင့် ကိုက်ညီသည့် လယ်ယာမြေ ဥပဒေကြမ်း ပေါ်ထွက်လာနိုင်ရေး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွင် ထည့်သွင်းနိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

"အဓိက ကျနော်တို့လိုချင်တာတော့ ဒီ ကျနော်တို့ ကရင်နီပြည်မှာ ဒီမြေယာကိစ္စနဲ့ ပါတ်သက်ပြီးတော့ ကျနော်တို့ နဲ့ကိုက်ညီတဲ့ ဓလေ့ထုံးတမ်းကို ပြင်ဆင်နိုင်ဖို့ပေါ့။ ဥပဒေတခုဖြစ်မလား၊ မူပေါ်လစီတခု ဖြစ်မလားပေါ့" ဟု KNPP ဗဟိုကော်မတီဝင် ခူးပလူးရယ်က ဆိုသည်။

နိုင်ငံတော် အစိုးရမှ ထုတ်ပြန်ထားသော လယ်ယာမြေ အသုံးပြုမှု ဥပဒေကို တိုင်းရင်းသားဒေသရှိ ဓလေ့ထုံးတမ်းဥပဒေ နှင့်ကိုက် ညီရန် ပြင်ဆင်ဆောင်ရွက်နိုင်ရေး အတွက် ပထမဆုံးအကြိမ် ဆွေးနွေးပွဲတခုကို (KNPP) နှင့် နယ်စပ် လူမှု အသင်းအဖွဲ့ များက ဇွန်လ ၁၁ ရက်နေ့မှ ၁၃ ၇က်နေ့ အထိ လွိုင်ကော်မြို့ ချိကယ်ကျေးရွာ မော့ဒူဒီးဘိုး ခန်းမဆောင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ပြီးခဲ့သည့် မေလက အစိုးရထုတ်ပြန်ခဲ့သော ဆဌမ အကြိမ် လယ်ယာမြေဥပဒေ မူကြမ်းအပေါ် ဆွေးနွေးသုံးသပ်ခဲ့ကြကြောင်း သိရသည်။

၂၀၁၂ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် လယ်ယာမြေဥပဒေနှင့် မြေလွတ်၊ မြေလတ်၊ မြေရိုင်း ဥပဒေသည် တိုင်းရင်းသားဒေသဘက်များအတွက် အကျိုးတက်ရောက်မှု နည်းစေသည်ဟု မြန်မာနိုင်ငံ လယ်ယာမြေ ဥပဒေအကြောင်းကို သုတေသနပြုလုပ်ထားသည့် နိုင်ငံတကာ လူမှုအသင်းအဖွဲ့ Transnational Institute (TNI) မှ Tom Kramer ကပြောသည်။

၎င်းက “ဥပဒေ ၂ခုက တိုင်းရင်းသား လူမျိုးစုတွေအပေါ်မှာ အတော်လေးကို ဆိုးကျိုး တက်ရောက်စေတဲ့ ထိခိုက်မှုတွေကို ဖြစ်ပေါ်စေတယ်ပေါ့နော" ဟု ပြောသည်။

အစိုးရ၏ မြေလွတ်မြေရိုင်း ဥပဒေအရ အစိုးရထံ မှတ်ပုံတင်ထားခြင်းမရှိသော ဒေသခံများ၏ လယ်ယာမြေများကို အစိုးရက ကုမ္ပဏီထံသို့ ငှားရမ်းနိုင်ကြောင်း Tom Kramer ကဆိုသည်။

ယခင်က တိုင်းရင်းသားများ၏ ဓလေ့ ထုံးတမ်းများအရ လယ်ယာမြေများမှာ တရားဝင် မှတ်ပုံမထားသော်လည်း မြေပိုင်ဆိုင်ကြောင်း အသိမှတ်ပြုမှုများသာရှိခဲ့သည်။ ယခု တွင် အစိုးရထံ တရားဝင်မှတ်ပုံတင် ထားသူနှင့် ဓလေ့ထုံးတမ်းအရ ပိုင်ဆိုင်သူများအချင်းချင်းပဋိပက္ခ ဖြစ်ပွားလာနိုင်ကြောင်း ခူးပလူးရယ်က ဆိုသည်။

ထို့အပြင် အစိုးရ၏ လယ်ယာမြေ ဥပဒေအရ ဒေသခံများပိုင်ဆိုင်သော မြေယာများမှာ ရောင်းချပေါင်နှံ ၍ ရနေသည့်အတွက် ပြင်ပမှ ရင်းနှီးမြုပ်နှံသူများ ဝင်ရောက်လာပါက ဒေသခံများက မြေယာမဲ့ ဖြစ်သွားနိုင်သည့် အန္တာရာယ်ရှိကြောင်း ခူးပလူးရယ်က ဆက်ပြောသည်။

ယခု ပြုလုပ်သော ပထမဆုံးအကြိမ်ဆွေးနွေးပွဲမှ စ၍ တိုင်းရင်းသား ဓလေ့ထုံးတမ်းနှင့် ကိုက်ညီသော လယ်ယာမြေဥပဒေ သို့မဟုတ် ပေါ်လစီတခု ရရှိလာသည့်အထိ ဆွေးနွေးသွားမည်ဖြစ်ပြီး အစိုးရနှင့် တွေ့ဆုံသော နိုင်ငံရေးဆွေးနွေးပွဲတွင် ထည့်သွင်းတင်ပြ ဆွေးနွေးသွာမည်ဖြစ်ကြောင်း သိရသည်။

No comments: