Friday, June 26, 2015

Miss Universe Sittwe ပဏာမ ရွေးချယ်ပွဲပြုလုပ်

စံမောင်သန်း

ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော Miss Universe Sittwe မဏာမ ရွေးချယ်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ ဦးဥတ္တမခန်းမတွင် ဇွန်လ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများမှာ မအိမြတ်မွန် သံတွဲ ခါးနံပါတ် (၁) ၊ မမိစန္ဒာ စစ်တွေ (၂) ၊ မခင်ယုယုနွယ် ရသေ့တောင်(၃) ၊ မခင်မြတ်သူ စစ်တွေ (၄) ၊ မနှင်းမြတ်ဝေ စစ်တွေ (၅) ၊ မဟန်ဏီပိုပို စစ်တွေ (၆)၊ မရီရီကျော် စစ်တွေ (၇) ၊ မစုမြတ်အောင် စစ်တွေ (၈) ၊ မဖြိုးဖြိုးကျော် ကျောက်တော် (၉) ၊ မခင်ခင်ကြည် မင်းပြား (၁၀) ၊ မယဉ်ပိုပိုမြင့် ကျောက်ဖြူ (၁၁)၊ မယုယုသွယ်မြင့် စစ်တွေ (၁၂) ၊ မငြိမ်းအိအိကျော် ပုဏ္ဏားကျွန်း (၁၃) ၊ မတင်မီမီထွန်း ရမ်းဗြဲ (၁၄) ၊ မဆုမြတ်လှိုင် စစ်တွေ ခါးနံပတ် (၁၅) ၊ မချိုချိုထွန်း ရသေ့တောင် (၁၆) ၊ မအေးမြတ်နိုး မာန်အောင် (၁၇) ၊ မထက်ထက်အောင် တောင်ကုတ် (၁၈) နှင့် ပြိုင်ပွဲသို့ မရောက်ခဲ့သူ မစုနွယ် (၁၉) တို့ဖြစ်ကြောင်းသိရသည်။

“ပြိုင်ပွဲအတွက် မနေ့ကတည်းက အကြိုလေ့ကျင့်ထားတဲ့အတွက် တုန့်လှုပ်ခြင်းမရှိဘဲ အားလုံးအဆင်ပြေပါတယ်။ ဒီပွဲက စစ်တွေမှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တဲ့အတွက် ပြိုင်ပွဲဝင်တဲ့အခါတော့ အားနည်းချက်လေးတွေတော့ တွေ့ရပါတယ်။ ဒီလိုမျိုး ပွဲဖြစ်မြောက်အောင် စီစဉ်သူတွေကို အထူးကျေးဇူးတင်ရှိပါတယ်”ဟု စစ်တွေမှ တက္ကသိုလ်ကျောင်းသူ Zoology မှ မဟန်ဏီပိုပိုက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

၎င်းပဏာမ ရွေးချယ်ပွဲတွက် ရခိုင်ပြည်နယ် ၁၇ မြို့နယ်မှ မြို့နယ်တစ်ခုကို နှစ်ဦးကျစီ ကိုယ်စားပြုခေါ်ယူခဲ့သော်လည်း ရွေးချယ်ပွဲတွင် ၁၈ ဦးသာပါဝင် ယှဉ်ပြိုင်ခဲ့သည်ဟု သိရသည်။

ယခုပြုလုပ်သော ရွေးချယ်ပွဲကို ဇွန်လ ၂၈ ရက်နေ့တွင် ကျရောက်သော အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကျင်းပခြင်းဖြစ်ကြောင်း အခမ်းအနားကို တာဝန်ယူစီစဉ်ကျင်းပသူ စည်ပင်မှ အရာရှိတစ်ဦးကပြောသည်။

“ဒီနေ့ပွဲကတော့ Miss Universe စစ်တွေ ၂၀၁၅ ရဲ့ ပဏမလူရွေးပွဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တစ်ခါမှ ဒီလိုမျိုး မလုပ်ဖူးသေးဘူး။ ၀န်ကြီးချုပ် တစ်ယောက်အနေနဲ့ ပြောရရင်တော့ ရခိုင်ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ ရခိုင်ပြည်နယ်ရဲ့ အဆင့်ဆိုတာ ဘယ်လိုရှိတယ်ဆိုတာကို မြန်မာကိုကော ကမ္ဘာကိုကော ပြချင်တယ်။ အဲ့ဒီအပြင် ရခိုင်တိုင်းရင်းသူတွေဟာ ကျန်းမာရေးကောင်းပြီးတော့ ဘယ်လောက် လှယဉ် ကျော့ရှင်းတယ်ဆိုတာကိုလည်း ကမ္ဘာကို ပြချင်တယ်”ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကျန်းမာကြံ့ခိုင်မှုကို ပြသချင်သည့်အတွက် ရခိုင်ပြည်နယ် အမျိုးသမီးရေးရာ အဖွဲ့ချုပ်နှင့်ပေါင်းစပ်ပြီး ကြီးကြီးကျယ်ကျယ် ခခန်းခန်းနားနားလုပ်ဖို့ ဖြစ်ကြောင်း၊ တကယ့်အခမ်းအနားကြီးကို ရန်ကုန်မှာ လုပ်သကဲ့သို့ ဇွန်လ ၃၀ ရက်နေ့တွင် စစ်တွေတက္ကသိုလ်၌ ပြည်ထောင်စုအဆင့် ပုံစံမျိုး လုပ်သွားမည် ဖြစ်ပြီး ဆုများကိုလဲ ထိုက်ထိုက်တန်တန် ပေးသွားမှာဖြစ်သည်ဟု ၀န်ကြီးချုပ်က ပြောသည်။

“မနေ့ကမှ သူတို့ရောက်လာတာပါ။ ယှဉ်ပြိုင်တဲ့အခါမှာ လေ့ကျင့်မှုတွေ မလုပ်ရသေးဘူးဆိုတော့ နည်းနည်းလိုအပ်ချက်တွေတော့ ရှိတာပေါ့။ ရခိုင်ပြည်နယ်မှာ ဒီလိုမျိုးပွဲတွေမရှိတဲ့အခါကျတော့ သူတို့လေးတွေ တွန့်နေတာပေါ့နော်။ စိုးရိမ်နေတယ်။ ပရိသတ်ကို ကြောက်နေတယ်။ ကိုယ့်ဟာကိုယ် ယုံကြည်မှု နည်းနေတာတွေ့ရတယ်။ ဒါကြောင့်မို့ ဒီလိုပြိုင်ပွဲလေးတွေ များများလုပ်ပေးပြီး လေ့ကျင့်သွားဖို့ လိုအပ်ပါတယ်။ ၃၀ ရက်နေ့ မတိုင်မီမှာ မော်ဒယ်ယှဉ်ပြိုင်တဲ့ အဖွဲ့တွေနဲ့ လေ့ကျင့်ပြီးမှ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်က ဆိုသည်။

ပဏာမရွေးချယ်ခံရသူများသည် ၂၃ ရက်နေ့မှ စတင်ပြီး ၂၉ ရက်နေ့ထိ ဘိုးဘွားရိပ်သာ၊ ကလေးဂေဟာသို့ လည်ပတ်ခြင်း၊ ဘုရားဖူးခရီးထွက်ခြင်း၊ မှတ်တမ်းတင်းရုပ်ရှင်ရိုက်ကူးခြင်းများ စသည့်လှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး ၂၁ ရက်နေ့မှ ၂၇ ရက်နေ့ထိ စူပါစတားမော်ဒယ်များက ယှဉ်ပြိုင်မည့်သူများကို လေ့ကျင့်ပေးသွားမည်ဟု သိရသည်။

“ပြိုင်ပွဲက ကောင်းပါတယ်။ ပထမဆုံးအကြိမ်ဖြစ်ပြီးတော့ ပြိုင်ပွဲဝင်သူတွေလည်း အကုန်လုံးလှကြပါတယ်။ သရုပ်ပြလမ်းလျှောက်တာတွေလည်း ကောင်းပါတယ်။ စစ်တွေက စုမြတ်လှိုင်က သရဖူကို ရရှိမယ်လို့ ခန့်မှန်းထားပါတယ်”ဟု ပြိုင်ပွဲကို ကြည့်ရှုသူ စစ်တွေတက္ကသိုလ်မှ မ၀င်းမျိုးသန့်က ပြောသည်။

အခမ်းအနားတွင် ရခိုင်အဆိုတော်များဖြစ်ကြသော ၀တီစိုးမိုး၊ စန္ဒကူး၊ ရီလှိုင်းပြာ၊ တူတူနှင့် စုဝေတို့က ရခိုင်သီချင်းများဖြင့် ဖြေဖျော်ခဲ့ကြသည်။

“ပွဲကြည့်ပရိသတ်တွေအနေနဲ့ သိပ်ပြီးတော့ ၀မ်းသာပီတိဖြစ်နေကြတာကို တွေ့ရပါတယ်။ ရခိုင်ပြည်မှာ ဒီလိုမျိုးတစ်ခါမှ မလုပ်ဖူးပါဘူး။ ဒါ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် အတိုင်းမသိဝမ်းသာမိပါတယ်။ သရုပ်ပြလမ်းလျှောက်မှုတွေက အံဝင်ဂွကျဖြစ်ပါတယ်။ ကမ္ဘာအဆင့်မီဖို့အတွက်ဆိုရင် ကြိုးစားဖို့ လိုအပ်ပါသေးတယ်။ သရဖူအတွက် စိတ်ထဲမှာ ရွေးချယ်ထားတာ သုံး-လေးယောက်လောက်ရှိပါတယ်”ဟု စိုက်ပျိုးရေးဦးစီးဌာနမှ ကိုစိုးဝင်းက နိရဉ္စရာသတင်းဌာနသို့ပြောသည်။

ပဏာမယှဉ်ပြိုင်ပွဲအပြီးတွင် ၀န်ကြီးချုပ်ဇနီး ဒေါ်ခင်ဆွေဝင်းက ယှဉ်ပြိုင်သူများကို စလွယ်နှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် ၀န်ကြီးချုပ်ဇနီးဒေါ်ခင်ဆွေဝင်းနှင့် စည်ပင်မှအရာရှိတစ်ဦးက အမှာစကားပြောကြားခဲ့ကြသည်။

ပြိုင်ပွဲတွင် ပထမရရှိသူကို ကျပ်ငွေ ၁၅ သိန်းနဲ့ သရဖူကို ချီးမြှင့်မည်ဖြစ်ပြီး၊ ဒုတိယဆုရရှိသူကို ၁၀ သိန်း တတိယဆုရရှိသူကို ၅ သိန်း၊ နှစ်သိမ့်ဆုရရှိသူများကို ၂ သိန်းကျစီချီးမြှင့်သွားမည်ဟု သိရသည်။

ပြိုင်ပွဲ ဖွင့်ပွဲကို မွန်းလွဲ ၂ နာရီတွင် စတင်ပြီး ၄ နာရီခွဲခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် အပါအ၀င် ပြည်နယ် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ၀န်ကြီးချုပ်ဇနီးနှင့် စိတ်ပါဝင်စားသူ ၅၀၀ ခန့် တက်ရောက်ခဲ့သည်။

No comments: