ဟိန်းကိုစိုး
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) နောက်ဆုံးမူကြမ်း ရရှိပြီး အစိုးရ၏ ကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုးမထိုးကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလှက ဇွန်လ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။
"အခု လော်ခီးလာအပြီး မူကြမ်းက ဘာလည်း မသိရသေးဘူး၊ နောက်ဆုံးမူကြမ်းရပြီး အစိုးရက RCSS/SSA ကိုလည်း ထိုးဖို့ကမ်းလှမ်းတယ်ဆိုမှ ဗဟိုမှာ ဆုံးဖြတ်မယ်။ ကျွန်တော်တို့က ပြည်ထောင်စုနေ့က လက်မှတ်ထိုးထားတဲ့အတိုင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပူးပေါင်းဆောင်ရွက်မှာပါ" ဟု ၎င်းက ဆိုသည်။
၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၂ရက် ၆၈ကြိမ်မြောက် ပြည်ထောင်စုနေ့တွင်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ အချက် ၅ချက်ပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိက၀တ်ကို RCSS/SSA, ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA), ကရင်အမျိုးသား အစည်အရုံး(KNU), ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) (KNU(PC)) တို့က လက်မှတ်ရေးထိုးခဲ့သည်။
"NCA ကိုဘယ်အဖွဲ့တွေနဲ့ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာက ဦးအောင်မင်းတို့ရဲ့ လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား အဖွဲ့တွေ ညှိနှိုင်းလို့ရတဲ့အတိုင်း သွားမှာပဲ၊ အဓိကက တိုင်းရင်းသား တွေဖက်က တညီတည်းမထွက်ပဲ ဖြစ်နေ တာပါ" ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။
ဇွန်လ ၂ရက်မှ ၉ရက်ထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာဒေသတွင် ကျင်းပသည့် တတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံက NCA ပါ အချက် အချို့ကို ပြင်ဆင်ရန် နှင့် တိုင်းရင်းသားအဖွဲ့အားလုံး ပါဝင်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။
ယင်းကတိက၀တ်ကြောင့် RCSS/SSA က NCA လက်မှတ်ထိုး မထိုးကို အစိုးရ၏ ကမ်းလှမ်းမှုတွင်သာ မူတည်ကာ နောက်ဆုံးထွက်ရှိလာမည့် NCA မူကြမ်းကို သုံးသပ်ကာ ဆုံးဖြတ်သွားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
RCSS/SSA သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘော တူထားသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။
No comments:
Post a Comment