ဟိန်းကိုစိုး
၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လုပ်ငန်းအားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဇွန်လ ၁၇ရက်၊ ဒိုင်းမွန်းကွန်ဒို၊ စကားဝါခန်းမ တွင် တွေ့ဆုံဆွေးနွေးကြမည်ဟု NLD ဗဟိုအလုပ်မှုဆောင်ဦးဟံသာမြင့်က မဇ္ဈိမကိုပြောသည်။
"ရွေးကောက်ပွဲဆိုတဲ့အတိုင်း အားလုံးပါပါတယ်။ မဲစာရင်းကော လက်ရှိ အရပ်ဖက်အဖွဲ့တွေ လုပ်နေတာ၊ ပါတီကလုပ်နေတာတွေ ဘယ်လိုပူးပေါင်းလုပ်နိုင်မလဲ၊ ပြည်သူတွေကို ရွေးကောက်ပွဲအသိပညာပေး ဘယ်လို လုပ်ကြမလဲ စတာတွေ ဆွေးနွေးမှာပါ" ဟု ၎င်းကဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အရပ်ဖက်အဖွဲ့အစည်းတို့က ဇွန်လ ၁၇ရက် နံနက် ၉နာရီတွင် စတင်တွေ့ဆုံ ဆွေးနွေးကြမည်ဖြစ်ပြီး ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးဆောင်ရွက်နေသည့် အဖွဲ့တိုင်းမှ တက်ရောက်ကာ ဆွေးနွေးနိုင်ရန် ပြင်ဆင်ထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသိရသည်။
"အရင်ကတည်းက ပါတီနဲ့ ထိတွေ့နေတဲ့ အရပ်ဖက်အဖွဲ့တွေကို မေးလ်တွေ၊ ဖုန်းတွေကတစ်ဆင့် ဖိတ်ထားတယ်၊ ကျန်တဲ့အဖွဲ့တွေကိုလည်း ဖိတ်စာတွေပို့ပြီးဖိတ်ထားပါတယ်၊ စိတ်ဝင်စားတဲ့ အဖွဲ့တွေ အားလုံး တက်ရောက်နိုင်ပါတယ်။ Open discussion ပါပဲ" ဟု ဦးဟံသာမြင့်က ပြောသည်။
ယင်းတွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် အခြေစိုက်ပါတီ ဗဟိုအလုပ်မှုဆောင် ၄ဦးမှ ၅ဦးအပြင်၊ NLD ဗဟို အောင်နိုင်ရေး ဥက္ကဋ္ဌ ဦးတင်ဦးကိုလည်း တက်ရောက်ရန် ဖိတ်ကြားထားသည်ဟုလည်း ၎င်းက ဆိုသည်။
"ဖိတ်တာတော့ ဖိတ်မယ်ထင်ပါတယ်။ ကျွန်တော်တို့ဆီက သွားဖို့၊ ဆွေးနွေးဖို့ ကိစ္စကိုတော့ အဖွဲ့အတွင်းမှာ ဆွေးနွေးဆုံးဖြတ် ရဦးမယ်" ဟု PACE အဖွဲ့မှ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က မဇ္ဈိမကိုပြောသည်။
လက်ရှိတွင် NLD က ၂၀၁၅ခုနှစ် ရွေးကောက်ပွဲအတွက် ထုတ်ပြန်သည့် မဲစာရင်းများကို ဗဟိုမှ စတင်ကာ မြို့နယ် ရပ်ကျေးထိ မဲစာရင်းစိစစ်ရေး ကော်မတီများဖွဲ့ကာ မဲစာရင်းမှန်ကန်ရေး စိစစ်မှုများ၊ မဲစာရင်း လျောက်ထား သူများကို အကူအညီပေးခြင်း စသည့် ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက် နေသည်။
NLD သည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အစိုးရအဖွဲ့ ဖွဲ့စည်းနိုင်သည်အထိ အနိုင်ရရှိရန် မျှော်မှန်းထားသည့် အတိုက်အခံပါတီ တစ်ခုလည်းဖြစ်သည်။
NLD ပါဝင်ယှဉ်ပြိုင်ခြင်းမရှိသည့် ၂၀၁၀ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် ၇၆ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည့် ပြည်ခိုင်ဖြိုးပါတီကလည်း ၂၀၁၅ခုနှစ်တွင် တစ်နိုင်ငံလုံး၏ မဲဆန္ဒနယ် အားလုံးကို ၀င်ပြိုင်ရန် ပြင်ဆင်နေသည်။
၂၀၁၂ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင်လည်း ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ် ၄၃ နေရာတွင် ၄၁ နေရာ အထိအနိုင်ရရှိထားသည် ပါတီဖြစ်သည်။
No comments:
Post a Comment