Monday, June 15, 2015

နာဂလဲန် အမျိုးသားဆိုရှယ်လစ်ကောင်စီ(ကေ) NSCN(K) အဖွဲ့ခေါင်းဆောင် ခက်ပ်လန့် မြန်မာအစိုးရ အကူအညီဖြင့် ရန်ကုန်ရှိ ဆေးရုံတစ်ခုတွင် ဆေးကုသနေဟုဆို

တိုင်းမ်အော့ဖ်အိန္ဒိယ

အိန္ဒိယစစ်တပ်က မြန်မာနိုင်ငံရှိ အိန္ဒိယသောင်းကျန်းသူအုပ်စုများ (IIGs) ၏ စခန်းများကို တိကျသည့် တိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် ၎င်းတို့အား အဓိကကူညီနေ သူ NSCN(K) ခေါင်းဆောင် အက်စ်အက်စ် ခက်ပ်လန်သည် ရန်ကုန်ရှိ အထွေထွေရောဂါကု ဆေးရုံတစ်ခုတွင် ဆေးဝါးကုသမှု ခံယူနေသည်ဆိုသည်။

ထောက်လှမ်းရေး သတင်းများအရ ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ရောဂါများ ခံစားနေရသော ခက်ပ်လန်အား ကုသမှုကို မဏိပူရ နာဂတောင်တန်းများရှိ တာဂါ အခြေစိုက်စခန်းမှ ရန်ကုန်သို့ သွားရာတွင် မြန်မာအစိုးရက ကူညီစီစဉ်နေသည်။

ရန်ကုန်တွင် ဆေးကုသမှု ခံယူလိုကြောင်း ခက်ပ်လန်၏ မေတ္တာရပ်ခံချက်ကို မြန်မာက နယူးဒေလီကို ဖေဖော်ဝါရီလက အသိပေးပြီးနောက် ခက်ပ်လန်ဆေးရုံတက် သည့်သတင်း ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။ ခက်ပ်လန်၏ နာမကျန်းမှုက ဆေးရုံတွင် ပြန်နေရန် အချိန်အတော်ကြာ လိုအပ်နိုင်သည်ဟု သတင်းရင်းမြစ်များက ဆို သည်။

မြန်မာနိုင်ငံရှိ NSCN(K), PLA, UNLF, KCN အစရှိသည့် အဖွဲ့များ၏ အခြေစိုက်စခန်းများကို နောက်ထပ်တိုက်ခိုက်ရန် အိန္ဒိယတပ်ဖွဲ့ဝင်များက စီစဉ်လျက်ရှိရာ ထိုးစစ်ကို တွန်းလှန်ရေးနှင့် ပတ်သက်၍ ခက်ပ်လန်က မည်သို့လမ်းညွှန်မည် ဆိုသည် မှာ စိတ်ဝင်စားဖွယ် ကောင်းနေသည်။

တိုက်ဆိုင်စွာ NSCN(K)မှ အကြီးတန်း အရာရှိများဖြစ်သော သိုအီဘာ၊ စတာဆင်နှင့် အန်းမိုင်တို့သည် အိန္ဒိယရှိ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံရှိ အန္တရာယ် ကင်းသော နေရာများမှ တိုက်ရိုက်ညိနှိုင်း ဆောင်ရွက်လျက်ရှိသည်။ ခက်ပ်လန်သည် တီမူအီဘာ၊ အိုင်ဆက်ချီဆီစဝူတို့နှင့် အတူ ၁၉၈၀ ပြည့်နှစ်တွင် နာဂလဲန် အမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ကို ဖွဲ့စည်းခဲ့ကြသည်။ သို့သော်လည်း နောက်ပိုင်းတွင် အဖွဲ့ကွဲကာ ခက်ပ်လန်သည် ၁၉၈၈တွင် ၎င်း၏ကိုယ်ပိုင်အဖွဲ့ NSCN(K)ကို ဖွဲ့စည်းခဲ့သည်။ NSCN(N)သည် မဏိပူရ တောင်တန်းများတွင် ကြီးစိုးသည့်အဖွဲ့ဖြစ်ပြီး တာဂါတွင် ၎င်း၏ ဌာနချုပ်ရှိသည်။ NSCN(N) တွင် တပ်မဟာသုံးခုရှိသည်။ ခန္တီးနှင့် လဟယ်တွင် အပစ်အခတ် ရပ်စဲရေးစောင့်ကြည့်ရုံး နှစ်ခုရှိသည်။ မဏိပူရ နာဂတောင်တန်းများရှိ ၎င်း၏စခန်းများ တွင် ဖြန့်ကျက် ထားသော အမာခံတပ်သား ၈၀၀ နှင့် ၉၀၀ ကြား ရှိသည်။

NSCN(K) အဖွဲ့အပြင် မြန်မာနိုင်ငံရှိ အခြားထင်ရှားသော အိန္ဒိယသောင်းကျန်းသူ အုပ်စုများမှာ Ulfa(Paresh Baruah faction), NDFB(Songbjit), UNLF, PLA, KYKL နှင့် KLO တို့ဖြစ်သည်။ ၎င်းတို့၏စခန်းများမှာ အရူချီနယ်-မြန်မာ နယ်ခြားဒေသပေါ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းမှ ရခိုင်ပြည်နယ်အထိ ရှိသည်။

No comments: