နန်းဆိုင်နွမ်
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ဝင်များ သစ်ထုတ် လုပ်နေစဉ် အစိုးရ တပ်မတော်က လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။
ယခုလ ၁ ရက်တွင် အစိုးရ တပ်မတော်က UWSA အဖွဲ့ဝင် ၁၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၁၀ ဦးကို ၄ ရက်နေ့က ပြန်လည် လွှတ်ပေးခဲ့ကြောင်း၊ ကျန် ၆ ဦးကို တရားစွဲဆိုမည်ဟုဆိုကာ ခေါ်ဆောင်ထားကြောင်း UWSA မှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ဧရာဝတီ ကို ပြောသည်။
“ဖမ်းထားတာက “ဝ” လူမျိုး တဦး၊ ပလောင် လူမျိုးတဦး နဲ့ တရုတ် ၄ဦးတို့ကို တရားစွဲဆိုမယ် ဆိုပြီး ဖမ်းထားတယ်။ ကျနော်တို့က သစ်တွေအများကြီး ခုတ်ပြီး တရုတ်ပြည်ကို ပို့နေတာ မဟုတ်ပါဘူး။ တပ်မိသားစုဝင် ရွာသားတွေရဲ့ အဆောက်အအုံပြင်ဖို့ နည်း နည်း ပါးပါး တန် ၈၀ လောက်ပါပဲ”ဟု ဦးအောင်မြင့်က ဆိုသည်။
ထိုသို့ ဖမ်းဆီးခဲ့ရာတွင် သစ်တောဦးစီးဌာနနှင့် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမည့်အစား တပ်မတော်က လာရောက်ဖမ်းဆီးမှုကို ဘဝင်မကျ ဖြစ်မိသော်လည်း နှစ်ဦးနှစ်ဘက် စစ်ရေးတင်းမာလာမည်ကို အဖြစ်ခံမည် မဟုတ်ကြောင်း ဦးအောင်မြင့်က ဆက်ပြောသည်။
ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ယနေ့နံနက်ပိုင်းတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော်ထံ ဖုန်းဆက် အကြောင်းကြားထားပြီး ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
“၀” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပန်ဆန်းမြို့မှ စီးပွားရေး လုပ်ငန်းရှင် အားကွေ့က“ကျနော်တို့ဆီမှာ အေးဆေးပါပဲ။ စစ်ရေးတင်းမာမှုတွေ မရှိပါဘူး။ လမ်းမှာလည်း သွားရေးလာရေး အကုန်အဆင်ပြေပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
“ဝ” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ဌာနချုပ် အခြေစိုက် ပန်ဆန်းမြို့၌ တိုင်းရင်းသားထိပ်သီး ညီလာခံကို ပြီးခဲ့ သည့် မေလ ၁ ရက်မှ ၆ ရက်အထိ ကျင်းပခဲ့ပြီး ထိုညီလာခံ၌ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ၊ တိုင်းရင်းသား ဒေသများရှိ ငြိမ်းချမ်းရေး အခြေအနေ၊ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် အစိုးရအကြား ဆွေးနွေးနေသည့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ငြိမ်းချမ်းရေး ဆွေးနွေးနေသော်လည်း အစိုးရနှင့် တိုက်ပွဲဖြစ်ပွား နေဆဲဖြစ်သည့် ဒေသဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြကြောင်း သိရသည်။

No comments:
Post a Comment