Friday, June 26, 2015

UWSA ဝ တပ်ဖွဲ့ နှင့် အစိုးရတပ် အပေးအယူတည့်သွားပြီဟု ဆိုသော်လည်း ဒေသခံများ စစ်ဘေး စိုးရိမ်ဆဲ

သျှမ်းသံတော်ဆင့်

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ် ခရိုင် မိုင်းတုံ မြို့နယ် အတွင်း ၀ တပ်ဖွဲ့ နှင့် အစိုးရ တပ်တို့ အကြား မပြေလည်မှု များအတွက် တွေ့ဆုံ ဖြေရှင်းကာ အပေးအယူ တည့်သွားပြီဟု ဆိုသော် လည်း စစ်အင်အားများ ဆက်လက် ဖြည့်တင်းမှု ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေဆဲ ဖြစ်သည်ဟု ဆိုပါသည်။

ဂျွန်လ ၁၇ ရက်က တြိဂံစစ်တိုင်းရုံးမှ အရာရှိ နှင့် အမှတ် ၁၇၁ စစ်ဒေသ ထိပ်ပိုင်း ကိုယ်စား လှယ်များ မိုင်းတုံမြို့၌ တွေ့ဆုံကြောင်း၊ ထိုတွေ့ဆုံမှုတွင် အစိုးရတပ်မတော်ဘက်မှဖမ်း ထားသည့် တရုတ်လူမျိုး ၆ ဦးအား ၀တပ်ဖွဲ့ထံပြန်အပ်ရန်သဘောတူကြောင်း၊ သို့သော် သစ်တောကြိုးဝိုင်းအတွင်း နယ်ကျွံခုတ်ဖြတ်သည့်အတွက် ၀ တပ်ဖွဲ့အား ဒဏ်ရိုက်မည်ဖြစ် ကြောင်း အစိုးရနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပါဝင်သည့် အဆင့်မြင့်ခေါင်းဆောင် တဦးက ဤကဲ့သို့ပြောသည်။

“တရုတ်တွေကို အစိုးရဘက်က ပြန်လွှတ်ပေးမယ်။ ဒါပေမယ့် ၀ ဘက်ကလဲ ခုတ်မိတဲ့ သစ် တွေ အားလုံးအတွက် ထိုက်တန်တဲ့ ဒဏ်ငွေပေးဆောင်ရမယ်။ ဒါ့အပြင် ခုတ်ထားတဲ့သစ် တွေ အားလုံးအတွက်လဲ ဒဏ်ငွေဆောင်ပြီး အားလုံးထိုက်တန်တဲ့နိုင်ငံတော်ဈေးနဲ့ ပြန်ဝယ် ယူရမယ်။ အဲဒါကို မိုင်းတုံမှာ သဘောတူကြတယ်လို့ပြောတယ်။ ဒါ့ကြောင့် တင်းမာနေတဲ့ စစ်ရေးကလဲ ဖြေရှင်းသွားနိုင်ပြီ ဆိုတဲ့သဘောပေါ့” - ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

တဘက်က ၀ တပ်နှင့် အစိုးရတပ် သဘောတူညီမှုရရှိကြပြီဟု အစိုးရ တပ်အရာ နှင့် ၀ အရာတို့ နှင့် နီးစပ်သည့် ပုဂ္ဂိုလ်တဦး က အတည်ပြုပြောဆိုသော်လည်း ဒေသခံ စိုင်းချဲမ်ခမ်း က ပုံပါကျင်မြို့အနီး တာ့ကွမ်တွင် လားဟူ နယ်ခြားတပ် နှင့် ၀ တပ်ဖွဲ့ အပြိုင် အင်အားချထားမှုရှိနေသေးကြောင်း ပြောသည်။

“သွားလာမှု စစ်ဆေးတာတွေတော့မရှိတော့ဘူး။ မနေ့က မနက်တုန်းက နှစ်ဘက်တပ်တွေ ဆုတ်ပြီ ပြောတယ်။ ဒါပေမယ့် ညနေ တုန်းက တာ့ကွမ်မှာ ၀ တပ် ကား ၅ စီး အင်အား ၁၀၀ ခန့် က လာချသေးတယ်။ ဘယ်လိုကြီး လဲတော့မသိဘူး” - ဟု သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ထို့အတူ ကျိုင်းတုံမြို့ တြိဂံစစ်တိုင်းရုံးမှ သံချပ်ကာ ကားများလည်း တာချီလိတ် မိုင်းဆတ် ဘက် ယခုရက်ပိုင်းအတွင်း ထပ်မံပို့ဆောင်ထားကြောင်း ဒေသခံများကပြောသည်။

ဝ တပ်ဖွဲ့ နှင့် အစိုးရ တို့ စစ်ရေးတင်းမာမှုကြောင့် တာချီလိတ်မြို့တဘက်ကမ်း မယ်ဆိုင် မြို့တွင်လည်း မြန်မာနယ်စပ်ဘက်တိုက်ပွဲဖြစ်ပွားလျှင် စစ်ဘေးရှောင်များအားအကာ အကွယ်ပေးဖို့၊ ကူညီဖေးမဖို့ စစ်ဘေးစစ်ဒဏ် ဂယက်ရိုက်မှုများအား ခုခံဖြေရှင်းရေးဆိုင်ရာ ဝေါ့ရှော့သင်တန်း ယမန်နေ့က ပေးခဲ့ကြောင်း ဒေသခံ ၃၀၀ ကျော် တက်ရောက်ကြောင်း ထိုင်းနယ်စပ်လုံခြုံရေး အရာရှိကြီးတဦး ကပြောသည်

No comments: