Mizzima
သုံးစွဲသူ အချင်းချင်း မက်ဆေ့ပေးပို့ခြင်းနှင့် ဆက်သွယ်မှုများ ဆောင်ရွက်နိုင်မည့် လူမှုဆက်သွယ်ရေး App ဖြစ်သည့် WeChat ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ပြီဖြစ်ပြီး မြန်မာစတစ်ကာများလည်း ထုတ်လုပ်ထားသည်ဟု WeChat က သတင်းထုတ်ပြန်ထားသည်။
WeChat ကို ၂၀၁၁ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် လစဉ်ပုံမှန်အသုံးပြုသူ ၅၄၉ သန်းအထိ ရှိနေပြီဖြစ်သည်ဟုလည်း WeChat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြည်တွင်းတွင် WeChat ကိုလူငယ်များအသုံးပြုမှု ပိုမိုများပြားသည်ဟုလည်း WeChat ၏ မြန်မာပြည်မန်နေဂျာ Oliver Ye က ဆိုသည်။
၎င်းက " တိုးတက်မှုတွေ အများကြီးမျှော်လင့်နိုင်တဲ့ မြန်မာနိုင်ငံ ဈေးကွက်အတွက် စိတ်လှုပ်ရှားမိပါတယ်။ ကမ္ဘာမှာ လူကြိုက်များတဲ့ ဆက်သွယ်မှုတစ်ခုကို မြန်မာပြည်အတွက် ယူဆောင်ပေးနိုင်ပါလိမ့်မယ်" ဟု ဆိုသည်။
အင်တာနက်အသုံးပြုသူများ၏ အပြုအမူများကို လေ့လာနေသည့် GlobalWebIndex ၏ စစ်တမ်းများအရ WeChat ကို အင်တာနက် အသုံးပြုသူများ၏ အသက်အငယ်ဆုံး အုပ်စုများက အသုံးပြုနေသည်ဟု ဖော်ပြထားသည်။ တစ်ကမ္ဘာလုံးရှိ WeChat အသုံးပြုသူများ၏ သုံးပုံ တစ်ပုံသည် အသက် ၁၆ နှစ်မှ ၂၄ နှစ်အတွင်း ဖြစ်သည်ဟုလည်း WeChat ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
WeChat တွင် အသံမက်ဆေ့ခ်ျပေးပို့ခြင်း၊ အစုအဖွဲ့လိုက် ပြောဆိုခြင်းနှင့် ဗီဒီယို မက်ဆေ့ခ်ျပေးပို့ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။
ယင်းအပြင် ကိုယ်ပိုင်စာမျက်နှာပေါ်တွင် ပို့စ်တင်ခြင်း၊ မှတ်ချက်များ ရေးသားခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပြီး ဘာသာစကားများ အပြန်အလှန် သိရှိစေရန်အတွက်လည်း ဘာသာပြန်ဆိုသည့် စနစ်ပါဝင်မည် ဖြစ်သည်။
WeChat ကို မိုဘိုင်း OS အားလုံးတွင်အသုံးပြုနိုင်ရန် ဆောင်ရွက်ထားပြီး အခမဲ့ရယူနိုင်မည်ဖြစ်သည်။
No comments:
Post a Comment