Tuesday, June 9, 2015

WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့မှုအတွက် တရားခံပြ သက်သေများကို စစ်ဆေးနေ

ကျော်စိုးမိုး

၂၀၁၃ ခုနှစ်၊ အောက်တိုဘာ အတွင်းက အလုံမြို့နယ် အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် ဗုံးတွေ့ခဲ့သည့် အမှုအတွက် တရားခံပြသက်သေများကို စစ်ဆေးနေသည်ဟု ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက ဇွန် ၆ ရက်တွင် ပြောသည်။

ယင်းဗုံး တွေ့ရှိခဲ့မှုဖြစ်စဉ်အတွက် ကိုစောမြင့်လွင်(ခ)မောထကို ပေါက်ကွဲစေတတ်သည့် ဥပဒေပုဒ်မ ၃၊ ရွှေဖူးကုမ္ပဏီပိုင်ရှင် ဦးမြဖူးနှင့် ကုမ္ပဏီ ယာဉ်မောင်း ကိုဇော်လတ်မော်တို့ကို ပေါက်ကွဲစေတတ်သော ဥပဒေ ပုဒ်မ ၆ ဖြင့် အသီးသီး တရားစွဲဆိုထားရခြင်း ဖြစ်သည်။

အနောက်ပိုင်းခရိုင် တရားရုံးမှ တာဝန်ရှိသူ တစ်ဦးက "ဒီနေ့ တရားခံပြ သက်သေအဖြစ် ဦးမြဖူးရဲ့ အမျိုးသမီးကို စစ်ဆေးပါတယ်။ မနက်ဖြန် တရားခံပြ သက်သေတစ်ဦးကို စစ်ဆေးဖို့ ထပ်မံချိန်းဆိုထားပါတယ်" ဟု ပြောသည်။

အဆိုပါ ဗုံးတွေ့ရှိမှု ဖြစ်စဉ်တွင် ပါဝင်ပတ်သက်ခဲ့ခြင်း မရှိသည့်အတွက် စွဲချက်တင် ခံထားရသည့် ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့က စွဲချက် ပယ်ဖျက်ရန် လျှောက်တင်မှုကို ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းတရား လွှတ်တော်ရုံး ၂၀၁၄ ဖေဖော်ရီ လဆန်းပိုင်းတွင် လက်ခံခဲ့ပြီး၊ ၂၀၁၅ မေလဆန်းတွင် မူလ စွဲချက်ဖြင့်သာ စစ်ဆေးရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ပေါက်ကွဲစေတတ်သော ဥပဒေပုဒ်မ ၃ နှင့် ၆ သည် ပြစ်ဒဏ်တူညီစွာ ချမှတ်နိုင်သည့် ပြစ်မှုပုဒ်မျိုး ဖြစ်ပြီး ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်သည့် ပုဒ်မမျိုး ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၄၊ သြဂုတ်လအတွင်းက တရားစွဲဆို ခံထားရသူများကို စစ်ဆေးစဉ်တွင် ကိုစောမြင့်လွင်က KNLA တပ်ဖွဲ့မှ ဗိုလ်မှူးစောနေတိုး၏ ခြိမ်းခြောက်ခိုင်းစေချက်အရ WESTERN PARK RUBY စားသောက်ဆိုင် ဗုံး ထားခြင်းကို မိမိတစ်ဦးတည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံးတွင် ထွက်ဆိုခဲ့ပြီး ဦးမြဖူးနှင့် ကိုဇော်လတ်မော်တို့ နှစ်ဦးက ၎င်းတို့တွင် အပြစ်မရှိဟု တရားရုံးတွင် အသီးသီးထွက်ဆိုခဲ့ကြသည်။

အဆိုပါအမှုကို ဇွန် ၄ ရက်တွင် ထပ်မံစစ်ဆေးရန် ရုံးချိန်း ချိန်းဆိုထားပြီး တရားခံပြသက်သေ တစ်ဦးကို ထပ်မံစစ်ဆေးမည် ဖြစ်သည်။

ကိုစောမြင့်လွင်၊ ကိုဇော်လတ်မော်နှင့် ဦးမြဖူးတို့ သုံးဦးကို ၂၀၁၃၊ အောက်တိုဘာအတွင်းက ဆူးလေရှန်ဂရီလာ (ယခင် ကုန်သည်ကြီးများ ဟိုတယ်) ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုအတွက် အနောက်ပိုင်းခရိုင် တရားရုံးတွင် ပေါက်ကွဲစေတတ်သည့် ဥပဒေပုဒ်မ ၃ ဖြင့် တရားစွဲဆိုခံထားရပြီး အဆိုပါအမှုကို လာမည့်ဇွန် ၃ ရက်တွင် အပြီးသတ် အမိန့်ချရန် ချိန်းဆိုထားသည်။

ပြီးခဲ့သည့် ၂၀၁၃၊ အောက်တိုဘာလ ၁၄ ရက်က ကျောက်တံတားမြို့နယ်အတွင်းရှိ ယခင် ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် အမေရိကန်နိုင်ငံသူ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ယင်းနေ့တွင်ပင် အလုံမြို့နယ်အတွင်းရှိ WESTERN PARK RUBY စားသောက်ဆိုင်တွင် မပေါက်ကွဲသေး သည့် ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။

ထို့ပြင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ဒုတိယပတ်နှင့် တတိယ ပတ်ဝန်းကျင်က ရန်ကုန်တိုင်းအတွင်းရှိ စော်ဘွားကြီးကုန်း၊ သာကေတမြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ဖြစ်ပေါ်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီးများတွင်လည်း ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှု ဖြစ်စဉ်များ၊ ဗုံးလန့်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

No comments: