Tuesday, February 23, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၄

မင်းဟန်

(၁၉၃)


၁၉၉၇ ခုနှစ်၊ မတ်လ ၁ဝ ရက်….။
တနင်္လာနေ့…။

ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဧည့်ခန်းမတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းနှင့် ကော်မရှင်မှ ပုဂ္ဂိုလ်များ တွေ့ဆုံကြ၏။ အဖွဲ့ချုပ်ခေါင်းဆောင်များ ကော်မရှင်နှင့် လာရောက်၍ တွေ့ဆုံရသည့် အကြောင်းက…. အဆင့်ဆင့်သော အဖွဲ့ချုပ်၏ ရုံးများအား ဒေသဆိုင်ရာ အာဏာပိုင်တို့သည် ပိတ်ပစ်ခြင်း၊ ဆိုင်းဘုတ်ဖြုတ်ချခြင်း၊ အမှုဆောင်အဖွဲ့များအား ဖျက်သိမ်းနေခြင်းနှင့် ပတ်သက်၍ ကော်မရှင်သည် မည်သို့သော ဆောင်ရွက်မှုများအား ပြုလုပ်ပေးနိုင်မည်နည်း ဟူ၍ ….သိရှိရန် ဖြစ်သည်။ ဤကိစ္စရပ်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁ဝ ရက်နေ့ရက်စွဲနှင့် ကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေမှ ‘တရားဝင် ရပ်တည်နေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အာဏာပိုင်များက နည်းမျိုးစုံဖြင့် ကန့်သတ်ချုပ်ချယ်မှုများ’ ခေါင်းစဉ်ဖြင့် စာတမ်းတစောင် ပေးပို့ခဲ့၏။ ကော်မရှင်က မည်သို့မျှ မတုံ့ပြန်…..။ အရေးယူဆောင်ရွက်ခြင်းလည်း မရှိ….။

ဤအတွက်…. အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ကော်မီရှင်ဥက္ကဋ္ဌနှင့် နဝတ ဥက္ကဋ္ဌထံသို့ ထပ်မံ၍ ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ ရက်စွဲဖြင့် စာပို့ပြန်၏။ အကြောင်းအရာက ….‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖိနှိပ်နေမှုများ’ ဟူ၍ ဖြစ်သည်။ မည်သူမျှ… မည်သို့မျှ…၊ အကြောင်းမပြန်….။ သို့ဖြစ်၍ ယခုကဲ့သို့ ကော်မရှင်နှင့် လာရောက်တွေ့ဆုံကြရခြင်း ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်မှ ကော်မီရှင်အဖွဲ့ဝင် ဦးစန်းမောင် (အငြိမ်းစား၊ ချွေတာစုဆောင်းရေးနှင့် အာမခံ စာချုပ်များ မင်းကြီး)၊ ဦးကျော်ညွန့် (အငြိမ်းစား၊ ကနေဒါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး) နှင့် ကော်မရှင် အတွင်းရေးမှူး ဦးအေးမောင် (ကော်မရှင်ရုံး၊ ညွှန်ကြားရေးမှူးချူပ်) တို့ တက်ရောက်ကြသည်။

ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်က … ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် စတုတ္ထအကြိမ် ပြည်သူ့လွှတ်တော်၊ ပဉ္စမမြောက် အစည်းအဝေးမှ ဖွဲ့စည်းပေးခဲ့သည့် ကော်မရှင် ဖြစ်သည်။ အဖွဲ့ဝင် ၅ ဦး ပါဝင်ပြီး…. ဥက္ကဋ္ဌက … အငြိမ်းစား ဘဏ္ဍာတော်မင်းကြီင်္း ဦးဘဋ္ဌေး ဖြစ်၏။ အတွင်းရေးမှူးမှာမူ …. ကော်မရှင်ရုံး ညွှန်ကြားရေးမှူးဖြစ်သူ ဦးအေးမောင်အား တာဝန်ပေး၏။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်…. အာဏာသိမ်းခဲ့ပြီးသည့်နောက် အာဏာသိမ်းစစ်အုပ်စုသည် (မဆလ) ၏ အမွေအနှစ်… ထိုကော်မရှင်ကိုပင် ဆက်၍၊ ဆက်ခံရင်း…. ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖြစ် တာဝန်ဆက်ပေး၏။

နံနက်… ၁ဝး၁၅ နာရီ…။
ဆွေးနွေးပွဲအား စ၏။ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ညွန့်က …..
“ဗိုလ်ချုပ်တို့ပြောတာကို ကျနော်တို့ နားထောင်မှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်တို့ ပြောစရာရှိတာကို ပြောပါ”

ဦးကျော်ညွန့် ပြောသည့် ဗိုလ်ချုပ်ဟူသည်က …. အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ရွှေအား ရည်ညွှန်း၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ ဦးအောင်ရွှေက …. တပ်မတော်တွင် ၁၉၆၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ…. တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ဗိုလ်မှူးချုပ်အဆင့်နှင့် တိုင်းမှူးတာဝန်အား ထမ်ဆောင်ခဲ့၏။ ထိုစဉ်က … တပ်မတော်တွင် စစ်တိုင်း နှစ်တိုင်းသာရှိပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အထက်ဗမာပြည်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အောက်ဗမာပြည်ဟူ၍ ဖြစ်၏။

ဦးကျော်ညွန့်၏ “ဗိုလ်ချုပ်တို့ပြောတာ ကျနော်တို့ နားထောင်မည်” ဟူသည့် စကားအပေါ် ဦးအောင်ရွှေ ဘဝင်မကျ….။ ဤအတွက် ဦးအောင်ရွှေက ကော်မရှင်အဖွဲ့ဝင်များအား ….

“ဒီလိုတော့ ဘယ်ဟုတ်မလဲ။ ကျနော်တို့ ကော်မရှင်ကို စာတွေပို့ထားပါတယ်။ အဲ့ဒီစာတွေနဲ့ ပတ်သက်လို့ ကော်မရှင်ရဲ့ ဖြေကြားချက် သဘောထားကို သိလိုလို့ …. လာခဲ့ကြတာ ဖြစ်ပါတယ်” ဟူ၍ ဆွေးနွေးသည်။ ဤတွင် …. ကော်မရှင် အတွင်းရေးမှူး ဦးအေးမောင်က …

“အမှုဆောင်အဖွဲ့ဝင် ၅ ယောက် မပြည့်ရင်…. အမှုဆောင်အဖွဲ့အား ဖျက်သိမ်းမယ်ဆိုတဲ့ကိစ္စ။ ၁၉၉၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရှိခဲ့တဲ့အတိုင်း တိုးချဲ့ဖွဲ့စည်းခြင်း မပြုရ… ဆိုတဲ့ ကိစ္စများက တည်ဆဲဖြစ်ပါတယ်။ အရင်က… ကော်မရှင်နဲ့ သဘောတူညီခဲ့ပြီးဖြစ်တဲ့…. ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကျေးများမှာတော့ … ဆိုင်းဘုတ်တင်နိုင်ပါတယ်။ နောက်ပြီး…. ဆိုင်းဘုတ်ဖြုတ်ချခံရတဲ့ ရုံးများနဲ့ ပတ်သတ်လို့ကတော့…. တိတိကျကျ အကြောင်းကြားလာရင်… ကော်မရှင်အနေနဲ့ စုံစမ်းဆောင်ရွက်ပေးသွားပါ့မယ်….”

ဦးအေးမောင်၏ စကားအဆုံးတွင် ဦးအောင်ရွှေက ….
“ရွေးကောက်ပွဲကော်မရှင်ရဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရဆိုရင်… နိုင်ငံရေးပါတီတွေကို ဘယ်လိုဖွဲ့စည်းရမယ်၊ အမှုဆောင်ဦးရေ ဘယ်လောက်ထားရှိရမယ်ဆိုတဲ့ …ကန့်သတ်ချက်တွေ မပါရှိပါဘူး။ ဒါကြောင့်…. အမှုဆောင်အဖွဲ့ဝင် ၅ ယောက် မပြည့်ရင် ဖျက်ရမည်ဆိုတာဟာ တရားမဝင်ပါဘူး။ ပြီးတော့…. ကော်မရှင်ရဲ့ ကြေညာချက် ၂၄၅ အရလည်း အကျုံးမဝင်ပါဘူး။ ကြေညာချက် ၂၄၅ ကို ကြည့်ရင်…. နိုင်ငံရေးပါတီများ ဖွဲ့စည်းခြင်းနဲ့ ပတ်သက်လို့… ကော်မရှင်နဲ့ မသက်ဆိုင်ဘဲ၊ သက်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းများက ပေးလာတဲ့စာမှာပါရှိတဲ့ အမှုဆောင်များရဲ့ အမည်စာရင်းများကို ကြေညာပေးရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။ ဒီတော့…. ကျနော်ပြောလိုတာက …. ၁၉၉၁ ခုနှစ် ဧပြီလ ၂၆ ရက်နေ့က ရှိခဲ့တဲ့ အမှုဆောင်များအတိုင်း ထားရှိရမယ်။ တိုးချဲ့ဖွဲ့စည်းလို့ မရဘူး။ အဲဒီအတွက် အမှုဆောင် ၅ ယောက် မပြည့်ရင် … မပြည့်တဲ့ အမှုဆောင်အဖွဲ့ကို ဖျက်မယ်ဆိုတဲ့ ကန့်သတ်ချက်ဟာ တရားမဝင်ပါဘူးလို့ ဆိုချင်ပါတယ်။ ဘာလို့လဲဆိုတော့ …. General Clauses Act မှာ ပြဋ္ဌာန်းထားတဲ့အတိုင်း …. ဥပဒေသည်သာ အဓိကဖြစ်တယ်။ နည်းဥပဒေ၊ စည်းမျဉ်းဥပဒေ၊ စည်းကမ်းဥပဒေ၊ ကြေညာစာ၊ အမိန့်တို့ဆိုတာဟာ ဥပဒေရဲ့ လက်အောက်ခံ ဖြစ်တယ်လို့ ဆိုထားတဲ့ အတွက်ကြောင့်ပါ”

ဦးအောင်ရွှေက General Clauses Act မှ အပိုဒ် - D အား ဖတ်ပြ၏။ ရှင်းပြ၏။ မရ…။ ကော်မရှင်က ‘ဥပဒေအရ လုပ်သည့် အမိန့်သည် ဥပဒေပင်ဖြစ်သည်’ ဟူ၍ ခြေကန်၍ ကပ်နေ၏။ အလုပ်မှုဆောင်အဖွဲ့ ၅ ဦး မပြည့်သည့် အမှုဆောင်အဖွဲ့အား ဖျက်သိမ်းမည်။ အမှုဆောင်အဖွဲ့အား ၁၉၉၁ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က ရှိခဲ့သည့်အတိုင်းသာ ရှိရမည်။ တိုးချဲ့ဖွဲ့စည်း၍ မရ… ဟူသည့် ကော်မရှင်၏ ညွှန်ကြားချက်အား ကော်မရှင်အနေနှင့် ပြန်လည်၍ ပြင်မရကြောင်း၊ ထိုညွှန်ကြားချက်အမိန့်သည်လည်း ဥပဒေကဲ့သို့ပင် ဖြစ်သည်ဟု ဆိုနေ၏။

ဤတွင် …. အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်သည့် ဦးသန်းထွန်းက … ပွင့်ပွင့်လင်းလင်းပင် ကော်မရှင်အဖွဲ့ဝင်များအား မေး၏။

“ဒီတော့ ကျနော်တို့ အဖွဲ့ချုပ်ရဲ့ အဆင့်ဆင့်သော အဖွဲ့အစည်းတွေမှာ အမှုဆောင်အဖွဲ့ ၅ ဦး မပြည့်ရင်၊ ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ဖို့ …ပြင်ဆင်ဖွဲ့စည်းဖို့ … ပြီးတော့ အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာတွေ၊ ကန့်သတ်ပိတ်ဆို့နေတာတွေ… ဆိုင်းဘုတ်ဖြုတ်ချခြင်း ခံနေရတာတွေနဲ့ ပတ်သက်လို့ … ကော်မရှင်အနေနဲ့ ဘယ်လိုမှ လုပ်ပေးနိုင်ခြင်း မရှိဘူးလို့ Conalusion ချရမှာပဲ ဖြစ်ပါတယ်။…”

ဤအရေးနှင့် ပတ်သက်၍ ဆက်ဆွေးနွေးစရာ မရှိတော့….။ ကော်မရှင်အနေနှင့် မည်သို့မျှ လုပ်မပေးနိုင်…။ ကော်မရှင်သည်ပင်လျှင် …. (နဝတ) ၏ အမိန့်အောက်၌ ရှိနေရသည့် အခြေအနေ…။ လွတ်လပ်သည့် ကော်မရှင်ဟူ၍ကား မဟုတ်…။ တွေ့ဆုံဆွေးနွေးပွဲက အကြောင်းအရာမဲ့ပြီး ငြိမ်သက်၍နေသည်။ ခဏငယ်ပေါင်းများစွာ…။ ညင်သာစွာ လည်ပတ်နေသည့် မျက်နှာကြက်မှ ပန်ကာ၏ လည်သံက အခန်းအတွင်း စိုးမိုးထား၏။ ကော်မရှင် အတွင်းအရေးမှူး ဦးအေးမောင်က အကြောင်းအရာသစ်အား မေးမြန်းဆွေးနွေးလာ၏။

“လူကြီးတွေကိုလည်း ပြေလည်စေချင်ပါတယ်။ ပြီးတော့…. သိလိုတာလေးတွေလည်း ရှိလို့ မေးမြန်းချင်ပါတယ်။ ဒေါ်စုကြည်အနေနဲ့ မဲသရောထာ ကြေညာချက်အပေါ် ထောက်ခံတာနဲ့ ပတ်သက်ပြီး သိလိုပါတယ်…”

ဦးအေးမောင်၏ အမေးစကားဆုံးသည်နှင့် ဦးအောင်ရွှေက…

“ဒေါ်စုကြည်ကို မသိပါ” ဟု ဆိုသည်။ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းကလည်း… တဆက်တည်းပင်…

“ဒေါ်စုကြည် မဟုတ်ပါဘူး…ဒေါ်အောင်ဆန်းစုကြည်ပါ၊ ဒေါ်အောင်ဆန်းစုကြည်လို့ ပြောပါ”

“ဟုတ်ပါတယ်။ ဟုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပါ။ လူကြီးတွေက ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မဲသရောထာ ကြေညာချက်ကို ထောက်ခံတယ်ဆိုတာ ဘယ်လိုပါလဲဆိုတာ သိချင်လို့ပါ…”

ဦးအေးမောင်က စကားအား ပြန်ပြင်ရင်း မဲသရောထာကိစ္စအား မေးလာ၏။ ဦးအောင်ရွှေ၊ ဦးသန်းထွန်းတို့က ရှင်းရှင်းပင် ပြော၏။

“ကျနော်တို့ ကော်မရှင်နဲ့ လာတွေ့တာက နိုင်ငံရေးဆွေးနွေးဖို့ လာတွေ့တာ မဟုတ်ပါဘူး…. ဒီတော့ မပြောနိုင်ပါဘူး…။ နိုင်ငံရေးကိစ္စကို (နဝတ) နဲ့ ဆွေးနွေးပါမယ်။ ဆွေးနွေးဖို့လည်း အဖွဲ့ချုပ်က (နဝတ) ကို အကြိမ်ကြိမ် ကမ်းလှမ်းနေခဲ့ပါတယ်။ (နဝတ) နဲ့ တွေ့ဆုံမှသာ နိုင်ငံရေးကိစ္စ ဆွေးနွေးမှာ ဖြစ်ပါတယ်”

ကော်မရှင်နှင့် အဖွဲ့ချုပ်ခေါင်းဆောင် နှစ်ဦး တွေ့ဆုံမှုက ရှေ့ဆက်ရန် မရှိတော့….။ ဤအတွက် ဦးအောင်ရွှေက ….
“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးအဖွဲ့အစည်းများရဲ့ အကျပ်အတည်း အခက်အခဲတွေ့နဲ့ ပတ်သက်လို့ ဘယ်လိုမျှ ဖြေရှင်းဆောင်ရွက်ပေးနိုင်ခြင်း မရှိဘူးလို့ ယူဆမိတဲ့အတွက် ဆက်ဆွေးနွေးစရာ မရှိတော့ပါဘူး…. ဒီအတွက် ပြန်ခွင့်ပြုပါ”

ကော်မရှင်နှင့် အဖွဲ့ချုပ် တွေ့ဆုံမှုက တနာရီပင်မပြည့်…။


(၁၉၄)
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်။
ဒဂုံဧည့်ရိပ်သာ။
၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် အကြိမ် ၃ဝ မြောက် အာဆီယံအစည်းအဝေးအား မလေးရှားနိုင်ငံ ‘ဆူဗန်ဂျာဟားမြို့’ ၌ ကျင်းပရန် ရှိ၏။ မြန်မာနိုင်ငံက အာဆီယံအတွင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ရရန် ၁၉၉၆ ခုနှစ် သြဂုတ်လအတွင်းက လျှောက်ထားခဲ့၏။ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်၊ အကြိမ် ၃ဝ မြောက် အာဆီယံ အစည်းအဝေးတွင်မူ … ဝင်ခွင့်ပြုမည်၊ မပြုမည်ကို အဖွဲ့ဝင် ၇ နိုင်ငံ တက်ရောက်မည့် အာဆီယံအစည်းအဝေးက ဆုံးဖြတ်ပေး… ပေလိမ့်မည်။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအရ ပြင်းပြင်းထန်ထန် ဖိနှိပ်မှု၊ လူ့အခွင့်အရေး ဆိုးဝါးစွာ ချိုးဖောက်နေမှုများကြောင့်…. အာဏာသိမ်း စစ်အစိုးရအား အာဆီယံအတွင်း ဝင်ခွင့်ပြုရေးနှင့် ပတ်သက်၍ အာဆီယံ၏ ဆွေးနွေးဘက်နိုင်ငံများဖြစ်သည့် EU နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတို့က အာဆီယံအား ဝင်ခွင့်မပြုသေးဘဲ ဆိုင်းငံ့ထားရန် ဖျောင်းဖျ၍ နေကြ၏။ နားချ၍ နေကြသည်။ စစ်အုပ်စုအတွက်မူ ရင်ခုန်စရာ…။

စစ်အုပ်စု၏ အာဆီယံဝင်နိုင်ရေး ကြိုးပမ်းမှုခရီးက အာဏာသိမ်းယူခဲ့ပြီးကတည်းကဟု ဆိုရမည်။

၁၉၉၄ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်တွင် ကျင်းပသည့် ၂၇ ကြိမ်မြောက် အာဆီယံ အစည်းအဝေးတွင်မှ စစ်အုပ်စုသည် အိမ်ရှင်ထိုင်းနိုင်ငံ၏ ဧည့်သည်တော်အဖြစ်နှင့် အာဆီယံ အစည်းအဝေး ခန်းမအတွင်းသို့ ဝင်ခွင့်ရခဲ့၏။ ၁၉၉၅ ခုနှစ် ဘရူးနိုင်း အစည်းအဝေးတွင်လည်း အိမ်ရှင်နိုင်ငံ၏ ဧည့်သည်တော်အဖြစ်နှင့်သာ ၂၈ ကြိမ်မြောက် အာဆီယံ အစည်းအဝေးသို့ တက်ခွင့်ရခဲ့ပြန်၏။ ၁၉၉၆ ခုနှစ် ၂၉ ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာ အစည်းအဝေးတွင်မူ စစ်အုပ်စုသည် မြန်မာနိုင်ငံအား ကိုယ်စားပြုပြီး အာဆီယံအစည်းအဝေးတွင် လေ့လာသူနိုင်ငံအဖြစ်နှင့် တက်ခွင့်ရခဲ့၏။

ယခု…. ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့တွင် ကျင်းပမည့် အကြိမ် ၃ဝ မြောက် အာဆီယံအစည်းအဝေးက စစ်အုပ်စုအတွက် အရေးကြီး၏။ နိုင်ငံတကာ အသိုင်းအဝိုင်းတွင် အားလုံးမှ ဝိုင်း၍ ကျဉ်ထားသည့် အခြေအနေ၌…. အာဆီယံသည်သာ စစ်အုပ်စုအတွက် ကောက်ရိုးတမျှင်….။

၁၉၉၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အမျိုးသားဒီမိုကရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ဦးနှင့် တွေ့ဆုံဆွေးနွေးရန် နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က ကမ်းလှမ်းလာ၏။ မည်သို့နည်း….။ စစ်အုပ်စု၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်တွင်က …. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကိုယ်စားလှယ်အဖွဲ့နှင့် နဝတ မှ တွေ့ဆုံမည်ဟူ၍ ကမ်းလှမ်းခြင်းမျိုးမဟုတ်….။ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၂ ဦးဟု သတ်မှတ်၍ ကန့်သတ်ထား၏။ အဓိပ္ပာယ်က …. အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား မတွေ့နိုင်။ အသိအမှတ်မပြု….။ ဖယ်ချန်ထားခဲ့ခြင်း ဖြစ်၏။
နဝတ ၏ တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာမှုအား အဖွဲ့ချုပ်အနေနှင့် မည်သို့တုံ့ပြန်မည်နည်း။ အဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးထိုင်၍ ထိုကိစ္စအား ဆွေးနွေးကြ၏။ ပဏာမ အကြိုတွေ့ဆုံဆွေးနွေးမှု အနေဖြင့်…. တွေ့မည်။ ဤတွေ့ဆုံမှုအား…. စစ်အုပ်စုနှင့် အဖွဲ့ချုပ် တွေ့ဆုံမှု၏ ပထမခြေလှမ်းအဖြစ် ပုံပေါ်လာစေရန် ကြိုးပမ်းမည်။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့က … နဝတ ၏ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်မှုအား လက်ခံလိုက်၏။

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်….။
ဒဂုံရိပ်သာ၏ ဧည့်ခန်းမတွင် နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်ရွှေ၊ ဦးသန်းထွန်း၊ ဦးလှဖေတို့ တွေ့ဆုံကြ၏။ နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က…. အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား ထိပ်တိုက်ရင်ဆိုင်ရေးလမ်းစဉ်ကို ကျင့်သုံးနေသည်ဟု စွပ်စွဲသည်။ ဦးအောင်ရွှေ့က ဗိုလ်ချုပ်ခင်ညွန့်၏ စွပ်စွဲချက်အား ငြင်းဆို၏။

၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် ၈၂ % ကျော် အနိုင်ရရှိခဲ့သည့် ရလဒ်အား စစ်အုပ်စုမှ အသိအမှတ်ပြုခြင်း မရှိဘဲ…. ဖိနှိပ်မှုများအား ပြင်းပြင်းထန်ထန် ပြုလုပ်နေ၏။ ဤအတွက် ….. ထိပ်တိုက်ရင်ဆိုင်ရေး ဟူသည်ကား စစ်အုပ်စုသည်သာ ပြုလုပ်နေခြင်းဖြစ်သည်ဟု …. အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်းက ပြော၏။ နဝတ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ခင်ညွန့်မှ မငြင်းသာ…။ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် မော်ကျွန်းဦးလှဖေမှလည်း… အဖွဲ့ချုပ်၏ မြို့နယ်၊ ရပ်ကျေးအဆင့် အဖွဲ့အစည်းများကို သက်ဆိုင်ရာ အာဏာပိုင်တို့က… ဆိုးဆိုးဝါးဝါးပင် ဖိနှိပ်ချုပ်ချယ်နေသည်ဟု ဆို၏။ အချို့မြို့နယ်တွင် အဖွဲ့ချုပ်၏ ဆိုင်းဘုတ်အား အဓမ္မဖြုတ်ချ၏။ အဖွဲ့ဝင်များအား ဥပဒေမဲ့ ဖမ်းဆီးနေသည်ဟု ဆိုသည်။

နဝတ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ခင်ညွန့်က … အဖွဲ့ချုပ်ရုံးများ၏ ဆိုင်းဘုတ်များအား သက်ဆိုင်ရာ အာဏာပိုင်များမှ ဖြုတ်ချနေခြင်း။ အဖွဲ့ဝင်များအား ဖမ်းဆီးဖိနှိပ်နေခြင်းများအား မဖြစ်အောင် နဝတ အနေနဲ့ ပြုလုပ်ပေးမည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့်လည်း ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်… လုပ်ငန်းစဉ်အား ပြင်ပါ၊ ပြောင်းပါဟု ဆို၏။ အဖွဲ့ချုပ်နှင့် နဝတ ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ တွေ့ဆုံဆွေးနွေးမှုဟူသည်က နိုင်ငံရေးပြဿနာများအား ဆွေးနွေးကြခြင်းမဟုတ်…။ အဖွဲ့ချုပ်မှ မျှော်မှန်းထားခဲ့သည့် စစ်အုပ်စုနှင့် အဖွဲ့ချုပ် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်၏ ပထမခြေလှမ်း.. ပဏာမ ဆွေးနွေးမှုဟူသည့် အခြေအနေမျိုးမျှပင် မရှိခဲ့…။ တွေ့ဆုံရှင်းလင်းကြခြင်းမျှသာ…။

ဆွေးနွေးရှင်းလင်းပွဲဟူသည်က… ပြီးလေပြီ။
သို့သော်….။
နိုင်ငံတကာတွင်မူ နဝတ မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တွေ့ဆုံဆွေးနွေးပြီဟူ၍….။
အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ စစ်အုပ်စုကို မြန်မာနိုင်ငံအား ကိုယ်စားပြု၍ ဝင်ရောက်စေလိုသည့် နိုင်ငံများအတွက်မူ ဇူလိုင်လ ၁၇ ရက်နေ့ တွေ့ဆုံမှုကား… ၁၉၉၇ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် စစ်အုပ်စုအား အာဆီယံတွင် တင်းပြည့်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြု၍ ဝင်ခွင့်ပြုရန် ခိုင်လုံသည့် အကြောင်းပြချက်တခု ဖြစ်ခဲ့၏။

အမှန်စင်စစ် ….ဗိုလ်ချုပ်ခင်ညွန့်၏ အဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် ဇူလိုင်လ ၁၇ တွေ့ဆုံဆွေးနွေးသည် ဟူသည်ကား….။

ထိုကြောင့်…. ဤသို့ပင်…။

No comments: