Saturday, February 20, 2010

သတ်မှတ်ထားတဲ့နေ့အတိုင်း ငြိမ်းချမ်းရေး ၁၆ နှစ်ပြည့် ပွဲတော်ကို ကေအိုင်အို ကျင်းပမည်

ကေအင်ဂျီ

သတ်မှတ်ထားတဲ့နေ့အတိုင်း မြန်မာစစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲထားချိန် ၁၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကို ၅ ရက်ကြာ ကချင်ရိုးရာ မနော်ပွဲတော်ကြီးပြုလုပ်ဖို့အတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) က ပြင်ဆင်နေ ပါတယ်။

ဒီပွဲတော်အခမ်းအနားကို ကေအိုင်အို ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ကချင်ပြည်နယ် နမ္မတီးမြို့အနီး ကချင်လွတ် မြောက် ရေးတပ်ဖွဲ့ (ကေအိုင်အေ) တပ်ရင်း ၁၁ အခြေစိုက်ရာ Kasung Pa မှာ လာမဲ့ ဖေဖေါ်ဝါရီ ၂၃ မှ ၂၇ နေ့ထိ ကျင်းပသွားဖို့်ဖြစ်ကြောင်း ကေအိုင်အို အရာရှိ တွေ ပြောပါတယ်။

ကေအိုင်အို နဲ့ မြန်မာစစ်အစိုးရတို့ကြား ၁၉၉၄ ခုနှစ် ဖော်ဖေါ်ဝါရီ ၂၄ ရက်နေ့က အပစ်ခတ်ရပ်စဲရေး စာချုပ်ကို ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် လက်မှတ် ရေး ထိုးခဲ့တယ်။

ဒီကြားမှာပဲ ပွဲတော်နဲ့ပတ်သက်ပြီး “ပွဲကျင်းပခွင့် (ပွဲမိန့်) ရ၊ မရ” ကို စစ်အစိုးရ မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) က သက်ဆိုင်ရာ ကေအိုင်အို ဗဟိုအရာရှိများထံ မေးမြန်းထား ဆဲဖြစ်တယ်လို့ သိရပါတယ်။

ကေအိုင်အို ဌာနချုပ် တရုတ်နယ်စပ်အနီး လိုင်ဇာက အရာရှိများကတော့ ဒီချိန် ငြိမ်းချမ်းရေးကာလ ဖြစ်တဲ့ အတွက် ပွဲတော်ကို သတ်မှတ် ထားတဲ့နေ့အတိုင်း ကျင်းပသွားမည်ဖြစ်တယ်လို့ ကချင်သတင်းဌာနသို့ ပြောပါတယ်။

Kasung မနောပွဲတော်မှာ ကချင်ပြည်နယ်မှာ အသီးသီးနေထိုင်ကြတဲ့ ကချင်အပါအ၀င် တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဌာနေတိုင်းရင်းသား ခေါင်းဆောင်တွေ ရိုးရာယဉ်ကျေးမှုအဖွဲ့စည်းများကိုလည်း ဖိတ်ခေါ် ထားပါတယ်။

ဒီ ပွဲတော်ကြီးကို ကေအိုင်အို ဗဟိုက ကျင်းပတာဖြစ်ပြီး ပွဲတော်ပြင်ဆင်မှုတွေကိုတော့ ဟူးဟောင်းဒေသ အခြေစိုက် ကေအိုင်အေ တပ်မဟာ ၂ က တာဝန်ယူကြောင်း သိရပါတယ်။

No comments: