Thursday, February 25, 2010

“မရဏာ နုသတိ” နှင့် စာပေသြဇာ…


(က)
ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္တုတိုစာအုပ်တွင် အမှာစာရေးပေး၏။ ဝတ္တုတိုစု၏ ခေါင်းစီးအမည်ကိုပင် မမှတ်မိတော့ ......။ သို့သော် .... ဆရာမြသန်းတင့်၏ အမှာစာကိုမူ အမှတ်ရနေဆဲ....။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ ဝတ္တုတိုစုတွင်ပါသည့် ဝတ္တုတိုတပုဒ်အား အမှာစာတွင် ကောက်နုတ်၍ဖော်ပြ၏။

“ချောင်းဟန့်သံ“ .... ဝတ္တုတိုဖြစ်သည်။ “ချောင်းဟန့်“ တတ်သည့် စာရေးကြီးတဦး၏ အခက်ကြုံရပုံများအား ဆရာဂျိုဇော်က ရေးထားခြင်း ဖြစ်သည်။ ဆရာမြသန်းတင့်က ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” အား ဖတ်ရင်း သူလည်း “ချောင်းဟန့်” ချင်လာသည်ဟု ဆိုသည်။ ထိန်း၍မရ ...။ “ဆရာမြ” အားပါးတရပင် ချောင်းဟန့်လိုက်ရသည်။

ဤကား ဆရာဂျိုဇော်၏ “ချောင်းဟန့်သံ” ဝတ္တုတိုကြောင့် ဆရာမြသန်းတင့် ဖတ်ရင်း အခက်ကြုံရမှု.....။ ကျနော်ကမူ ........။


(ခ)
ယခုရက်ပိုင်းအတွင်း ဆရာဖေမြင့်၏ ဝတ္တုတိုတပုဒ်အား အကြိမ်ကြိမ် ပြန်၍ဖတ်ဖြစ်၏။ မဖတ်ဘဲလည်း မနေနိုင်။ ဖတ်ပြန်တော့လည်း အခက်ကြုံရသည်ဟု ဆိုရမည်။ ဆရာ၏ ဝတ္တုတိုအနုပညာက ကြီးမားစွာ လွှမ်းမိုးရိုက်ခတ်လွန်းလှသည်။ ၁၉၈၇ ခုနှစ်၊ ဇူလိုင်လထုတ် မြတ်လေး မဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ဆရာ၏ “မရဏာ နုသတိ“ ဝတ္တုတို ဖြစ်သည်။


(ဂ)
“မရဏာ နုသတိ” တွင် တဦးတည်းသော ဇာတ်ကောင်သာပါ၏။ အခြားဇာတ်ရံများမပါ။ ဇာတ်ကောင်က ဒေါက်တာငွေရ......။ အသက် ၂၆ နှစ်ရှိ ဆရာဝန်တဦး ဖြစ်သည်။ အသည်းကင်ဆာရောဂါအား စတင်ရရှိပြီ ဟူသည်အား သိရှိသည့်အချိန်မှစ၍ နောက်ဆုံးထွက်သက် ကုန်ချိန်အထိ ဒေါက်တာငွေရ၏ စိတ်အာရုံ၌ ခံစားရမှု၊ ထွေပြားမှုများအား ဇာတ်ကောင်မှ ပြန်၍ပြောပြနေသည့် ပုံစံနှင့် ရေးထား၏။ ခန္ဓာဗေဒဆိုင်ရာ သုတများ မပါသော်လည်း ... ဇာတ်ကောင်ကိုမူ ကျောင်းပြီးစ ဆရာဝန်တဦးအဖြစ်နှင့် ထား၏။ ဆေးပညာဗဟုသုတ ရှိသူတဦး ဖြစ်စေလို၍ ဖြစ်မည်။

တနေ့ ....။
ဒေါက်တာငွေရ၏ လက်ယာဘက်နံဘေးမှ နာသလိုအောင့်သလို ဖြစ်သည်။ လက်သီးဆုတ်နှင့် ထုကြည့်၏။ နာသလို အောင့်သလိုက တိုး၍လည်း မနာလာ၊ ပျောက်၍လည်း မသွား...။ ဤနေရာတွင်… ဘာရှိလဲ။ ဆရာဝန် ဖြစ်သည့် ဒေါက်တာငွေရက သိသည်။ အသည်း။ ဘာဖြစ်နိုင်လဲ...။ အသည်းရောင် အသားဝါလား ...။ ဝမ်းကိုက်ပိုး တမျိုးမျိုး အသည်းတွင်ဝင်ပြီး အနာဖြစ်လို့လား ...။ ဒါမှမဟုတ် ...အသည်းကင်ဆာလား ...။ ဖြစ်နိုင်ခြေက အမျိုးမျိုး။ အသည်းရောင်အသားဝါဆိုရင် ပြဿနာမရှိ။ အနေအစားဆင်ခြင်ပြီး ဆေးဝါးမှီဝဲလျှင် ပျောက်နိုင်၏။ မသေနိုင်သေး။ အသည်းကင်ဆာဆိုလျှင် ...။ ခြောက်လလား ... တနှစ်လား ။ မတတ်နိုင်...။ နာသည်ကလည်း မခံမရပ်နိုင် ဖြစ်မလာ။ သို့နှင့် ဆေးဝါးစစ်ဆေးမှု မပြုလုပ်ဖြစ်ခဲ့။

တနေ့ ...။
“အတန်ကြာသော တနေ့ ကျနော့်နံဘေးကို အကျင့်ပါနေသည့်အလျောက် စမ်းကြည့်မိစဉ် လက်ယာဘက် နံရိုးစောင်းအောက်မှနေ၍ ခပ်မာမာ အစိုင်အခဲတခု ဝမ်းဗိုက်ပိုင်းသို့ ထွက်ပြူ၍နေသည်ကို စမ်းသပ်တွေ့ရှိလိုက်ရသည်။

ခေါင်းနပန်း ကြီးသွားသည်။ ကြက်သီးမွေးညင်း ထသွားသည်။ အသည်းကြီးပါလား၊ နံရိုးထိပ်ဖျားကို စမ်းမိနေတာ ဖြစ်ပါစေ။ ဟင့်အင်း၊ အသည်း၊ အသည်းပဲ ဖြစ်မှာပါ။ ဟုတ်သည်၊ ကျနော့်အသည်းသည် အောက်ဘက်သို့ ကြီးထွားထိုးထွက်နေချေသည်တကား။ ကြီးနေသည့်အစိတ်အပိုင်းက ခပ်မာမာ၊ နည်းနည်းဖိကြည့်တော့ နာလည်း သိပ်မနာ။ တကိုယ်လုံး ထူပူသွားသည်။ ကင်ဆာနဲ့ တူတယ်။ အသည်းကင်ဆာ၊ ဒါဆိုရင် သွားပြီ၊ လေးငါးခြောက်လ”

အကြိမ်ကြိမ်ဖတ်သည်။ ဖတ်သည့်အခါတိုင်း ဤနေရာရောက်လျှင် ကျနော်ဝတ္တုတိုအား ဆက်၍ မဖတ်ဖြစ်တော့။ စာအုပ်အား ဘေးတွင်ချပြီး ကျနော့်လက်က ကျနော်၏ လက်ယာဘက် နံဘေးဆီသို့ စမ်းကြည့်မိ၏။ နံရိုးအောက်နားက၊ နာသလို၊ အောင့်သလို။ ဖြည်းဖြည်းချင်း ကျနော်၏ လက်ဝဲဘက်လက်အား လက်ယာဘက် နံရိုးအောက်နားဆီသို့ နေရာရွှေ့မိ၏။ ပထမ ... ဖိ၍မစမ်းရဲ။ ပြီးမှ ဖြည်းဖြည်းချင်း ဖိ၍စမ်းကြည့်မိသည်။ ကြီးထွားထိုးထွက်နေသော ကျနော့်အသည်းအား စမ်းမိမည်လား...။ တော်ပါသေးရဲ့ .....။ သက်ပြင်းချမိ၏။ ပြီးလျှင် နာသလို၊ အောင့်သလို ဖြစ်နေသလား...။ မကွဲပြား...။ “မရဏာ နုသတိ” အား ဖတ်မိတိုင်း ကျနော် ပြုနေကျ၊ ဖြစ်နေကျ၊ ခံစားရနေကျ။ ခက်ပြီ။ ဆရာဖေမြင့်က ဒေါက်တာဖေမြင့် ဖြစ်သည်။ ဆရာဝန် စာရေးဆရာတဦး ......။ “မရဏာ နုသတိ” အား ဆရာဝန်တဦးမှ ရေးခြင်းမဟုတ်ဘဲ စစ်ဗိုလ်စာရေးဆရာတဦးက ရေးသော် ဤမျှ သြဇာလွှမ်းလိမ့်မည်မဟုတ်......။ ပြီးလျှင် .... ကျနော်ကိုယ်တိုင်ကလည်း သူရာမေရယ ကံအား မစောင့်ထိန်းခဲ့သည်မှာလည်း ကြာခဲ့ပြီ.......။


No comments: