Thursday, February 25, 2010

ရေဖြူမြို့နယ်ရှိ ဒေသခံများလည်း ပြည်သူ့စစ်ဝင်လုပ်နေရ

ကွန်းဟဒေ့

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများမှာလည်း မြန်မာစစ်အစိုးရ တပ်တို့၏ညွန်ကြားချက်ဖြင့် ရွာသားများ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့နေရသည်ဟု သိရသည်။

ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်ခွဲ ရားဖူးကျေးရွာရှိ ပြည်သူ့စစ်များသည် လွန်ခဲ့သည့်ရက်သတ္တပတ်ခန့်မှစကာ ပြည်သူ့စစ်သင်တန်းတက်ရောက်နေရပြီး၊ အလယ်စခန်းကျေးရွာမှာလည်း သင်တန်းတက်ရောက်ခဲ့ပြီးဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

"၂၀၀၉ အောက်တိုဘာလမှာ ပြည်သူ့စစ်အစီအစဉ်စဖို့ ဗျူဟာမှူးက အစည်းအဝေးခေါ်တုန်းမှာ ပြောထားတယ်၊ ဒါပေမယ့် ၂၀၁၀ ဖေဖော်ဝါရီလလောက်မှ သင်တန်းစဖွင့်ဖြစ်တယ်၊ ဗျူဟာမှူးက အခုလို ပြည်သူ့စစ်ဖွဲ့ရတာဟာ ကျေးရွာလုံခြုံရေးအတွက်ဖြစ်တယ်လို့ အစည်းအဝေးမှာ ပြောခဲ့တယ်” ဟု ၄င်းက ဆိုသည်။

ကလိန်အောင်မြို့နယ်ခွဲ ကားလမ်းတစ်လျှောက်ရှိကျေးရွာများအနက် ရွာကြီးနှစ်ရွာဖြစ်သည့် အလယ်စခန်းကျေးရွာနှင့် ရားဖူးကျေးရွာတို့သည် တခြားကျေးရွာများထက် ကျေးရွာပြည်သူ့စစ်လုပ်ရမည်ဟု အစည်းအဝေးတွင် ဗျူဟာမှူးက ပြောခဲ့သည်ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် အမည်မဖော်မလိုသူ ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေအရ အလယ်စခန်းကျေးရွာနှင့် ရားဖူးကျေးရွာနှစ်ရွာသာ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့နေရပြီး၊ လော့သိုင်းကျေးရွာ၊ ကျောက်တလင်းကျေးရွာ၊ ကျောက္ကဒင်ကျေးရွာနှင့် တခြားကျေးရွာများက ထိုကျေးရွာနှစ်ရွာအတွက် ငွေကြေးပေးဆောင်နေရသည်။

“ဘကြီးတို့ရွာက ငွေတစ်သိန်းပေးရတယ်၊ ပြည်သူ့စစ်တော့မဖွဲ့ထိဘူး၊ တခြားပြည်သူ့စစ်မရှိတဲ့ ရွာတွေမှာလည်း ဘကြီးတို့ရွာလိုပဲ ငွေပေးနေရတယ်” ဟု အခြားဒေသခံတစ်ဦးက ပြောသည်။

၎င်းက ပြည်သူ့စစ်မပြုလုပ်ရသေးသော ကျေးရွာများက ပထမအကြိမ် ငွေပေးဆောင်နိုင်သော်လည်း တောင်းခံမှုများလာသောအခါ ငွေကြေးမပေးဆောင်နိုင်သည့်အချိန်မှာ ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့ဆောင်ခိုင်းမည်ဟု ဆိုသည်။

ထိုင်းနိုင်ငံရောက် ဒေသခံတစ်ဦးကလည်း “အဲဒါကြောင့် ကျနော်ရွာမှာ မနေချင်တာ၊ ပြည်သူ့စစ်လုပ်ရမှာနဲ့ မလုပ်ပြန်တော့လည်း ပိုက်ဆံပေးရတာနဲ့ စိတ်ကုန်လာတယ်” ဟု ၄င်းက ဆိုသည်။

No comments: