Thursday, February 25, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၆

မင်းဟန်

(၁၉၉)
“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အမျိုးမျိုး အဖုံ ဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ…” အမည်ဖြင့် စာတမ်းတစောင်အား ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလ အတွင်းမှ စ၍ ဒေါ်အောန်ဆန်းစုကြည် ပြုစုရေးသားနေခဲ့၏။ စာတမ်းက ….အချောသတ်အဆင့်သို့ပင် ရောက်၍နေပြီ။ ၁၉၉၆… ၁၉၉၇ ၂ နှစ်တာကာလ အတွင်း… အာဏာပိုင်စစ်အုပ်စုနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တို့မှ အဖွဲ့ချုပ်အပေါ် ဥပဒေမဲ့ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်မှုများအား ပြုစုရေးသားထားခြင်း ဖြစ်သည်။

စာတမ်းတွင်ပါရှိသည့် အကြောင်းအရာ၊ အချက်အလက်များနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်နှင့် ဆွေးနွေးရန် ကော်မရှင်သို့ စာတမ်းမိတ္တူအား ပေးပို့၍ အကြောင်းကြားကမ်းလှမ်းခဲ့သည်မှာ ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ကတည်းက ဖြစ်သည်။ ကော်မရှင်က မည်သို့မျှ အကြောင်းမပြန်….။ ငြိပ်ဝပ်နေ၏။ ကော်မရှင်မှ အကြောင်းမပြန်သော်လည်း …. ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင်မူ ….စစ်အုပ်စု၏ ပြည်ထဲရေးဝန်ကြီး၊ ဗိုလ်မှူးကြီး တင်လှိုင်က အဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်များအား ခေါ်ယူတွေ့ဆုံပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထုတ်ဝေနေသည့် စာရွက်စာတမ်းမှန်သမျှအား မထုတ်ဝေရန် ပိတ်ပင်တားမြစ်၏။ အဖွဲ့ချုပ်အနေဖြင့် ပြည်ထဲရေးဝန်ကြီး၏ တားမြစ်ချက်အား မည်သို့မျှ မလိုက်နာနိုင်။ လက်ခံ၍မရ…။ ဖီဆန်ရပေမည်။

ပါတီစုံဒီမိုကရေစီစနစ်အား ဖော်ဆောင်မည့် နိုင်ငံရေး အဖွဲ့အစည်းတရပ်အနေနှင့်…. လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်၊ သတင်းပြန်ကြားခွင့်၊ ဝါဒသဘောထားများအား ထုတ်ပြန်ဖြန့်ချိခွင့်၊ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်များ ရှိရပေမည်။ ဤသည်တို့မှ မရှိလျှင်….။ ပိတ်ပင်ခြင်းခံနေရလျှင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆီသို့ ဦးတည်ခြင်းသည်လည်း… ဦးတည်ရာ လမ်းလွဲ၍ နေပေလိမ့်မည်။

ပြီးလျှင် ….. နိုင်ငံရေးပါတီတရပ်၏ အခြေခံလွတ်လပ်ခွင့်မျှ မရှိလျှင် … ထိုနိုင်ငံရေးအဖွဲ့အစည်းသည်လည်း သေဆုံးခြင်းနှင့် မည်သို့မျှ မထူးခြားတော့…။

စစ်အုပ်စုက ၁၉၈၉ ခုနှစ်တွင် နိုင်ငံရေးအဖွဲ့အစည်းများအား ၁၉၅ဝ ခုနှစ် ပုံနှိပ်ထုတ်ဝေသူများ ဥပဒေအရ ပုံနှိပ်ထုတ်ဝေခွင့်အား တင်ခိုင်း၏။ ပုံနှိပ်ထုတ်ဝေခွင့် (န/သ) ရရှိမှသာ ပုံနှိပ်ထုတ်ဝေခွင့်ရှိမည်ဟု ဆို၏။ ဤအတွက် နိုင်ငံရေးပါတီများက အာဏာပိုင်များထံတွင် ပုံနှိပ်ထုတ်ဝေခွင့် (န/သ) အား လျှောက်ကြရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည်လည်း ထိုစဉ်က… အတွင်းရေးမှူးအဖွဲ့ဝင်တဦးဖြစ်သည့် ဦးချစ်ခိုင်မှ ပုံနှိပ်ထုတ်ဝေခွင့်အား လျှောက်၏။ ကင်းလွတ်ခွင့်အမှတ် န/သ-ဝ၅၂ ဖြင့် အဖွဲ့ချုပ်သည် ‘မှတ်တမ်းလွှာ’ များ၊ စာအုပ်စာတမ်းများ၊ ကြေညာချက်များအား ပုံနှိပ်ထုတ်ဝေခဲ့၏။ နောက်ပိုင်းတွင်မူ စစ်အုပ်စုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ကင်းလွတ်ခွင့်အမှတ် န/သ-ဝ၅၂ ကိုပင် ပြန်လည်သိမ်းယူလိုက်ပြီး အဖွဲ့ချုပ်၏ ပုံနှိပ်ထုတ်ဝေခွင့်အား ပိတ်ပစ်လိုက်သည်။ ဤအတွက် အဖွဲ့ချုပ်သည် (နဝတ) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးထံသို့ အိပ်ဖွင့်ပေးစာ၊ ကော်မရှင် ဥက္ကဋ္ဌ ဦးဘဋ္ဌေးထံသို့ ပေးစာများနှင့် အဖွဲ့ဝင်များအတွက်သာ ဖြန့်ဝေသည့် ကြေညာချက်များကိုသာ ထုတ်ဝေခဲ့ရ၏။

ယခု….။
ပြည်ထဲရေးဝန်ကြီးက ဤသို့သော ပေးစာများနှင့်၊ ကြေညာချက်များကိုပင် မထုတ်ဝေရန် ပိတ်ပင်လာပြန်၏။ ဤကန့်သတ်ပိတ်ပင်မှုအား လက်ခံ၍က မည်သို့မျှမဖြစ်…။ မတရားသော အမိန့်အာဏာဖြစ်၍… ဖီဆန်ရပေမည်။ ဤအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ….

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုးအဖုံဖုံ၊ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများ” စာတမ်းအား ရေး၏။ ပြီးလျှင် …. ပြန်နယ်၊ တိုင်းစည်းရုံးရေးအဖွဲ့ဝင်များ၊ မြို့နယ်၊ ရပ်ကျေးစည်းရုံးရေး အဖွဲ့ဝင်များနှင့် ဗဟိုဌာနချုပ်ရှိ ဌာနများ၊ လုပ်ငန်းအဖွဲ့များအားလုံးသို့ ဖြန့်မည်။


(၂ဝဝ)
စာတမ်းတွင် အပိုဒ်ပေါင်း ၂၄ ပိုဒ် ပါရှိ၏။ စာတမ်းအား ပထမဦးစွာ ….အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် (နဝတ) ၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ (ဥပဒေအမှတ် - ၄/၈၈) နှင့် အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်တွင် နိုင်ငံရေး အဖွဲ့အစည်း တရပ်အဖြစ် တရားဝင် မှတ်ပုံတင်ခဲ့ကြောင်း ဖော်ပြ၏။ ပြီးလျှင် …. ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအခန်း (၁) ပုဒ်မ - ၂ (က) ’ ၊ ‘အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ - ၂ (ခ) ’ ၁၉၈၉ ခုနှစ် မတ်လ ၂၂ ရက်နေ့၊ ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်၏ ‘ထုတ်ပြန်ကြေညာချက်အမှတ် (၂၄၅) အပိုဒ် - ၃ နှင့် အပိုဒ် - ၄ တို့တွင် ပါရှိသည့် ပြဋ္ဌာန်းချက်များအား ကောက်နုတ်ဖော်ပြ၏။

“နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ အခန်း (၁) ၊ ပုဒ်မ - ၂ (က) တွင်… နိုင်ငံရေးပါတီ ဆိုသည်မှာ စစ်မှန်သော ပါတီစုံဒီမိုကရေစီကို လက်ခံကျင့်သုံးသော အဖွဲ့အစည်းကို ဆိုသည်” ဟူ၍ သတ်မှတ်ပြဋ္ဌာန်းပြီး…..

“အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ (ခ) တွင်က… နိုင်ငံရေးအသင်းအဖွဲ့ ဆိုသည်မှာ နိုင်ငံရေးအယူဝါဒ တခုခုပေါ်တွင် အခြေခံ၍ နိုင်ငံရေးစည်းရုံးလှုပ်ရှားမှုကို တနည်းနည်းပြုသော အသင်းအဖွဲ့ကို ဆိုသည်”…. ဟု ဖော်ပြထားသည်။ ပြီးလျှင်…..

“ကြေညာချက်အမှတ် - (၂၄၅) အပိုဒ် - ၃ တွင် ‘ယခုမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ အဖွဲ့အစည်းများသည် ဤကော်မရှင်က ကြီးကြပ်ဖွဲ့စည်းပေးသော အဖွဲ့အစည်းများ မဟုတ်ဘဲ မိမိတို့၏ ဆန္ဒအလျောက် ပါတီဖွဲ့စည်းပုံများ၊ စည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များကို ရေးဆွဲပြီး၊ နာယကနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်”…. ဟူ၍ ပြဋ္ဌာန်းထား၏။

“ကြေညာချက်အမှတ် -(၂၄၅) ၏ အပိုဒ် - ၄ တွင်မူ… ထိုသို့မှတ်ပုံတင်စဉ်က တင်ပြသော သက်ဆိုင်ရာ ပါတီအဖွဲ့အစည်းများ၏ ဖွဲ့စည်းပုံစည်းမျဉ်းများ၊ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ၊ နာယကနှင့် အလုပ်အမှုဆောင် အဖွဲ့ဝင်များ စာရင်းကိုမူ ကော်မရှင်က မှတ်တမ်းတင်ထားပါသည်။ ထို့ပြင်… အလုပ်အမှုဆောင်အဖွဲ့နှင့် ဖွဲ့စည်းပုံစည်းမျဉ်းများ ပြုပြင်ပြောင်းလဲမှုရှိ၍ ကော်မရှင်သို့ ထပ်မံတင်ပြလာသည့် အခါတွင်လည်း ကော်မရှင်က ဆက်လက်မှတ်တမ်းတင်ထားလျက် ရှိပါသည်”….ဟု ဖော်ပြထားသည်။

ကောက်နုတ်ချက်များအရမူ ….ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်…။ နိုင်ငံရေးအဖွဲ့အစည်းများ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ဟူသည်က ရှင်းလင်းလျက်ရှိသည်။ သို့သော် ….လက်ငင်းဖြစ်ပျက်နေသည့် အခြေအနေများက ဤသို့မဟုတ် ….ဤသို့သော် အခြေအနေများအား ဒေါ်အောင်ဆန်းစုကြည်သည် စာတမ်းအပိုဒ် ၁၅ တွင် ပြည့်ပြည့်စုံစုံပင် ထည့်သွင်း၍ ဖော်ပြ၏ …..

“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်၏ ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့် နောက်ပိုင်း လုပ်ဆောင်ချက်များသည် ပါတီတွင်း ဒီမိုကရေစီကျင့်သုံးခြင်းကို ပယ်ဖျက်သလိုဖြစ်နေပြီး၊ ပါတီစုံ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးကိုပင် ထိခိုက်နေပါသည်” ဟူ၍ ကောက်ချက်အား ဆွဲပြရင်း… အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး အဖုံဖုံ ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်၊ ပိတ်ပင်၊ တားမြစ်နေမှုများကို အပိုဒ်ခွဲ၍ တချက်ခြင်း ဖော်ပြသည်။

(က) နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၏ အဆင့်ဆင့်သော ဦးဆောင်အဖွဲ့များကို ၂၆၊ ၄၊ ၉၁ နေ့တွင် တည်ရှိသော အင်အားအတိုင်း ထားရှိရန်နှင့် တိုးချဲ့ဖွဲ့စည်းခြင်း မပြုရန်ဟု ၂၈၊ ၈၊ ၉၁ ရက်နေ့တွင်မှ ၄ လခွာ၍ နောက်ကြောင်းပြန် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

(ခ) ဦးဆောင်အဖွဲ့ဝင် ၅ ဦးထက် လျှော့နည်းသွားပါက ယင်းအဖွဲ့အစည်းများသည် ပျက်ပြယ်ရမည်ဟု ဆိုကာ… အာဏာပိုင်တို့၏ တမင်သက်သက် နည်းအမျိုးမျိုးဖြင့် ဖိအားပေးအကျပ်ကိုင်မှုတို့ကြောင့် ဦးဆောင်အဖွဲ့ဝင် ၅ ဦး မပြည့်တော့သော ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်/ကျေးတို့အား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဌာနချုပ်) ကိုပင် အသိမပေးတော့ဘဲ ဖျက်သိမ်းခဲ့ခြင်း။

(ဂ) အပြစ်ရှာပြီး တရားစွဲဆိုခြင်းခံရသော ပြစ်ဒဏ်ကျခံရသည့် ပါတီဝင်များအား ပါတီမှ ထုတ်ပယ်ရန် ညွှန်ကြားစာထုတ်ပြန်ခဲ့ခြင်း။

(ဃ) အဖွဲ့ချုပ်အတွင်း ဖွဲ့စည်းခြင်း၊ တာဝန်ပေးအပ်ခြင်း၊ တာဝန်မှ ရပ်စဲခြင်း စသည့် အဖွဲ့ချုပ်၏ တရားဝင် လုပ်ငန်းများအပေါ် ကန့်သတ်ခြင်း။

(င) အဖွဲ့ဝင်များ စည်းရုံးစုဆောင်းခြင်းကို တားမြစ်ခြင်း။

(စ) အဖွဲ့ချုပ်အစည်းအဝေးများ ကျင်းပခြင်းကို ပိတ်ပင်ခြင်း။

(ဆ) အဖွဲ့ချုပ်ရုံးများဖွင့်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းများကို ခွင့်မပြုခြင်း၊ ဆိုင်းဘုတ်များကို အတင်းအဓမ္မ ဖြုတ်ချခြင်း။

(ဇ) နေ့ထူးနေ့မြတ်များ၌ အခမ်းအနားများ ကျင်းပခြင်းကို တားဆီးခြင်း။

(ဈ) စာရွက်စာတမ်းများ ပုံနှိပ်ထုတ်ဝေခွင့် မပြုခြင်း။

(ည) အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအား အမျိုးမျိုးအပြစ်ရှာ၍လည်းကောင်း၊ ခြိမ်းခြောက်၍လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်စေခြင်း။

(ဋ) ပြစ်မှုကျူးလွန်ခြင်း မရှိပါဘဲလျက်၊ အဖွဲ့ချုပ်အဖွဲ့ဝင် ခရီးသွားလာခြင်းကို သက်ဆိုင်ရာ မြို့နယ်အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ သွားလာနိုင်ခြင်း၊ ကာယကံရှင် အဖွဲ့ချုပ်အဖွဲ့ဝင်များ ခရီးသွားလျှင် ၎င်းတို့၏ ဇနီးများကို ဖမ်းဆီးခေါ်ဆောင်သွားခြင်း။

(ဌ) မိသားစုများ၏ စားဝတ်နေရေးအတွက် အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်ခြင်း။

(ဍ) နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေးများတွင် အပြစ်ကို မတွေ့တွေ့အောင် ပိုက်စိတ်တိုက်ရှာပြီး တရားစွဲဆိုမည်ဟု အကျပ်ကိုင်ခြင်း။

(ဎ) မိသားစုများ၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး စသည်တို့၏ အခွင့်အရေးများကို ကန့်သတ်ခြင်း၊ ယင်းကိစ္စများနှင့် သက်ဆိုင်သော သွားလာခွင့်များကိုပင် ကန့်သတ်ခြင်း။ အဖွဲ့ချုပ်အဖွဲ့ဝင် ဆရာဝန်များ၏ ဆ/မ လက်မှတ်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင် ရှေ့နေများ၏ မှတ်ပုံတင်ကဒ်ပြားနှင့် လိုင်စင်များကို ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း၊ သက်ဆိုင်ရာ ဆရာဝန်များ၏ အကျင့်စာရိတ္တပျက်ပြားခြင်း၊ ဆရာဝန် တာဝန်လစ်ဟင်းခြင်း၊ ရှေ့နေများတွင် ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာပျက်ပြားခြင်းတို့ မရှိပါဘဲလျက် ၎င်းတို့အား လုပ်ထုံးလုပ်နည်းများနှင့်အညီ စုံစမ်းစစ်ဆေးမှုများ မပြုလုပ်ဘဲ တဖက်သတ် ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်းများ မပြုလုပ်နိုင်ပါဘဲလျက် လုပ်ဆောင်နေခြင်း။

(ဏ) အဖွဲ့ဝင်အချို့ထံ လိုက်လံ၍ အသင့်ပါလာသော ပုံစံတွင် အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ကြောင်း အတင်းအဓမ္မ လက်မှတ်ရေးထိုးစေခြင်း။

(တ) အဖွဲ့ဝင်များ ခရီးသွားလာရာတွင် မော်တော်ကား၊ မီးရထား၊ ရေယာဉ်နှင့် လေယာဉ်လက်မှတ်များ ရောင်းချခြင်း မပြုရန် တားမြစ်ခြင်း။

(ထ) အချို့မြို့နယ်များတွင် အာဏာပိုင်အဖွဲ့အစည်းများက အဖွဲ့ချုပ်ရုံးအဖြစ် ငှားရမ်းထားသည့် အိမ်ခန်းပိုင်ရှင်များအား ဆင့်ခေါ်ပြီး အဖွဲ့ချုပ်ကို ပြစ်မှုတစုံတရာဖြင့် အရေးယူခဲ့လျှင် အိမ်ရှင်ကိုပါ အရေးယူခံရမည်ဟု ခြိမ်းခြောက်၍ အကျပ်ကိုင်ပြီး သိရှိကြောင်း ဝန်ခံချက် ရေးထိုးစေခြင်း။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတွင် ထိုကဲ့သို့ အရေးယူနိုင်ကြောင်း မည်သို့မျှ ပြဋ္ဌာန်းထားခြင်း မရှိပါ။ ဤသို့သော လုပ်ဆောင်ချက်သည် ဥပဒေကို ကျော်လွန်၍ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ တရားဥပဒေစိုးမိုးရေးဟူသော ဦးတည်ချက်နှင့် ဆန့်ကျင်နေပါသည်။

(ဒ) အဖွဲ့ချုပ်သည် တည်ဆဲဥပဒေများကို ကျူးလွန်၍ အရေးယူခံရပါက အဖွဲ့ချုပ်ရုံးခန်းအဖြစ် ငှားရမ်းထားသော အခန်းကိုပါ ပိတ်သိမ်းမည်ကို သိရှိကြောင်းအား အချို့မြို့နယ်များ၏ အာဏာပိုင်တို့က အိမ်ရှင်အား လက်မှတ်ရေးထိုးစေခြင်း။

(ဓ) အချို့မြို့နယ်များတွင် အဖွဲ့ချုပ်၏ အစည်းအဝေးသို့ အာဏာပိုင်များ၏ ကိုယ်စားလှယ်များ စေလွှတ်၍ တတ်ရောက်နားထောင်စေခြင်း၊ သတင်းအချက်အလက်ရယူခြင်း။

(န) အဖွဲ့ချုပ်အဖွဲ့ဝင်များအား ပြစ်မှုကျူးလွန်လေ့ရှိသူများကဲ့သို့ ကိုယ်ရေးရာဇဝင်ယူခြင်း၊ ဓာတ်ပုံရိုက်ယူခြင်းများ ပြုလုပ်ပြီး ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်အပ်ဥပဒေအရ လက်မှတ်ရေးထိုးစေခြင်းတို့ ဖြစ်ပါသည်။ အကယ်စင်စစ် ဤလုပ်ပိုင်ခွင့်အာဏာကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကော်မရှင်နှင့် အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်တို့အား ဥပဒေ၊ နည်းဥပဒေတို့ဖြင့် အပ်နှင်းထားခြင်း မရှိပါ။” ….ဟူ၍ ပြည့်ပြည့်စုံစုံပင် ထည့်သွင်းရေးသားပြီး …စာတမ်း၏ နောက်ဆက်တွဲအနေနှင့်မူ…. အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပေါ် အာဏာပိုင် အဖွဲ့အစည်းအသီးသီးမှ တရားဥပဒေမဲ့ လုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်များအား ဗဟိုဌာနချုပ်နှင့် ပြည်နယ်တိုင်း ၁၄ ခုအလိုက် ဖော်ပြထား၏။

အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ…. “နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ တရားဝင် မှတ်ပုံတင်ထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပေါ် အမျိုးမျိုး ဖိနှိပ်၊ ချုပ်ချယ်၊ ကန့်သတ်ပိတ်ပင်၊ တားမြစ်နေမှုများ” စာတမ်းအား ၁၉၉၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အဖွဲ့ဝင်များအတွင်း ဖြန့်ဝေလိုက်၏။

စစ်အုပ်စုပြည်ထဲရေးဝန်ကြီး၏ အမိန့်အား… ဖီဆန်ခြင်း…။

No comments: