Monday, February 22, 2010

စတိတ်ရှိုးကြည့်ချင် အရက် (၁) ပါကင်ဝယ်

မျိုးဝင်းဇော်/ ၂၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

မန္တလေး ဆီဒိုးနားဟိုတယ်တွင် ပြုလုပ်မည့် ဇော်ပိုင်၊ R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင် တို့၏ ရှိုးပွဲကို ကြည့်လိုသူများအနေဖြင့် ကျပ် (၁၈,ဝဝဝ) ပေးပြီး အရက် (၁) ပါကင် ဝယ်ယူရမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ စုံစမ်းသိရသည်။

ပွဲစီစဉ်သူတဦးက “ကျနော်တို့ရဲ့ Red Cat အမှတ်တံဆိပ် အရက်က Brand အသစ်ပါ။ ကျပ် (၁၈,ဝဝဝ) ဖိုးဆိုရင် အဲဒီအရက် ပုလင်းပြားလေး (၁၂) လုံးပါ (၁) ပါကင်ရပါမယ်။ နောက် စပို့ရှပ်တထည်နဲ့ ရှိုးပွဲ အထူးတန်း ပွဲကြည့်လက်မှတ် (၁) စောင်ရပါမယ်။ ကျပ် (၁၃,၅ဝဝ) ဖိုးဆိုရင် အရက်ပုလင်းပြား (၁၂) လုံးပါ (၁) ပါကင်၊ တီရှပ် (၁) ထည်၊ ရိုးရိုးတန်း ပွဲကြည့်လက်မှတ် (၁) စောင် ရပါမယ်” ဟု ပြောသည်။

၎င်း၏ပြောပြချက်အရ ရှိုးပွဲလက်မှတ်များကို သီးသန့်ရောင်းချမည်မဟုတ်ဘဲ အရက် (၁) ပါကင် ဝယ်သူကိုမှ ရောင်းချပေးမည်ဟု သိရသည်။

မန္တလေးမြို့ခံတဦးက ယခုကဲ့သို့ စတိတ်ရှိုးပွဲကို အရက်နှင့်တွဲရောင်းချခြင်းသည် အတော်ဆိုးရွားသည့် အစီအစဉ်ဖြစ်ကြောင်း၊ စတိတ်ရှိုးပွဲ ကြိုက်နှစ်သက်သူများမှာ လူငယ်လူရွယ်သာများပြီး မိန်းကလေးများလည်း ပါဝင်ကြောင်း၊ ရှိုးပွဲသွားကြည့်သူတိုင်း အရက် (၁၂) ပုလင်းဝယ်ရမည် ဆိုခြင်းသည် လူငယ်လူရွယ်များအကြား အရက်သောက်သုံးသည့်ဓလေ့ ပျံ့နှံ့လာကာ အကျင့်စာရိတ္တ ယိမ်းယိုင်လာစေမည့် မလိုလားအပ်သည့်ကိစ္စဖြစ်ကြောင်း ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင် ရှားပါးမှုကြောင့် ဘဝမျှော်လင့်ချက် ကင်းမဲ့နေသည့် လူငယ်လူရွယ် များလာသကဲ့သို့ အဆိုပါ လူငယ်များအထဲတွင်လည်း အရက်သောက်သုံးမှုဓလေ့ ပျံ့နှံ့လာနေခြင်း၊ သောက်သုံးနေသည့် အရက်အများစုသည် ပြည်တွင်းထုတ် မသန့်ရှင်းသော အရက်က အများစုဖြစ်သောကြောင့် အသည်းရောဂါ ဖြစ်ပွားသူလည်း တနေ့တခြား များလာနေကြောင်း ပြည်တွင်းထုတ် ကျန်းမာရေးဂျာနယ်များတွင် ရေးသားကြသည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးက “နောက်ပိုင်း ထုတ်လွှင့်လာတဲ့ အက်ဖ်အမ် ရေဒီယိုတွေမှာလည်း အရက်၊ ဘီယာ ကြော်ငြာခွင့်ပိတ်ပင်ထားတာ မရှိလို့ ကြော်ငြာလာတာတွေလည်း ရှိတယ်။ အခု လူငယ်တွေအကြိုက် စတိတ်ရှိုးပွဲလက်မှတ်ကို အရက်ဝယ်မှ ရောင်းပေးတာမျိုး လုပ်တာ၊ ဂျာနယ်တွေမှာ ကြော်ငြာခွင့်ပေးတာ၊ ဒီလုပ်ရပ်ကို အာဏာပိုင်တွေက ခွင့်ပြုချက် ပေးတာ၊ စတာတွေကတော့ အလွန်မသင့်တော်တဲ့ ကိစ္စဖြစ်တယ်” ဟု ပြောသည်။

၎င်းက စစ်အစိုးရသည် အရက်၊ ဘီယာ ကြော်ငြာများကို ရုပ်မြင်သံကြားနှင့် သတင်းစာ၊ ဂျာနယ်တို့တွင် ထည့်သွင်းခွင့် ပိတ်ပင်ထားသည်မှာ ကောင်းသည့်ရည်ရွယ်ချက် ဖြစ်သော်လည်း အရက်ကုမ္ပဏီအချို့က ၎င်းတို့ အရက် Brand နာမည်အတိုင်း ရေသန့်ထုတ်ပြီး ဂျာနယ်တို့တွင် ရေသန့် ကြော်ငြာသလိုလိုဖြင့် အရက်ကို ဆက်လက် ကြော်ငြာနေကြကြောင်း ပြောသည်။

ယခုရှိုးပွဲကို လာမည့် မတ်လ (၃) ရက်နေ့ မန္တလေး ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည်ဖြစ်ပြီး နာမည်ကြီးအဆိုတော်များဖြစ်သည့် ဇော်ပိုင်၊ R ဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟန်ထွန်း၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေတို့ ပါဝင်ကာ Lazy Club တီးဝိုင်းဖြင့် သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

No comments: