Saturday, February 20, 2010

ထိုင်းစစ်တပ် ဖိအားကြောင့် စစ်ပြေးဒုက္ခသည် ရာကျော် နေရပ်ပြန်

ခွန်အောင်မြတ်။

ထိုင်းစစ်တပ်၏ နေ့စဉ်ဖိအားပေးမှုကြောင့် ယာယီဒုက္ခသည်စခန်းများမှ ခိုလှုံနေသည့် စစ်ပြေးဒုက္ခသည်ဦးရေ ရာ ကျော် မြန်မာပြည် ဘက်ခြမ်းသို့ ပြန်သွားသည်ဟု ဒုက္ခသည် စခန်း တာဂန်ရှိသူများက ပြောသည်။

စစ်ပြေးဒုက္ခသည်များ ခိုလှုံနေသည့် အူသူးထ ယာယီဒုက္ခသည်စခန်း၏ တာဝန်ခံတဦး က ယခုလို ပြောသည်။

“၈ ရက်နေ့တုန်းက ၂၉ စုပြန်သွားတယ်။ ၁၄၈ ယောက် ပန်သွားတယ်။ အခုက အိမ်ထောင်စုက ၁၅၈ စုပဲ ကျန်တယ်။ တရာနီးပါး ပျောက်သွားတာပေါ့ အိမ်ထောင်စုက တရာနီးပါး လူဦးရေက ငါးရာ လောက်ပျောက်တယ်။”

စခန်းကိုလုံခြုံရေး တာဝန်ယူထားသည့် ထိုင်းစစ်တပ်က စည်းကမ်းများ တင်းကြပ် ထားသည့်အပြင် ဖိအားပေးမှု အမျိုးမျိုးကို မခံနိုင်သည့် စစ်ပြေးဒုက္ခသည်များက အုပ်စုလိုက် ဒုက္ခသည်စခန်းမှ ထွက်သွားကြသည်ဟု အူသူးထ ယာယီဒုက္ခသည် စခန်း၏ တာဝန်ရှိသူတဦးက ပြောသည်။

“အိမ်ထောင်စုစာရင်းကဘယ်လိုပျောက်သွားလဲဆိုတော့ သူတို့ဘာသာသူတို့ထွက်သွားတယ်လေ။ဘာ ဖြစ်လို့လဲဆိုတော့ ဒီကလည်း နေရတာဖိအားပေးမှုတွေများနေတာကိုး။ နောက်တော့လည်း ရိက္ခာမရ တာလည်းရှိတယ်ဆိုတော့ ထွက်သွားတာပေါ့သူတို့။ အသိပေးရင် ဘယ်နေလို့ ရမှာလဲ။ အသိပေးရင် သူတို့ ရွာကို ပြန်ရမှာပဲလေ။ ဓာတ်ပုံတွေ ဘာတွေ ရိုက်ရတာပေါ့။ ဓာတ်ပုံရိုက်ပြီးတော့ သူတို့ ပြန်ရ တာ ပေါ့။ ဒီလိုပဲ အသိမပေးရင် အချိန်မရွေး ပြန်လာရင် ပြန်လာလို့ ရတာပေါ့။”

ထိုင်းစစ်တပ်က အနီးကပ် စောင့်ကြည့်သည့်အပြင် စခန်းပြင်ပသို့ ထွက်ခွင့်မပေးကြောင်း ၎င်းက ဆက်ပြော သည်။

“သူတို့က အနီးကပ် လာစောင့်ကြည့်တာကိုး။ ည ၆ နာရီ မနက် ၆ နာရီ သူတို့ခြံခတ်ထားတယ်။ အဲဒီ အပြင်ကနေ ထွက်လို့ မရဘူး အဲလို ဖြစ်နေတယ်။ တို့စရာတွေဘာတွေ ရှာဖို့အတွက်တောင်မှ သူတို့ ခွင့်မပေးဘူး ဆိုတော့ ဘယ်လိုမှနေလို့ မရဘူး။”

ထိုင်း-မြန်မာနယ်စပ် ထားဆောင်ယန်းမြို့နယ်အတွင်းရှိ အူသူးထနှင့် နောင်ဗို ယာယီဒုက္ခ သည်စခန်းမှ ခိုလှုံနေ သည့် ဒုက္ခသည်များကို ထိုင်းအာဏာပိုင်က ပြန်ပို့ရန် စီစဉ်ခဲ့ရာ ထိုင်းနှင့် နိုင်ငံတကာရှိ အစိုးရမဟုတ်သည့် အဖွဲ့အစည်းနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက ဒုက္ခသည်များ၏ လုံခြုံရေးကို စိုးရိမ်သဖြင့် မေတ္တာရပ်ခံကြ သဖြင့် ယာယီ ရပ်ဆိုင်းထားခဲ့သည်။

ဒုက္ခသည်များပြန်သွားသည့် ဒေသသည် မြန်မာစစ်အစိုးရတပ်၊ ဒီကေဘီအေနှင့် ကေအဲန်ယူတို့ တိုက်ပွဲများအ စဉ် ဖြစ်ပွားနေသည့် နေရာဖြစ်သည့်အပြင် လက်နက်ကိုင် တပ်ဖွဲ့များက ထောင်ထားသည့် မြေမြုပ်မိုင်းများလည်း နေရာအနှံ့တွင် ပြန့်ကျဲနေသည် ဟု လူ့အခွင့်အရေးဆောင်ရွက်နေသူများက ပြောသည်။

“သူတို့ပြန်တယ်ဆိုတာက အိမ်ပြန်တာမဟုတ်ဘူးနော်။ တောထဲမှာပဲ လိုက်ပြန်ပုန်းရ တာပေါ့။ ဒီမှာက ကြောက်တာကိုး။ ထိုင်းက ဖမ်းမှာကြောက်တယ်ဆိုတော့ သူတို့က လိုက်တိမ်း ရှောင်ရတာပေါ့။ ” ဟု အူသူးထ စခန်း တာဝန်ရှိသူက ပြောသည်။

ယခုလဆန်း ၅ ရက်နေ့တွင် ၎င်းတို့ ဆန္ဒမပါပဲ ထိုင်းစစ်တပ်က ပြန်ပို့ခဲ့သည့် နောင်ဗို ယာယီဒုက္ခသည်စခန်းမှ စစ်ပြေး ဒုက္ခသည် မိသားစု (၃) လူဦးရေ ၁၂ ယောက်သည် စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် စိုးရိမ်ရသဖြင့် ထိုင်းဘက်ခြမ်းသို့ ပြန်ဝင်လာကြ သည်။ သို့သော် ၎င်းတို့အား ထိုင်းအာဏာပိုင်များက ဒုက္ခသည်စခန်းတွင် ပြန်လည် လက်မခံသည့်အပြင် ရိက္ခာ ထောက်ပံ့ပေးခြင်း မရှိဟု စခန်းတာဝန်ရှိသူက ပြောသည်။

ယာယီဒုက္ခသည်စခန်းတွင် ခိုလှုံနေကြသူ ကရင်စစ်ပြေးဒုက္ခသည် သုံးထောင်ကျော်သည် ယမန်နှစ် လလည်က ဒီကေဘီအေနှင့် မြန်မာစစ်တပ် ပူးပေါင်းတပ်များက ကေအဲန်ယူကို ရက်ရှည် ထိုးစစ်ဆင် တိုက်ပွားများကြောင့် ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာခဲ့ကြသူများ ဖြစ်သည်။


No comments: