Monday, February 22, 2010

ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) သဇင်နီ အပိုင်း - ၅၃

မင်းဟန်

(၁၉ဝ)

၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်။
မဲသရောထာ…။
၁၉၉၅ ခုနှစ် မာနယ်ပလောကျဆုံးခဲ့ပြီးသည့်နောက် ကရင့်အမျိုးသားအစည်းအရုံး KNU ဗဟိုနှင့် တပ်ပေါင်းစုသည် KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ‘ထီးခယ်ဖလှယ်’ နှင့် ‘စခန်းသစ်’ သို့ရွှေ့၏။ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောဘိုမြက ‘ထီးခယ်ဖလှယ်’ တွင် နေ၍ အထွေထွေအတွင်းရေးမှူးဖြစ်သည့် ပဒိုမန်းရှာလားဖန်က ‘စခန်းသစ်’ တွင် ရှိ၏။ စစ်ရေး၊ နိုင်ငံရေး လုပ်ငန်းများဖြင့် အချိန်ပြည့်ပင် အလုပ်များ၍ နေကြသည်။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၇ ရက်မှစ၍ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲတရပ်အား KNU မှ ကမကထပြု၍ ‘မဲသရောထာ’ တွင် ပြုလုပ်၏။ မဲသရောထာက KNU တပ်မဟာ ၆ စစ်ဒေသအတွင်းရှိပြီး KNU တို့ စိုးမိုးထားသည့် နေရာဖြစ်သည်။ အဇင်းရွာကြီးနှင့် နီး၏။ မဲသရောထာချောင်းဘေးတွင် ရှိသည့် KNU ၏ အခြေခံဒေသတခု….။

တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းပေါင်း ၁၅ ဖွဲ့နှင့် ပုဂ္ဂလိက လူမျိုးစုကိုယ်စားလှယ်များ စုစုပေါင်း ၁၁၁ ဦး တက်ရောက်နှီးနှောကြသည့် တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီး ဖြစ်သည်။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကယန်းပြည်သစ်ပါတီ KNLP စသည့် နအဖနှင့် အပစ်အခတ်ရပ်စဲထားကြသည့် ‘ငြိမ်း’ အဖွဲ့များလည်း တက်ရောက်ကြ၏။ မာနယ်ပလောလွန်ကာလ၏ အကြီးမားဆုံးသော တိုင်းရင်းသား နှီးနှောဖလှယ်ပွဲကြီးဟု ဆိုရမည်။ ၈ ရက်ကြာ… နှီးနှောဖလှယ်ပွဲကြီးက… အဆုံး၌ …. ရလဒ်ကောင်းများအား ထုပ်ပိုးနိုင်ခဲ့ကြ၏။

၁၉၉၇ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ‘မဲသရောထာ’ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲ၏ ထုတ်ပြန်ကြေညာချက်အား ထုတ်ပြန်သည်။ ထုတ်ပြန်ကြေညာချက်တွင်က … ဆုံးဖြတ်ချက် ၇ ချက်နှင့် သဘောတူညီချက် ၁ဝ ချက်တို့အား ဖော်ပြထား၏။ သဘောတူညီချက်များအား ချုပ်ကြည့်လျှင်…..

“ - စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်၊
- ဒီမိုကရေစီစနစ် နိုင်ငံရေးတည်ဆောက်ရန်၊
- လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်၊
- ဖယ်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်…ဟူ၍ ဖြစ်သည်။” ပြီးလျှင်…

“လက်ရှိ နဝတဦးစီးကျင်းပနေသော အတုအယောင် အမျိုးသားညီလာခံသည် စစ်အာဏာရှင်စနစ် ဆက်လက်တည်မြဲရေးအတွက် ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် အခွင့်အရေး လုံးဝရနိုင်မည် မဟုတ်သည့်အတွက် ၎င်း နဝတအမျိုးသားညီလာခံကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက ‘လုံးဝ’ အသိအမှတ်မပြုကြောင်းနှင့် ၎င်းညီလာခံကို ဆန့်ကျင်တိုက်ပွဲဝင်သွားကြမည်”

တွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ ….“ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဆုံးဖြတ်ထောက်ခံထားသည်သာမက၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောတူထားသော သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက သဘောတူလက်ခံသည်”

“အာဆီယံနှင့်ပတ်သက်၍မူ …..“နဝတ အုပ်ချုပ်နေသော ကာလအတွင်း၊ မြန်မာပြည်သား အာဆီယံအဖွဲ့ဝင်အဖြစ် လက်ခံခြင်းကို အတတ်နိုင်ဆုံး ဆိုင်းငံ့ထားပေးပါရန် အာဆီယံသို့ ပန်ကြားလွှာ ပေးပို့သွားမည်”

အဆုံးတွင်မူ …..“ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စစ်အာဏာရှင်ကြီးစိုးမှု ဖျက်သိမ်းရေး၊ ဒီမိုကရေစီအရေး လူထုတိုက်ပွဲကို လေးနက်စွာ ထောက်ခံသည်”

သဘောတူညီချက်များအား လူမျိုးစုတိုင်းရင်းသားခေါင်းဆောင် အသီးသီးက လက်မှတ်ရေးထိုးကြ၍ ထုတ်ပြန်ခြင်း ဖြစ်၏။ KIO မှ ဗိုလ်မှူးကြီး ဇော်ဆိုင်း၊ KNU မှ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ မွန်ပြည်သစ်ပါတီမှ နိုင်ဟံသာ၊ KNPP မှ ဗိုလ်ချုပ်အောင်သန်းလေးတို့ကိုယ်တိုင် သဘောတူညီချက်တွင် လက်မှတ်ရေးထိုးကြ၏။

မဲသရောထာ နှီးနှောဖလှယ်ပွဲသတင်းအား BBC, VOA, DVB သတင်းဌာနများက ပြည့်ပြည့်စုံစုံပင် ထုတ်လွှင့်ပေးကြ၏။ ဒေါ်အောင်ဆန်းစုကြည်က …. မဲသရောထာ တိုင်းရင်းသား လူမျိုးများ နှီးနှောဖလှယ်ပွဲသတင်းအား လှိုင်းတိုလေဒီယိုလေးမှတဆင့် သိရ၏။ သတင်းနားထောင်ရင်း…. ဒေါ်အောင်ဆန်းစုကြည်၏ ရင်အတွင်း၌မူ ….. နွေးထွေးကြည်မောစွာနှင့် လှုပ်လှုပ်ခတ်ခတ်….။ ပြည်ထောင်စုသစ်ဆီသို့ ချီရာခရီးလမ်းက တလမ်းတည်းဖြစ်၍ သွားလေပြီ။


(၁၉၁)
ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဘဝအတွင်း နိုင်ငံရေးအလုပ်များဖြင့် ပြည့်သိပ်၍ နေသကဲ့သို့…. သတင်းစာဆရာများ၊ စာရေးဆရာများအား လက်ခံတွေ့ဆုံ၍ မေးသမျှကို ဖြေပေးနေရသည်မှာလည်း အလုပ်တခုပင် ဖြစ်၍နေသည်။ အမေရိကန်သတင်းစာဆရာ …စာရေးဆရာ မစ္စတာ Alan Clement က သူရေးမည့် “Aung San Suu Kyi Winner of the 1991 Nobel Prize The Voice of Hope ” စာအုပ်အတွက်၊ ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်ဖြင့် ပြန်လွတ်ခဲ့ပြီးသည့်နောက် … အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်သို့ အကြိမ်ကြိမ်လာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းနေခဲ့သည့် သတင်းစာဆရာ၊ စာရေးဆရာ ဖြစ်သည်။ သူ၏ The Voice of Hope အား ၁၉၉၇ ခုနှစ် အောက်တိုဘာလအတွင်း ထုတ်နိုင်ရန် ရည်ရွယ်ထားသည်ဟုလည်း မစ္စတာ Alan Clement က ဒေါ်အောင်ဆန်းစုကြည်အား ရှင်းပြ၏။

နှစ် ၅ဝ ပြည့် …ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားအတွက် ပြင်ဆင်နေသည့်အကြားမှပင် ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ Alan Clement အား အချိန်ဖဲ့ပေး၍ လက်ခံတွေ့ဆုံလိုက်သည်။

မစ္စတာ Alan Clement က တောင်အာဖရိကမှ သမ္မတ နယ်ဆင်မင်ဒဲလား၏ ‘ လွတ်မြောက်ရေးသို့ ခရီးရှည်’ စာအုပ်မှ …. “၁၉၆၁ မှာ အကြမ်းမဖက်၊ နှလုံးရည်လှုပ်ရှားမှုရဲ့ နေ့ရက်များဟာ ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ ကျနော်တို့မှာ အကြမ်းဖက်တိုက်ပွဲကလွဲလို့ …..တခြားရွေးချယ်စရာလမ်း မရှိတော့ဘူး…” ဟူသည့် စာပိုဒ်အား ကောက်နုတ်၍ ထောက်ပြပြီး…

“မယ်ဒဲလ်လားက အတိုက်အခံလုပ်ဖို့ ကျနော် တကယ့်ကို ယုံကြည်တာဖြစ်တယ်။ အကြမ်းမဖက်လှုပ်ရှားမှုဟာ အမှန်တကယ် အလုပ်မဖြစ်တော့တဲ့အခါမှာ စွန့်ပယ်သင့်တဲ့ နည်းဗျူဟာတခုဖြစ်ပြီး ကျွန်ုပ်တို့ ပြည်သူလူထုကို တခြားနည်းလမ်းများ မညွှန်ပြဘဲနဲ့ အစိုးရရဲ့ လက်နက်နဲ့ တိုက်ခိုက်နှိမ်နင်းမှုကို ခံရစေခြင်းဟာ မှားယွင်းပြီး ယုတ်မာကောက်ကျစ်တာ ဖြစ်တယ်လို့ သူက ပြောဆိုခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားအမြင်မှာ ကျနော့်အထင် မှန်ခဲ့ရင်ပေါ့လေ၊ အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှုများဟာ ကိုယ်ကျင့်တရားနဲ့ ဝိဥာဉ်ဆိုင်ရာ အခြေခံမူများဖြစ်ပြီး နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာတရပ် မဟုတ်ဘူးလို့ ခင်ဗျား မြင်နေပါသလား”….ဟူ၍ မစ္စတာ Alan Clement က… ပထဆုံးမေးခွန်း မေး၏။

မစ္စတာ Alan Clement ၏ စကားဆုံးသည်နှင့် ဒေါ်အောင်ဆန်းစုကြည်က ချက်ချင်းပင် ပြန်၍ဖြေသည်။

“မဟုတ်ပါဘူး။ လုံးဝကို မဟုတ်ပါဘူး။ ဒါဟာ နိုင်ငံရေးဆိုင်ရာ နည်းဗျူဟာတရပ်ပဲ ဖြစ်တယ်။ မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ စစ်အာဏာသိမ်းမှုများဟာ အကြမ်းဖက်မှုများနဲ့ အခြေအနေတွေကို ပြောင်းလဲကြတာ ဖြစ်တယ်။ ကျမကတော့ ဒါမျိုးကို အားမပေးချင်ဘူး။ အကြမ်းဖက်မှုနဲ့ အပြောင်းအလဲတွေကို အကောင်အထည်ဖော်တဲ့ ဒီလိုအစဉ်အလာမျိုးကို မကျူးလွန်ချင်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမစိုးရိမ်တာက ကျမတို့ဟာ ဒီလိုနည်းမျိုးနဲ့ ဒီမိုကရေစီကို တည်ဆောက်ခဲ့ရင် အကြမ်းဖက်တဲ့နည်းနဲ့ လိုအပ်တဲ့ အပြောင်းအလဲတွေကို အကောင်အထည် ဖော်နိုင်တဲ့ စိတ်ကူးကို ကျမတို့ ဘယ်တော့မှ ဖျောက်ဖျက်ပစ်လို့ရတော့မှာ မဟုတ်ဘူး။ ဒီနည်းလမ်းက ကျမတို့ကို အချိန်တိုင်း ခြောက်လှန့်နေလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို သဘောမကျတဲ့သူတွေလည်း ရှိနေကြတာပဲ။ တကယ်လို့ အကြမ်းဖက်တဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီကို ကျမတို့ တည်ဆောက်ခဲ့မယ်ဆိုရင် သူတို့ဟာ အကြမ်းဖက်တဲ့ နည်းနဲ့ စနစ်တခုကို ပြောင်းလဲသွားတာပဲ၊ ငါတို့သာ သူတို့ကို အပေါ်စီးရနိုင်တဲ့ အကြမ်းဖက် နည်းမျိုးကို ပိုပြီးကောင်းအောင် လုပ်နိုင်ခဲ့ရင် ငါတို့ပြန်ပြီး အာဏာရမှာပဲ…လို့ တွေးမိတဲ့ ဒီမိုကရေစီလှုပ်ရှားမှုကို အမြဲတစေ ဆန့်ကျင်နေတဲ့ သဘောထားတင်းမာသူများ ရှိလာလိမ့်မယ်။ ဒါဆိုရင် ကျမတို့အားလုံးဟာ မကောင်းကျိုး၊ ကြမ္မာဆိုး သံသရာဝဲသြဂထဲမှာ တဝဲလည်လည်ဖြစ်နေရဦးမှာ ဖြစ်တယ်။ ကျမအတွက်တော့ အကြမ်းဖက်မှုဟာ မှန်ကန်တဲ့ နည်းလမ်းမဟုတ်ဘူးဆိုတဲ့ အချက်က ဝိဥာဉ်ပိုင်းဆိုင်ရာ ယုံကြည်မှုဖြစ်သလို နိုင်ငံရေးနည်းဗျူဟာလည်း ဖြစ်ပါတယ်။”

ဧည့်ခန်းသည် တိတ်ဆိတ်၍နေသည်။ မစ္စတာ Alan Clement က သူ၏ Note Book အတွင်း တစုံတရာ ရေးခြစ်၍နေ၏။ နှင်းငွေ့ကင်းသည့်လေသည် ခန်းဆီးစအား ပွတ်တိုက်ကျော်ဖြတ်ရင်း ဧည့်ခန်းအတွင်းသို့ တိုးဝင်လာ၏။ ခရီးနှင်လာသည့် လေနှင့်အတူ ရီဝေဝေငုပန်းရနံ့က ကပ်၍ပါလာ၏။

သတင်းစာဆရာက ဒေါ်အောင်ဆန်းစုကြည်အား ထပ်ဆင့်၍ မေးခွန်းထုတ်ပြန်သည်။ မစ္စတာ Alan Clement က သူလိုချင်သည့် အဖြေတခုကို မရမက လှည့်ပတ်၍ မေးမည့်ဟန်နှင့်…..။

“ဒါပေမဲ့ အကြမ်းမဖက် လှုပ်ရှားမှုနည်းလမ်းဟာ အကျိုးမဖြစ်ထွန်းတော့ဘူးလို့ ခင်ဗျား သိမြင်လာတဲ့အခါမှာ ခေါင်းဆောင်တယောက်အနေနဲ့ ခင်ဗျားရဲ့ နှလုံးရည်တိုက်ပွဲနည်းနာကို ပြောင်းဖို့ ခင်ဗျားမှာ တာဝန်ရှိတယ် မဟုတ်လား။ ဒါမှမဟုတ် ဘာပဲဖြစ်လာလာ ကိုယ်ကျင့်တရားဆိုင်ရာ စွဲလမ်းမှုကြောင့် အကြမ်းမဖက်တဲ့ နှလုံးရည်တိုက်ပွဲကို ထိန်းသိမ်းသွားမယ့် သဘောထားကိုပဲ ချမှတ်သွားမှာလား”

မစ္စတာ Alan Clement ၏ အမေးအား ဒေါ်အောင်ဆန်းစုကြည်သည် တလုံးချင်း ဖြည်းဖြည်းမှန်မှန်ပင် ပြန်၍ဖြေ၏။
“ကျမတို့ဟာ အမြဲတမ်း စုပေါင်းဆုံးဖြတ်ကြတယ်ဆိုတာ ရှင်သိပါတယ်။ ကျမဟာ ဒီမိုကရေစီ အဖွဲ့အစည်းတရပ်ရဲ့ အစိတ်အပိုင်းတရပ် ဖြစ်နေသ၍ ဆုံးဖြတ်ချက်များကို လိုက်နာမှာပါ”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏ အဖြေစကားအား ခေတ္တခဏမျှ ရပ်နားလိုက်၏။ ပြီးလျှင် …. ပိုမို၍ လေးနက်တည်ငြိမ်စွာနှင့်…

“အကြမ်းဖက်တိုက်ပွဲဝင်မှုကို အကောင်အထည်ဖော်နေတဲ့ ကျောင်းသားများနဲ့ အခြားသူများကို ကျမနဲ့ မဆိုင်ဘူးရယ်လို့ ဘယ်တုန်းကမှ မငြင်းဆိုခဲ့ဘူးဆိုတာ ကျမ အမြဲပြောခဲ့ပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်များဟာ ကျမတို့နဲ့ တထပ်တည်းဖြစ်ကြောင်း ကျမတို့ သိပါတယ်။ သူတို့ဟာ ဒီမိုကရေစီကို လိုချင်တယ်။ အဲဒါရဖို့ အကောင်းဆုံးနည်းလမ်းက လက်နက်ကိုင်လမ်းစဉ်ဖြစ်တယ်လို့ သူတို့ ထင်မြင်ကြတယ်။ ကျမတို့လိုချင်တာကို တည်ဆောက်တဲ့ မှန်ကန်တဲ့နည်းလမ်းကို ကျမတို့ လက်ဝါးကြီးအုပ်ထားမယ်လို့ ကျမတို့ မပြောပါဘူး။ အလားတူပဲ ကျမတို့က သူတို့ရဲ့ လုံခြုံမှုကို အာမမခံနိုင်ပါဘူး။ အကြမ်းမဖက် လှုပ်ရှားမှုလမ်းကြောင်းမှာ ကျမတို့နောက်က လိုက်ပါ။ မင်းတို့ အကာအကွယ် ရပါလိမ့်မယ်လို့ ဒါမှမဟုတ် ငါတို့မှာ ဆုံးရှုံးမှုမရှိဘဲ အောင်မြင်ပါလိမ့်မယ်လို့ ကျမတို့ မပြောနိုင်ပါဘူး။ ဒါဟာ ကျမတို့ ဆောင်ကြဉ်းမပေးနိုင်တဲ့ ကတိစကားတွေပါ။ ကျမတို့ဟာ အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းကို ရွေးချယ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ လက်နက်ကို အသုံးမပြုဘဲ အပြောင်းအလဲများကို ဆောင်ကြဉ်းနိုင်မယ့် အရာကို တည်ဆောက်ဖို့ရာ အကြွင်းမဲ့ နှလုံးရည်တိုက်ပွဲနည်းနာဟာ ရေရှည်မှာ တိုင်းပြည်အတွက် နိုင်ငံရေးအရ ပိုမိုသင့်တော်မယ်လို့ ကျမတို့ ယူဆလို့ပါပဲ။ အစဦးကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒတွေဟာ ရှင်းရှင်းလင်းလင်းပဲ ဖြစ်ပါတယ်။ ဒီမှာ ကျမတို့ဟာ စိတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို အနည်းငယ်မျှ မစဉ်းစားပါဘူး။ ဒီအသိတရားမှာတော့ အကြမ်းမဖက်တဲ့ နည်းလမ်းမဟုတ်တဲ့ လှုပ်ရှားမှုအားလုံးကို ပြစ်တင်ရှုတ်ချကောင်း ရှုတ်ချလိမ့်မယ်ဖြစ်တဲ့ မဟတ္တဂန္ဒီနဲ့တော့ ကျမတို့ ထပ်တူထပ်မျှ ရှိချင်မှ ရှိပေလိမ့်မယ်။ ကျမကတော့ မသေချာဘူး။ ဒါပေမဲ့ တချိန်မှာ သူက အကယ်၍ အကြမ်းမဖက်မှုနဲ့ သူရဲဘောကြောင်မှု နှစ်ခုအနက် တခုခုကို ရွေးရမယ်ဆိုရင် အကြမ်းဖက်မှုကို ရွေးမယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် အကြမ်းမဖက် နှလုံးရည်တိုက်ပွဲ နည်းလမ်းရဲ့ မဟာရှေ့ဆောင် ပုဂ္ဂိုလ်ကြီးအဖြစ် ယူဆခံရတဲ့ ဂန္ဒီတောင်မှ မည်သည့် ခြွင်းချက်ကိုမှ မထားဘဲ လုပ်ဆောင်ခဲ့သူတယောက် မဟုတ်ပါဘူး။

မြန်မာပြည်ရဲ့ ယနေ့အခြေအနေ ဖြစ်ပျက်မှုတွေထဲမှာတော့ အကြမ်းမဲ့ နှလုံးရည်တိုက်ပွဲဟာ ကျမတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ရှိစေရေးအတွက် အမှန်ကန်ဆုံး နည်းလမ်းလို့ ကျမ ထင်ပါတယ်။ ဒါပေမဲ့ တရားတဲ့ တိုက်ပွဲကို ဆင်နွှဲနေသူများကိုတော့ ကျမ တကယ့်ကို အပြစ်မတင်ပါဘူး။ မရှုတ်ချပါဘူး။ ကျမ ဖေဖေကိုယ်၌လည်း တိုက်ပွဲဝင်ခဲ့တာပါ။ ဒီအတွက်လည်း ကျမ ဖေဖေ့ကို ချီးကျူးအားကျမိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ ရှည်လျားသည့် အဖြေစကားအဆုံးတွင်မူ မစ္စတာ Alan Clement သည် မေးခွန်းဆက်၍ မထုတ်တော့…။


(၁၉၂)
အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်း၊
၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်။
ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့သည်မှာ နှစ်ပေါင်း ၅ဝ ပြည့်ခဲ့ပြီ။ နှစ် ၅ဝ မြောက် ရွှေရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းမှာပင် ပြုလုပ်၏။ ဗိုလ်မှူးအောင်၊ သခင်ချန်ထွန်း၊ သခင်သိန်းဖေ…. စသည့် လွတ်လပ်ရေးကြိုပမ်းမှု တိုက်ပွဲတွင် ပါဝင်ခဲ့ကြသည့် မျိုးချစ်နိုင်ငံရေး ခေါင်းဆောင်ကြီးများလည်း တက်ရောက်ကြသည်။ အာဏာပိုင်များ၏ တင်းကျပ်သော စောင့်ကြည့်မှုများ ကြားမှပင် …ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားသို့ အဖွဲ့ချုပ်အဖွဲ့ဝင် ၇ဝဝ ခန့် တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနား၌ မိန့်ခွန်းစကားဆို၏။

“ဒီနေ့ဆိုလို့ရှိရင် ပင်လုံစာချုပ် ချုပ်ဆိုခဲ့တာ အနှစ် ၅ဝ တင်းတင်းပြည့်ပါပြီ။ ဒီစာချုပ်ကို သဘောတူပြီး ချုပ်ဆိုခဲ့တဲ့ ကျမတို့ခေါင်းဆောင်ကြီးများ၊ တိုင်းရင်းသား ခေါင်းဆောင်ကြီးများရဲ့ စာချုပ်ဟာ စက္ကူပေါ်မှာ ရေးထိုးထားတဲ့ စာချုပ်မျှသာ မဟုတ်ပါဘူး။ ပြည်ထောင်စုကို လိုလားယုံကြည်တဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးက သွေးစည်းညီညွှတ်မှုကို ယုံကြည်ပါတယ်ဆိုပြီးတော့ နှလုံးသားပေါ်မှာ ထိုးထားတဲ့ ကတိကဝတ် ဖြစ်ပါတယ်”

မဏ္ဍပ်ကြီးအတွင်း၌ အားလုံးသည် ငြိမ်သက်စွာနှင့် နားထောင်၍နေကြသည်။ နေအိမ်ခြံဝင်း၏ အဝင်ဝရှိ လုံခြုံရေးတပ်သားနှင့် တက္ကသိုလ်ရိပ်သာလမ်း၏ ဝဲယာတလျှောက် နေရာယူထားကြသည့် တပ်သားများက အသံချဲ့စက်မှတဆင့် ထွက်ပေါ်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းစကားအား နာယူ၍နေကြ၏။ ဒေါ်အောင်ဆန်းစုကြည်၏ စကားသံက အသဲချဲ့စက်မှတဆင့် ကြည်ကြည့်လင်လင်၊ ပီပီသသ…။

“ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံးကြား ပြည့်ဝတဲ့ ယုံကြည်မှု ဖြစ်ပေါ်လာနိုင်အောင်လို့ စေတနာသန့်သန့်နဲ့ ကြိုးစားသွားမယ်ဆိုတာ ကျမကတော့ ကတိကဝတ် ပြုပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် လက်ခုပ်သြဘာသံများက ခန်းမအတွင်း ဝေစီ၍သွား၏။

ဒေါ်အောင်ဆန်းစုကြည်က လက်ခုပ်သံများစဲသွားသည်အထိ စောင့်ပြီးစကားအား ဆက်သည်။

“ပြီးခဲ့တဲ့… ဇန်နဝါရီလ ၇ ရက်နေ့ကနေပြီးတော့ ၁၄ ရက်နေ့အထိ မဲသရောထာမှာ ကျင်းပခဲ့တဲ့ တိုင်းရင်းသားလူမျိုး အဖွဲ့အစည်း ၁၅ ဖွဲ့နဲ့ အခြားတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တွေ ပါဝင်တဲ့ နှီးနှောဖလှယ်ပွဲကြီးက ကြေညာချက်စာတမ်းတခု ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာစာတမ်းမှာ ဘာလဲဆိုတော့…. မြန်မာပြည် လွတ်လပ်ရေး ရရှိပြီးနောက် ပင်လုံစာချုပ်တွင် ဖော်ပြထားသည့် နိုင်ငံသားတိုင်း လူမျိုးရေးသာ တူညီမျှရှိရမည်ဟူသော အချက်ကို အာဏာလက်ကိုင်ထားသူ အဆက်ဆက်က မဟာလူမျိုးကြီးဝါဒကို လက်ကိုင်ထားပြီး တိုင်းရင်းသားလူမျိုးများအား ရက်စက်စွာ စစ်ဆင်တိုက်ခိုက်ခဲ့ခြင်းများကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် သမိုင်းတွင် မကြုံစဖူးအောင် အတိဒုက္ခရောက်ခဲ့ရကြောင်း … ဆိုပြီးတော့ ပါပါတယ်။

ဒီလို တိုင်းရင်းသားလူမျိုးများရဲ့ ခါးသီးလှတဲ့ ခံစားမှုတွေကြောင့် ကျမတို့ ပြည်ထောင်စုအပေါ်မှာ အယုံအကြည် ကင်းမဲ့လာတယ်ဆိုတာ အင်မတန်မှ ဝမ်းနည်းစရာကိစ္စတခု ဖြစ်ပါတယ်။ ဒီအတိတ်က အမှားတွေကို ပြန်ပြီးပြုပြင်ဖို့ ဆိုတာကလည်း ကျမတို့အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ အားလုံးဆိုတာ ကျမတို့ တိုင်းရင်းသားအားလုံး အပါအဝင် ကျမတို့ လူမျိုးစုဖြစ်တဲ့ ဗမာများရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ တိုင်းရင်းသား လူမျိုးများရဲ့ မျှော်မှန်းချက်တွေကို ကျမတို့ ကြည့်ရမယ်။

ဒီမျှော်မှန်းချက်တွေဟာ ဘာလဲဆိုလို့ရှိရင် မဲသရောထာ နှီးနှောပွဲက သဘောတူညီချက် စာတမ်းထဲမှာ ပါတာကတော့….

(က) စစ်အာဏာရှင်စနစ် ဖျက်သိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်၊
(ခ) ဒီမိုကရေစီနိုင်ငံရေးစနစ် ကျင့်သုံးရန်
(ဂ) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးရရှိရန်
(ဃ) ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရန်တို့ ဖြစ်ပါတယ်”

ဒေါ်အောင်ဆန်းစုကြည်က သူမ၏စကားအား ရပ်၍ ခန်းမအတွင်းရှိသူများကို ကြည့်လိုက်၏။ အားလုံးက စိတ်ဝင်စားစွာနှင့် နားထောင်၍နေကြသည်။ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းစကား ဆက်ပြန်၏။

“မဲသရောထာ နှီးနှောဖလှယ်ပွဲရဲ့ သဘောတူညီချက်မှာ ဘယ်လိုရေးထားသလဲဆိုတော့….

- ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ဒီမိုကရေစီ အင်အားစုများနှင့် တန်းတူရည်တူလက်တွဲ၍ အမျိုးသား အခွင့်အရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီ အခွင့်အရေးအတွက်လည်းကောင်း တပြိုင်နက်တည်း စည်းလုံးညီညွှတ်စွာ တိုက်ပွဲဝင်သွားကြရန်ကိုလည်း ကျွန်ုပ်တို့ တိုင်းရင်းသားလူမျိုးများ နှီးနှောဖလှယ်ပွဲကြီးက တညီတညွှတ်တည်း သဘောတူလိုက်ပါတယ်။

ခြုံငုံပြီး ပြောရမယ်ဆိုလို့ရှိရင် တိုင်းရင်းသားလူမျိုးများ အားလုံးတို့ရဲ့ တန်းတူညီတူရေးကို အခြေခံတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နိုင်ငံတော်တခု ပေါ်ပေါက်ဖို့ရာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေတဲ့ ကျမတို့ အင်းအားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းများအားလုံး ခိုင်ခိုင်မာမာ၊ ကျစ်ကျစ်လစ်လစ် ပူးပေါင်းဆောင်ရွက်သွားဖို့ လိုတယ်ဆိုတာ ထင်ရှားပါတယ်။

အခု အနှစ် ၅ဝ မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်တရပ်အနေနဲ့ အနာဂတ်မှာ ဖော်ထုတ်ရမယ့် ပင်လုံစိတ်ဓာတ်ကို ပြန်လည်ရှင်သန်စေပြီး ပြည်သူလူထုကို အမှန်တကယ် ကိုယ်စားပြုမယ့် ညီလာခံကြီးရဲ့ အကြိုနှီးနှောဖလှယ်ပွဲတခုအနေနဲ့ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အတူဆောင်ရွက်ကြဖို့၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ မြေပေါ်နိုင်ငံရေး အခြေခံရှိသူများ၊ တရားဝင် ရပ်တည်ခွင့်ရှိတဲ့ ပါတီအဖွဲ့အစည်းများနဲ့ လက်နက်ကိုင် ငြိမ်းချမ်းရေးရယူထားတဲ့ အဖွဲ့အစည်းများ အားလုံးကို ဒီနေရာကနေ ဖိတ်ခေါ်လိုက်ပါတယ်။

တကယ့်ကို ပြည်သူလူထုအားလုံးကို ကိုယ်စာပြုမယ့် ညီလာခံကြီးရဲ့ အကြိုနှီးနှောဖလှယ်ပွဲအနေနဲ့ တိုင်းရင်းသား လူမျိုးစုအားလုံး ကျမတို့နဲ့ လာပြီးတော့ ဆွေးနွေးပွဲတခု ကျင်းပကြပါလို့ ကျမ လေးလေးနက်နက် ဖိတ်ခေါ်လိုက်ပါတယ်။

ပင်လုံစိတ်ဓာတ် ရှင်သန်နိုင်ပါစေ။
စစ်မှန်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ထွန်းနိုင်ပါစေ။”
ရွှေရတု ပြည်ထောင်စုနေ့ အခမ်းအနားက ….အနာဂတ်အတွက် ရွှေရောင်လွှမ်းလျက်…..။


No comments: