Tuesday, February 23, 2010

ဗိုလ်ချုပ်အောင်ဆန်း စာအုပ် သုတစွယ်စုံ စာပေဆု ရရှိ

မင်းသက် | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀

နယူးဒေလီ (မဇ္ဈိမ)။ ။ ''မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း'' စာအုပ်ဖြင့် စာရေးဆရာ တက္ကသိုလ်စိန်တင်ကို ပဉ္စအကြိမ်မြောက် သုတစွယ်စုံစာပေဆု ချီးမြှင့်မှာဖြစ်သည်။

မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့၏ ကြီးကြပ်မှုဖြင့် Swe Sone Media Group သုတစွယ်စုံ စာအုပ်တိုက်က ချီးမြှင့်မည့်အကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဆုရစာရေးဆရာများနှင့် စာအုပ်များ စာရင်းများကို ယနေ့ထုတ် ကြေးမုံသတင်းစာက ဖော်ပြထားရာတွင် တက္ကသိုလ်စိန်တင်၏စာအုပ် ပါရှိသည်။

သုတစွယ်စုံစာပေဆုများတွင် ဝိဇ္ဇာ၊ စာပဒေသာ၊ လူမှုစီးပွား၊ ဘာသာပြန်၊ ရည်ညွှန်းစာပေ၊ လူငယ်စာပေ၊ နိုင်ငံတကာရေးရာ၊ အသုံးချသိပ္ပံ၊ သိပ္ပံ ဟူ၍ ဘာသာရပ်များ ပါဝင်ပြီး၊ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း စာအုပ်မှာမူ သုတစွယ်စုံ စာပေဆု (ဝိဇ္ဇာဘာသာရပ်) အတွက် ဖြစ်သည်။

ယခုနှစ်တွင် စာပဒေသာဆုကို ကိုကို (စက်မှုတက္ကသိုလ်) က ''အွန်စောတို့ဌာနေ ကိုယ်တွေ့ ကိုရီးယားခရီးသွား ဆောင်းပါးများ''၊ လူမှုစီးပွားဆုကို ဒေါက်တာချစ်က ''လူမှုဆက်ဆံရေးဆိုင်ရာ ကမ္ဘာ့ထုံးတမ်းစဉ်လာများ''၊ ဘာသာဆုကို ဆရာကြည်မင်းက ''ဦးဆောင်စွန့်စား စီးပွားတည်ဆောက်ခြင်း'' နှင့် ရည်ညွှန်းစာပေဆုကို စာရေးဆရာကျော်ဝင်းက ''စာအုပ်များဖြင့် နှစ်ပေါင်းများစွာ'' စာအုပ်တို့ ရရှိကြသည်။

ထို့ပြင် လူငယ်စာပေဆုကို ပါမောက္ခ ဒေါက်တာတင်စိုးက ''ဘာလဲဟဲ့ .. ဒေါက်တာဘွဲ့''၊ နိုင်ငံတကာရေးရာဆုကို ဆရာရဲထွဋ်က ''သမိုင်းစာမျက်နှာပေါ်က အင်ပါယာနိုင်ငံများနှင့် နီယိုကွန်တို နေဝင်ချိန်'' နှင့် အသုံးချသိပ္ပံဆုကို ဒေါက်တာစိုးလွင်က ''လူနာဖြစ်သွားသော ဆရာဝန်နှင့် ဆေးလောက ဇာတ်ခုံပေါ်က အတွေ့အကြုံများ'' တို့ ရရှိသည်။

ယခုနှစ်တွင် သိပ္ပံဘာသာရပ်အတွက် ဆုရရှိခြင်း မရှိဘဲ၊ သုတစွယ်စုံ တသက်တာစာပေဆုကို စာရေးဆရာ ချစ်စံဝင်းက ရရှိကြောင်း ကြေးမုံသတင်းစာတွင် ဆက်လက်ဖော်ပြထားသည်။

ဆုရစာအုပ်များအတွက် တဦးလျှင် ကျပ်ငွေ ၃ သိန်းစီနှင့် တသက်တာစာပေဆုအတွက် ကျပ် ၅ သိန်း ချီးမြှင့်မည်ဟု သိရသည်။

ဆုရရှိသူများကို ရန်ကုန်မြို့ရှိ Trader ကုန်သည်ကြီးများ ဟိုတယ်၌ လာမည့်လ ၁ ရက်နေ့တွင် အခမ်းအနားဖြင့် ဆုချီးမြှင့်သွားမည်ဖြစ်သည်။

No comments: