Sunday, November 21, 2010

မိုးခေါင်မှုနှင့် ကြွက်များ ဖျက်စီးမှုတို့ကြောင့် စပါး မရိတ်သိမ်းနိုင်

ကို(၂)

ယခုနှစ် မိုးခေါင်ရေရှားမှုကြောင့် တောင်ယာစပါး အထွက်နည်းမည်ကို စိုးရိမ်နေသည့်ကြားက ကြွက်များ ထပ်မံဖျက်စီးသည့်အတွက် ကရင်နီပြည် ရှားတောမြို့နယ်အတွင်းမှ ကျေးရွာ အတော်များများ စပါးရိတ်သိမ်းနိုင်ခြင်း မရှိဘဲ စားဝတ်နေရေးအတွက် ပူပင်နေကြသည်ဟု ဒေသခံများက ပြောသည်။

“မိုးခေါင်မှုလည်း ပါတယ်။ တဘက်မှာက လယ်ယာတွေ မလုပ်ကိုင်နိုင်ကြတဲ့ ကျနော်တို့လို တောင်သူတွေဆိုရင် ကြွက်က စပါးကို လာဖျက်တယ်။ စပါး နည်းနည်းလေး ရှင်သန်လာတာနဲ့ ကြွက်တွေက လာကိုက်စားကုန်တယ်။ ဆယ်ပင် အောင်ရင် တစ်ပင်လောက်ပဲ ရှင်နိုင်ခဲ့တယ်” ဟု ရှားတောမြို့နယ်မှ တောင်ယာလုပ်ကိုင်သူ တဦးက ရှင်းပြသည်။

တောင်ယာခင်းထဲ၌ ၀င်ရောက်သောင်းကြမ်းသော ကြွက်အမျိုးအစားသည် အကောင်သေးငယ်ပြီး အမြောက်အများ ရှိကြောင်း၊ ၎င်းကြွက်များသည် စပါးပင်များကို ကိုက်ချိုးဖျက်ဆီးကြောင်း၊ တောင်သူကြီးများသည်လည်း ၎င်းကြွက်များကို နိမ်းနှင်းနိုင်ခြင်း မရှိကြောင်း သူက ဆက်ပြောသည်။

ရှားတောမြို့နယ်ရှိ ကျေးရွာများသည် အများအားဖြင့် တောင်ယာများကို လုပ်ကိုင်စားသောက်ကြပြီး လယ်ယာ လုပ်ကိုင်သူများမှာ နည်းပါးသည်။ လယ်ယာ လုပ်ကိုင်သော ဒေသခံများသည်လည်း ယခုနှစ် မိုးရွာသွန်းခြင်း နည်းပါး၍ လုပ်ကိုင်နိုင်ခြင်း သိပ်မရှိကြောင်း ရှားတောမြို့နယ်အတွင်း ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ပေးနေသော ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေး ပင်မဌာန (ကေအက်စ်ဒဗလျူဒီစီ)မှ တာဝန်ရှိသူ တဦးက ပြောသည်။

၎င်းက “သီရိဒါးက မိသားစုတစုပေါ့။ သူ့မှာ ကလေး ၈ ယောက် ရှိတယ်။ ခါတိုင်းနှစ်မှာ သူတို့ မိသားစုက လယ်ယာ လုပ်ကိုင်နိုင်ခဲ့တယ်လေ။ ဒီနှစ်မှာတော့ ဘယ်လိုမှကို မတတ်နိုင်တော့ဘူး၊ မိုးမရွာလို့။ တနေ့ပြီးတနေ့ အလုပ်သွားလုပ်မယ်ဆိုလည်း သူ့သားသမီး ၈ ယောက်အတွက် ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ပြောသည်။

ရှားတောမြို့နယ်တွင် ကျေးရွာပေါင်း ၁၂ ရွာခန့် ရှိပြီး ၎င်းကျေးရွာများမှာ သီရိဒါး၊ ဒေါဖင်ရော၊ ဒေါလူလဲ၊ ဒေါတနောင်း၊ နောင်ပလု၊ ဒေါတခူး၊ လျားဒူခေါ၊ လျားဒူ ကဆ၊ ကလာလဲ၊ နွားအာလင်း၊ ကျူးလဲ(ရှမ်း)နှင့် ကျူးလဲ(ကယား) တို့ ဖြစ်ကာ လူဦးရေ ၄၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

No comments: