Tuesday, November 23, 2010

တူမီးသေနတ်ရှိသူ စုစည်းရွာသားများ အာဏာပိုင်ထံ ကိုင်ဆောင်ခွင့်လက်မှတ် လုပ်ရ

အောလို

ကရင်နီပြည် ရှားတောမြို့ စုစည်းကျေးရွာမှ တူမီး(ယမ်းထောင်း)သေနတ် ကိုင်ဆောင်ထားသော ရွာသားများသည် မြန်မာစစ်အစိုးရ အာဏာပိုင်များထံ အခကြေးငွေ ပေးခြင်းဖြင့် သေနတ်ကိုင်ဆောင်ခွင့်လက်မှတ် ပြုလုပ်ကြရသည်ဟု သိရသည်။

ယမ်းထောင်းသေနတ်ရှိသူ စုစည်းရွာသားများသည် သေနတ်တလက်လျှင် အာဏာပိုင်များထံ အခကြေး ကျပ်ငွေ ၅၀၀ ပေးဆောင်ပြီး သေနတ်ကိုင်ဆောင်ခွင့်လက်မှတ် ရယူကြရခြင်း ဖြစ်သည်ဟု ရှားတောမြို့နယ်တွင် လူမှုကယ်ဆယ်ရေးကို ဆောင်ရွက်နေသော ကရင်နီလူမှုကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးပင်မဌာနမှ အဖွဲ့ဝင် တော်ရယ်က ပြောသည်။

“သူတို့ (အာဏာပိုင်)က ရွာသားတွေကို ပိုက်ဆံ တောင်းပြီး သေနတ်လိုင်စင် လုပ်ပေးတာ။ နောက်ပြီး စာတစောင် ရေးထားပေးတယ် ထောက်ခံစာပေါ့။ သေနတ်ယူသွားပြီးဆိုရင် အဲဒီသေနတ်လိုင်စင်ကို ကိုယ်ပေါ်မှာ ယူသွားရမှာပေါ့” ဟု ၎င်းက ပြောသည်။

သေနတ် ကိုင်ဆောင်ခွင့်လက်မှတ် လုပ်ထားသော ရွာသားများသည် သေနတ် ကိုင်ဆောင်ပြီး တောင်ယာသို့ အလုပ်သွားလုပ်သည်ဖြစ်စေ၊ တောလည်သည်ဖြစ်စေ ထိုလက်မှတ်ကို ကိုယ်ပေါ်၌ ဆောင်ထားရန်နှင့် မပါလျှင် တိုး၍ စစ်ဆေးမိပါက ဒဏ်ငွေ ရိုက်ခံရမည်ဟု အာဏာပိုင်များမှ ပြောဆိုထားကြောင်း ၎င်းက ဆက်ပြောသည်။

အာဏာပိုင်များသည် ရွာသားများကို တူမီးသေနတ် ကိုင်ဆောင်ခွင့်လက်မှတ် လုပ်ခိုင်းသည့်အပြင် ပြီးခဲ့သည့် ရွေးကောက်ပွဲကာလအတွင်းတွင်လည်း သေနတ်သံများကို မပစ်ပေါက်ခိုင်းကြောင်း ရှားတောမြို့တွင် ရောက်ရှိခဲ့သော နယ်လှည့်ကျန်းမာရေးအဖွဲ့မှ ဆေးမှူးတဦးကလည်း ပြောသည်။

ရှားတောမြို့မှ စုစည်းရွာသားများသည် ၎င်းတို့ စားဝတ်နေရေးအတွက် တောင်ယာနှင့် ယာခင်းများကို လုပ်ကိုင်စားသောက်ကြပြီး ရှားတောမြို့နှင့် အနည်းဆုံး ၃ နာရီခန့် ခြေလျင်ဖြင့် လျှောက်ရသော ခရီးအဝေး နေရာများသို့ သွားရောက်လုပ်ကိုင်ရကာ သွားခွင့်လက်မှတ်ကိုလည်း အာဏာပိုင်များထံ ရယူကြရသည်။

ထိုစုစည်းကျေးရွာတွင် ရွာသားများ လူဦးရေအရ ၁၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ၎င်းတို့သည် လွန်ခဲ့သည့် ၁၉၉၆ ခုနှစ်က စစ်အစိုးရတပ်များ၏ ကျေးရွာများ ပြောင်းရွှေ့နေထိုင် ခိုင်းမှုကြောင့် သံလွင်မြစ်နှင့် ပွန်ချောင်းအကြားမှ ရွှေ့ပြောင်းလာရောက်နေထိုင်ကြသော ကျေးရွာများ ဖြစ်ကြသည်။

No comments: