Monday, November 29, 2010

ငြိမ်းအဖွဲ့များ ဖရိုဖရဲဖြစ်ပြီး မှောင်ခိုသမားများ နိုင်ငံရေး သမားများ ဖြစ်လာသောကြောင့်

တာကလူး

မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင် အဓိက အရေးပါသည့် သစ်မှောင်ခို တင်ပို့မူမှာ ယခုလပိုင်း အတွင်း သိသိသာသာ ကျဆင်းနေသည်ဟု နှစ်နိုင်ငံ နယ်စပ် ကုန်သည်များက ပြောသည်။

မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ ယခင်က တစ်လလျှင် ပျမ်းမျှ သစ်တန်ချိန် ၁၃၀၀၀ ခန့် ပုံမှန် တင်သွင်းနေခဲ့ရာမှ ယခုနှစ် စက်တင်ဘာ လဆန်းပိုင်းမှစ၍ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး၊ ယခုလအတွင်း သစ်တန်ချိန် (၃၀၀၀) ခန့်သာ တင်သွင်းခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သစ်ပွဲစား မိုဟာမက် ဟာချမ်က တက္ကနာဖ်ဆိပ်ကမ်းရှိ အကောက်ခွန်စာရင်း ဇယားများကို ကိုးကားပြီး နိရဉ္စရာကို ပြောသည်။

“ဒီဆိပ်ကမ်း အကောက်ခွန်စာရင်းတွေ အရတော့ အရင်က မြန်မာဘက်က သစ်တွေက တစ်လမှာ ပျမ်းမျှ တန်ချိန် ၁၃၀၀၀ လောက်ကို ပုံမှန်ဝင်ခဲ့တာကို တွေ့ရပါတယ်။ ဒီစက်တင်ဘာ လဆန်းပိုင်း ကနေ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီးတော့ ဒီလ နိုဝင်ဘာ အတွင်းမှာတော့ စုစုပေါင်း တန်ချိန် ၃၀၀၀ ခန့်သာ ၀င်လာခဲ့တာကို တွေ့ရပါတယ်” ဟု ဟာချမ်က ပြောသည်။

ယခုကဲ့သို့ မြန်မာဘက်မှ ဘင်္ဂလာဒေ့ရှ်သို့ သစ်မှောင်ခိုတင်ပို့မှု ထိုးဆင်းသွားခြင်းမှာ ရွေးကောက်ပွဲ ကာလအတွင်း သစ်မှောင်ခို အဓိက လုပ်နေကြသည့် အပစ်ရပ်အဖွဲ့ တချို့ ဖရိုဖရဲ ဖြစ်သွားခဲ့ပြီး၊ သစ်မှောင်ခို သမားကြီးများလည်း ကြံ့ဖွံ့ ပါတီ၏ နိုင်ငံရေးသမားကြီးများ ဖြစ်လာသည့် အတွက်ကြောင့် ဖြစ်သည်ဟု မြန်မာနယ်စပ်ကုန်သည်တစ်ဦးက ယခုကဲ့သို့ပြောသည်။

“တနင်္သာရီ၊ ဧရာဝတီ ဘက်က သစ်တွေကိုဆို အပစ်ရပ်အဖွဲ့ဖြစ်တဲ့ ဒီကေဘီအေက ဘင်္ဂလာကို တင်ပို့ခဲ့သလို ၊ ရခိုင်က သစ်တွေကိုဆိုရင် တောင်ကုတ်က ဦးကျောက်တောင်၊ သံတွဲက ဦးအောင်နိုင်ဦး စတဲ့ စီးပွါးရေးသမားကြီးတွေက ဘင်္ဂလားဒေ့ရှ်ကို အလုံးအရင်းနဲ့ မှောင်ခို တင်ပို့ နေခဲ့ကြတာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ကာလအတွင်းမှာ ဒီကေဘီအေလည်း စစ်အစိုးရနဲ့ တိုက်ပွဲတွေဖြစ် ပြဿနာ တက်ပြီးတော့ ဦးကျောက်တောင်၊ ဦးအောင်နိုင်ဦးတို့လို ရခိုင်က သစ်မှောင်ခို သမားကြီး တွေလည်း ကြံ့ဖွံ့ပါတီမှာ မြို့နယ် နာယကကြီးတွေ ဖြစ်သွားပြီး ရွေးကောက်ပွဲမှာ အနိုင်ရရေး အတွက် နိုင်ငံရေးကိစ္စတွေနဲ့ အလုပ်များနေတဲ့ အတွက် ခုလို သစ်မှောင်ခိုတင်ပို့မှုတွေ ကျဆင်း သွားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ အဓိက အ၀ယ်လိုက်နေသည့် မြန်မာ သစ်များမှာ ကျွန်း၊ စံကား နှင့် ကညင် သစ်များ ဖြစ်ကြသည်။ လက်ရှိ ဘင်္ဂလားဒေ့ရှ် နယ်စပ် သစ်ဈေးကွက်၌ ကျွန်းသစ် တစ်တန်လျှင် တာကာ ၂၀၀၀၀၀ ( ကျပ် ၂၅ သိန်း) ၊ စံကား တစ်တန်လျှင် တာကာ ၁၂၅၀၀၀ နှင့် ကညင်တစ်တန်လျှင် တာကာ ၆၅၀၀၀ အသီးသီး ဈေးပေါက်နေကြောင်း သိရှိရသည်။

လက်ရှိ ဘင်္ဂဘားဒေ့ရှ်-မြန်မာ ငွေလှဲလှယ်နှုန်းမှာ ၁ တာကာ လျှင် ၁၂.၃၀ ကျပ်ဖြစ်သည်။

နယ်စပ်ကုန်သည်များ၏ အဆိုအရ ဘင်္ဂလာဒေ့ရှ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် မှောင်ခို လုပ်ငန်းများက အများစု နေရာယူထားပြီး၊ မြန်မာဘက်မှ သစ်နှင့် ကျွဲနွား မှောင်ခိုတင်ပို့မှုမှာ အမြတ်အစွန်း အကောင်းဆုံး ဖြစ်ကြောင်းသိရှိရသည်။

No comments: