Tuesday, November 23, 2010

ဓာတ်ဆီ မှောင်ခို ဈေးပြန်ကောင်း

ဟိန်းသူ Tuesday, 23 November 2010

လောင်စာဆီများကို အကန့်အသတ်ဖြင့် စတင်ရောင်းချပြီး နောက်ပိုင်း ပြည်တွင်း ဓာတ်ဆီ မှောင်ခိုဈေးကွက် ဦးမော့လာ သောကြောင့် ပုဂ္ဂလိက ဓာတ်ဆီ အရောင်းဆိုင်များမှ ထုတ်ယူ၍ ပြန်လည် ရောင်းစားသူ အများအပြား ရှိနေကြာင်း သတင်းရရှိသည်။

ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီတဂါလန် ဈေးနှုန်းမှာ ၂၅၀၀ ကျပ် ဖြစ်သော်လည်း မှောင်ခိုဈေးကွက်တွင် ၃၀၀၀ ကျပ်မှ ၃၂၀၀ ကျပ်အထိ ဈေးပေါက်သောကြောင့် ပြန်လည်ရောင်းချသူများ တွက်ခြေကိုက်သည့်အတွက် ဆိုင်များတွင် လှည့်လည်ဝယ်ယူမှုများ ရှိနေဟု သိရသည်။

“ပြန်ရောင်းစားနေတဲ့သူတွေ ရှိနေလို့ ကျွန်တော်တို့ သတ်မှတ်ထားတဲ့ပုံစံအတိုင်း ရောင်းချနေပါတယ်။ လေးဘီးကားတစီးကို ၂ ဂါလန်နဲ့ တခြားကားတွေကိုတော့ အများဆုံး ၅ ဂါလန်အထိ ရောင်းချပေးပါတယ်။ အဲဒီထက်ပိုပြီး ဘယ်ကားကိုမှ ရောင်းမပေးပါဘူး။ ကျနော်တို့ကလည်း ခွဲတန်းအလိုက် ရောင်းရတာဆိုတော့ ကားတွေအားလုံး ရနိုင်ဖို့အတွက် စီစဉ်ရတာပါ” ဟု ထူးကုမ္ပဏီပိုင် ဓာတ်ဆီအရောင်းဆိုင် တာဝန်ရှိသူ တဦးကပြောသည်။

ရန်ကုန်အပါအဝင် မြို့ကြီးများ၌ နိုဝင်ဘာလ အစောပိုင်းမှစ၍ လောင်စာဆီများကို အကန့်အသတ်ဖြင့်သာ ပြန်လည်ရောင်းချသောကြောင့် တန်းစီ စောင့်ဆိုင်းရကြောင်း သိရသည်။

တခြား စက်သုံးဆီ အရောင်းဆိုင် တခုမှ ဝန်ထမ်းတဦးကလည်း “ဒီလဆန်းလောက်ကတည်းက ၀ယ်ယူသူတွေ သိသိသာသာ တိုးလာတယ်။ တခါမှ လာမထုတ်ဖူးတဲ့ ကားတွေလည်း အများကြီးပဲ။ ကားတော်တော်များများက ကျနော်တို့လို ဆိုင်တွေကနေ၀ယ်ပြီး ပြန်ရောင်းစားနေတယ်လို့ ကြားတယ်” ဟု ဆိုသည်။

မန္တလေးမြို့တွင်လည်း ဓာတ်ဆီဝယ်ယူရန် ၃ နာရီခန့် စောင့်ဆိုင်းရကြောင်း၊ ဆိုင်ကယ်များမှာ မစောင့်နိုင်သည့်အတွက် ပြင်ပမှ ၀ယ်ယူအသုံးပြုရသည်ကများကြောင်း၊ ၀ယ်ယူရသည့်ဈေးနှုန်းမှာ ၃၂၀၀ ၀န်းကျင်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ယခုနှစ် ဇွန်လ ၁၀ရက်နေ့မှစ၍ စစ်အစိုးရက လောင်စာဆီ ဖြန့်ဖြူးရောင်းချရေးကို ပုဂ္ဂလိကသို့ ပြောင်းလဲလုပ်ပိုင်ခွင့်ပြုခဲ့ သည်။

စစ်အစိုးရက တဂါလန်လျှင်၂၃၅၀ ကျပ်နှုန်းဖြင့် ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်များသို့ ချပေးပြီး ဈေးနှုန်းကို ၂၅၀၀ ကျပ် ထက်မပိုဘဲ ပြန်လည်ရောင်းချပေးရမည်ဟု ကန့်သတ်ထားသည်။

စွမ်းအင်ဝန်ကြီးဌာနက ပုဂ္ဂလိက စက်သုံးဆီ ဆိုင်များအား တဂါလန် ရောင်းဈေး၏ ငါးရာခိုင်နှုန်းအထိ အခွန်ကောက်ခံရန် အစီအစဉ်ရှိနေသော်လည်း ယခုအချိန်တွင် ဓာတ်ဆီတစ်ဂါလန်လျှင် ၂၈ ကျပ်သာ အခွန်ကောက်ခံထားကြောင်း သိရသည်။

သို့သော် ထိုကဲ့သို့ အခွန်ကောက်ခံမှုမှာ ၆ လအထိသာ ဆောင်ရွက်မည်ဟု ကြေညာထားသောကြောင့် ယခုနှစ် ဒီဇင်ဘာလကုန်တွင် စွမ်းအင်ဝန်ကြီးဌာနသို့ ပေးဆောင်ရမည့်အခွန်မှာ ၅ ဆခန့် တိုးမြင့်လာမည် ဖြစ်သည်။

“အခွန်တွေတိုးမယ်ဆိုတော့ ကျွန်တော်တို့အနေနဲ့လည်း ဆီဈေးကိုတိုးပြီး ရောင်းသွားဖို့ပဲရှိပါတယ်။ ဒါကတော့ အထက်က လူကြီးတွေ ဆုံးဖြတ်ရမယ့်ကိစ္စပါ” ဟု ထူးကုမ္ပဏီပိုင် ဓာတ်ဆီအရောင်းဆိုင် တာဝန်ရှိသူတဦးက ဆိုသည်။

မြန်မာနိုင်ငံတွင် ရောင်းချလျက်ရှိသော စက်သုံးဆီများမှာ မြ၀တီနှင့် တာချီလိတ်နယ်စပ်ဂိတ်များမှ တင်ပို့ခြင်းဖြစ်ကြောင်း သိရသည်။

လောင်စာဆီ ဖြန့်ဖြူးရေးကို ဦးတေဇ (ထူး ထရေးဒင်း)၊ ဦးဇော်ဇော် (မက်စ်မြန်မာ ကုမ္ပဏီ)၊ ဦးကျော်ဝင်း (ရွှေသံလွင် ထရေးဒင်း)၊ ဦးဌေးမြင့် (ယုဇန ကုမ္ပဏီ)၊ အဏ္ဏ၀ါလွှမ်း ကုမ္ပဏီ၊ နီလာရိုးမ ကုမ္ပဏီ၊ Fisheries & Marine Product 2000 Limited၊ ဦးနေအောင်၊ ဦးအောင်သက်မန်း (ဧရာရွှေဝါ)၊ ဂရင်းအေးရှား၊ ဦးခင်မောင်အေး (ကေတုမတီ)၊ ဦးခင်ရွှေ (ဇေကမ္ဘာကုမ္ပဏီ)၊ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၊ ဦးဝင်းအောင် (ဒဂုံ အင်တာနေရှင်နယ်)၊ ကောင်းဇော်ဟိန်း ကုမ္ပဏီ၊ မြန်မာ နိုင်ဂရု (ပ်)၊ ဦးချစ်ခိုင် (ဧဒင်)၊ မြတ်မေတ္တာမွန် စသည့် ကုမ္ပဏီကြီးများက လက်ဝါးကြီးအုပ်ထားသည်။

No comments: