Wednesday, November 24, 2010

တိုက်ပွဲသတင်းကြောင့် မြ၀တီလူထု အထိတ်တလန့်ဖြစ်

ဇော်ကြီး။

ယနေ့နေ့လည်ပိုင်းအချိန်က ထိုင်းမြန်မာနယ်စပ် မြ၀တီမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီး မြို့ခံလူထုများ အထိတ်တလန့်ဖြစ်ခဲ့သည်။

ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့က ယခုလ (၈) ရက်နေ့ကမြ၀တီမြို့အား ခေတ္တသိမ်းဆီးလိုက်ပြီးနောက်ပိုင်းမှစ၍ မြို့ပေါ် မငြိမ်မသက်မှုများ ဖြစ်ပွားနေ ခဲ့သည်။

ယနေ့နေ့လည်တစ်နာရီခွဲ အချိန်ခန့်က တိုက်ပွဲထပ်မံဖြစ်ပွားသည်ဆိုသော သတင်းထွက် လာပြီး နောက် မြို့ပေါ်စာသင်ကျောင်းများ ရုတ်တရက်ပိတ်လိုက်ရသည်ဟု မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“ကလေးတွေကို ကျောင်းကနေလာခေါ်ခိုင်းလို့ ကျနော့ကလေးကအစ အကုန်လုံးသွားခေါ်ပြီး ပြန်လာ ကြတာ။ ရုတ်ရုတ်၊ ရုတ်ရုတ်တော့ ဖြစ်နေတယ်။ ဘာဖြစ်မှန်းမသိဘူး။”

အခြားမြို့ခံကုန်သည်တဦးကလည်း ထိတ်လန့်မှုဖြစ်ပွားပြီးနောက်ပိုင်း မြ၀တီမြို့ပေါ်ရှိ ဈေးဆိုင်များ ပိတ်ထားပြီး တစုံတခုဖြစ်ပွားလာမည်ကို မြို့ခံများစိုးရိမ်နေကြသည်ဟု ယခုလိုပြောသည်။

“ဒီတံတားထိပ်နဘေးနားက ဆိုင်တွေတော့ အကုန်လုံးပိတ်လိုက်ပြီ။ ဘုရင့်နောင်ဈေးကြီးလည်း ပိတ် လိုက်ပြီပေါ့နော်။ တချို့ဟာတွေလည်း ပိတ်တယ်။ တချို့ဟာတွေလည်း မပိတ်ဖူးပေါ့နော်။ ဒီဘုရား ရှေ့နားကတွေတော့ အခြေအနေ စောင့်ကြည့်နေကြတာပေါ့။ ပိတ်ရင်ကောင်းမလား မပိတ်ရင်ကောင်း မလားပေါ့နော်။ သေနတ်သံကြားရင်တော့ ပိတ်မှာပေါ့။ အိမ်တွေမှာတော့ အကုန်လုံးက အဆင်သင့် လုပ်ထားပြီးကြတာပေါ့။”

ထို့အပြင် မြ၀တီမြို့ပေါ်ရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်မည်ဟုသတင်းများထွက်ပေါ်နေပြီး ဒေသခံ စစ် အစိုးရတပ်သားများ အသင့်အနေအထားဖြင့် လှည့်လည်နေသည်ဟု ၎င်းကဆက်ပြော သည်။

“အခုကြားနေရတာက ရဲစခန်းကိုချမယ်လို့ပဲ ကြားနေရတာ။ ဟုတ်လားမဟုတ်လား အတိအကျ မသိ ရဘူး။ လက်နက်ကြီးကတဲ့ ရဲစခန်းကို ထုမယ်လို့ ပြောနေကြတာပေါ့။ မြို့ထဲမှာတော့ ဘာမှမဖြစ်ဖူး။ စစ်သားတွေကလည်း ကားနဲ့ လိုက်လှည့်နေကြတာလေ။ ကားနှစ်စီးနဲ့။ သေနတ်တွေ၊ လက်နက်ကြီး တွေတင်ပြီးတော့ မြို့ထဲကိုလိုက်လှည့်နေတယ်လေ။ သုံးခါလောက်ရှိပြီ လှည့်နေ တာ။”

ယင်းကိစ္စနှင့်ပတ်သက်၍ DKBA တပ်ဖွဲ့ဝင်တဦးက မြို့ပေါ်တွင် မည်သည့်ပစ်ခတ်မှုမှ မရှိကြောင်းနှင့် သင်္ကန်းညီ နောင်ဖက်တွင် ဖြစ်ပွားသည်ဟု သတင်းကြားရသော်လည်း အတည်ပြု၍ မရနိုင်သေးကြောင်း ယခုလိုပြောသည်။

“ကျနော်တို့လည်း မြို့ထဲမှာ ရုတ်ရုတ်ဖြစ်နေတယ်ဆိုတော့ လိုက်မေးကြည့်တော့ မြို့ထဲမှာ မ ဟုတ်ဖူး တဲ့။ ဟိုးညီနောင်မှာတဲ့။ ညီနောင်မှာဖြစ်မယ်ဆိုလည်း ကျနော်တို့နဲ့ သိပ်မှမဝေးတာကို ဘာအသံမှ လည်းမကြားဘူး။ ဖြစ်တာတော့ မသေခြာလောက်ဖူးလို့ ကျနော်ကတော့ ထင်တာပဲ။ ဘာကြောင့် လည်းဆိုတော့ တကယ်လို့ဖြစ်ခဲ့လို့ရှိရင် လက်နက်ကြီးတို့ ဘာတို့ အသံကြားရ မှာပေါ့။ ဝေးတာမှ မဟုတ်တာ။”

ယမန်နေ့ကလည်း DKBA မှ ဗိုလ်မှူးကြီးကျော်သက်ဦးဆောင်သည့် တပ်ဖွဲ့များနှင့် ကရင်အမျိုးသားအ စည်းအရုံး KNU လက်အောက်ခံ တပ်မဟာ(၇)မှ ဗိုလ်မှူးချုပ်ဂျော်နီတို့ စစ်ရေးအရ ပူးပေါင်းဆောင် ရွက်သွားရန် နယ်စပ် တနေရာတွင် ဆွေးနွေးခဲ့ကြသည်ဟု နိုဝင်ဘာလ (၁၈)ရက် နေ့က BBC သတင်း တစ်ပုဒ်တွင် ဖော်ပြထားသည်။

ဗိုလ်မှူးကြီးစောလားပွယ်ဦးဆောင်သည့် DKBA တပ်ဖွဲ့က စစ်အစိုးရဦးဆောင်ကျင်းပသော ရွေးကောက် ပွဲကို စစ်မှန်ပြီးတရာမျှတမှု မရှိဟုဆိုကာ ထိုင်း-မြန်မာနယ်စပ်မြို့များဖြစ်သည့် မြ၀တီ နှင့် ဘုရားသုံးဆူ မြို့များအား ခေတ္တသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း မြ၀တီမြို့ပေါ်တွင် ထိတ်လန့်မှုများ မကြာခနဆိုသလို ဖြစ် ပေါ်ခဲ့ခြင်းဖြစ်သည်။

No comments: