Thursday, November 25, 2010

ဘုရားသုံးဆူတွင် ထုတ်ပြန်သည့်အမိန့် လူထုစိုးရိမ်မှု ပိုဖြစ်လာ

ဇော်ကြီး။

ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ်၌ ယမန်နေ့က ဒေသခံအာဏာပိုင်၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကြောင့် မြို့ခံလူ ထု စိုးရိမ်မှုပိုဖြစ်နေသည်ဟု မြို့ခံများကပြောသည်။

ယင်းအမိန့်နှင့် ပတ်သက်၍ “ညမထွက်ရဘူးလို့တော့ မဟုတ်ဘူး။ ဒါပေမယ့် ညထွက်လို့ ဖြစ်တဲ့ပြဿနာ သူတို့ (စစ်အစိုးရတပ်)က တာဝန်မယူဘူးလို့ပြောတယ်။” ဟု မြို့ခံတဦးက ပြောသည်။

ယင်းအမိန့်ကို ဗိုလ်မှူးချုပ်စောလားပွယ်ဦးဆောင်သည့် DKBA တပ်မဟာ(၅)တပ်ဖွဲ့နှင့် ကရင် အမျိုးသားအ စည်းအရုံး KNU လက်အောက်ခံတပ်မဟာ(၇)တို့ ဒေသတွင်း စစ်ရေးပူးပေါင်း ဆောင်ရွက်ရန် လွန်ခဲ့သည့် နိုဝင် ဘာလ(၁၈)ရက်နေ့က သဘောတူညီခဲ့ပြီးနောက် ယမန်နေ့ နေ့လည်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်မခံ ငြင်းဆန်ထားသည့် တိုးတက်သောကရင်ဗုဒ္ဓဘာသာ တပ်မတော် DK BA တပ်ဖွဲ့များ ဘုရားသုံးဆူနှင့် မြ၀တီမြို့တို့မှ ပြန်လည်ဆုတ်ခွာခဲ့ပြီး နောက်ပိုင်း ဒေသတွင်း မငြိမ်မသက် ဖြစ်ပေါ်နေစဉ် လူနှင့်စက်တပ်ယာဉ်များကို ယင်းသို့သွားလာခွင့် ပိတ်လိုက်သည့်အတွက် မြို့ခံလူထုစိုးရိမ်မှု ပိုဖြစ် လာသည်ဟု ၄င်းက ဆက်ပြောသည်။

“ထွက်လာတဲ့သတင်းတွေကလည်း စစ်ဆင်ရေးဝင်မယ်ဆိုတဲ့ အနေအထားမျိုးဖြစ်နေတာကိုး။ ဒီတော့ ကားတွေကိုလည်း လိုအပ်ရင်လိုအပ်သလို ဆွဲသုံးမယ့် အနေအထားမျိုးရှိတယ်။ ဥပမာ နီးနီးနားနား လို တဲ့ ခရီးဆိုရင် သူတို့ ဆွဲသုံးမယ်ပေါ့။ အခုက ဒီဖက်မှာရော ဟိုဖက်မှာရော နှစ်ဖက်စလုံးက ပြင်ဆင် မှုတွေက လုပ်နေကြတာကိုး။ အဲဒီတော့ တော်တော်လေးကျနော်တို့လည်း သတိထား နေရတဲ့ အနေ အထားမှာရှိနေတယ်။”

အလားတူ အခြားမြို့ခံအမျိုးသမီးတစ်ဦးကလည်း မြို့ပေါ်တွင် ကောလဟာလသတင်းအမျိုးမျိုး ထွက်ပေါ်နေပြီး DKBA တပ်ဖွဲ့မှ အရာရှိတချို့ မြို့တွင်းသို့ ၀င်ရောက်လာမှုကြောင့် ယင်းအမိန့် ထုတ်ပြန်ခြင်း ဖြစ်နိုင်သည်ဟု ယခုလိုပြောသည်။

“ဗိုလ်အေ၀မ်းကို မြို့ထဲမှာတွေ့တယ်ဆိုပြီးတော့မှ သူ့နာမည် မြို့ပေါ်မှာ လိုက်ပြန့်သွားတယ် ပေါ့နော်။ အဲတာနဲ့ နအဖဖက်က သူတို့အော်လံတွေနဲ့ လိုက်အော်တာပေါ့နော်။ ည(၈)နာရီ အပြင်မထွက်နဲ့။ ည(၈)နာရီကျော်လို့ ထွက်ရင် မှားပစ်မိရင် သူတို့တာဝန်မယူဘူးပေါ့။”

သို့သော် နယ်စပ်အရေးစောင့်ကြည့်နေသူတဦးကမူ စစ်အစိုးရက ညမထွက်ရအမိန့်ထုတ်ပြန် ခြင်း မဟုတ်သော် လည်း ညအချိန် မသင်္ကာဖွယ်ရာများတွေ့ရှိပါက စစ်အစိုးရတပ်မှ ပစ်မိန့်ပေး ထားခြင်းအပေါ် ရပ်ကွက်တာဝန်ရှိ သူများကစိုးရိမ်ပြီး ညမထွက်ရအမိန့် ထုတ်ပြန်လိုက်ခြင်းဖြစ် သည်ဟု ယခုလိုပြောသည်။

“သူက ကာဖြူးထုတ်တာမဟုတ်ဘူးဗျ။ သူက(စစ်အစိုးရတပ်)ရပ်ရွာသူကြီးတွေကိုခေါ်ပြီးပြောတာက မ သင်္ကာစရာ ဖြစ်အောင်မလုပ်ဖို့ပေါ့ဗျာ။ ဥပမာ လမ်းကြိုလမ်းကြားမှာ အုပ်စုဖွဲ့ပြီးနေတာတို့၊ မှောင်ရိပ် ခိုပြီး နေတာတို့မလုပ်ဖို့။ ဒါပေမယ့် ရပ်ကွက်လူကြီးက ရှင်းရှင်းပဲသူကတော့ ညဖက်မထွက်နဲ့ဆိုပြီး တော့ ပြောလိုက်တော့ ရှင်းသွားတာပေါ့ဗျာ။”

လက်ရှိအခြေအနေအရ ဘုရားသုံးဆူမြို့ပေါ်နှင့် အနီးတ၀ိုက်တွင် စစ်အစိုးရတပ်ရင်း(၅)ရင်း ရောက်ရှိနေပြီး မြို့ တွင်း၌လည်းညစဉ်ကင်းလှည့်စောင့်ကြည့်မှုများရှိကာ စက်တပ်ယာဉ်များ အရှိန်မြှင့်မောင်းနှင်၍မရနိုင်စေရန် မြို့ ပေါ်လမ်းများပေါ်တွင် အဟန့်အတားများ ပြုလုပ်ထား ကြောင်း သတင်းရရှိသည်။

No comments: