Sunday, November 28, 2010

ဒေါ်အောင်ဆန်းစုကြည် အားထားမည့် လူငယ်ထုအားနှင့် နည်းပညာ

ထက်အောင်

ဆက်သွယ်ရေးကွန်ရက် တိုးတက်လာခြင်းနဲ့ ထောက်ခံအားပေးသူတွေထဲမှာ လူငယ်အများအပြား ပါဝင်နေခြင်းက နေအိမ် အကျယ်ချုပ် ဘဝမှ လွတ်မြောက်လာတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အံ့အားသင့်စရာ၊ စိတ်အားတက်ကြွစရာ ဖြစ်ခဲ့ ပါတယ်။

သူလွတ်မြောက်လာတာကို မျှော်လင့်နေကြတဲ့ လူထုကြီးကို ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက “လူထု ကွန်ရက်” တခု ဖွဲ့မယ်၊ ဒီလိုကွန်ရက်ဖွဲ့တဲ့နေရာမှာ ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိရှိ အသုံးချဖို့နဲ့ မြန်မာလူငယ်ထု တရပ်လုံးပါဝင်လာဖို့ သူက တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ်များအပါအ၀င် လူငယ်ထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ရဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ကြိုးပမ်းချက်မှာ လူငယ်ထုရဲ့အားကို ပြန်လည်စုစည်းတဲ့ ပထမ ခြေလှမ်းတရပ်လည်း ဖြစ်ပါလိမ့်မယ်။

တကယ်တော့ မြန်မာ့ဒီမိုကရေစီရေးကို ဦးစီးဦးဆောင်ပြုခဲ့တာ ကျောင်းသားလူငယ်တွေဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ ပေါင်းစပ်ကာ အခုအချိန်ထိ နှစ်ပေါင်း ၂၀ ကျော်ကြာ ရုန်းကန်လှုပ်ရှားခဲ့ကြပါတယ်။

မျိုးဆက်တခု ဖြတ်သန်းခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးအခင်းကာလအတွင်း ကလေးအရွယ် သို့မဟုတ် ထိုအရေး အခင်းနောက်ပိုင်း မွေးဖွားခဲ့ကြသော လူငယ်အများအပြားဟာ အခုအခါမှာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲဆိုတာကို စိတ်အားထက်သန်းစွာနဲ့ နားထောင်နေကြပါပြီ။ အဲဒီလူငယ်တွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတွေ့ဖူးသူတွေ အများအပြား ပါဝင်မှာဖြစ်သလို သူရဲ့နိုင်ငံရေးခရီးအစ ရုန်းကန်လှုပ်ရှားမှုများကို မျက်ဝါးထင်ထင် မြင်တွေ့ခွင့် မရကြသူများလည်း ဖြစ်ပါတယ်။

လူငယ်မျိုးဆက်သစ်တွေရဲ့ အားနဲ့ “လူထုကွန်ရက်” ဖွဲ့ ဆောင်ရွက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို လူငယ် ခေါင်းဆောင်ဟောင်းများဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည့်ရဲ့ နိုင်ငံရေးလုပ်ငန်းများကို အနီးကပ်ကူညီ ဆောင်ရွက်ခဲ့ကြတဲ့ ကိုမိုးဇော်ဦးနဲ့ ကိုခင်ထွန်းတို့က ကြိုဆိုခဲ့ပါတယ်။ ထို့အတူ သတိထားသင့်တဲ့ အချက်တချို့ကိုလည်း ပြောခဲ့ပါတယ်။

“လူငယ်နဲ့ပတ်သက်ပြီး သတိထားသင့်တဲ့ အချက်တခုက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ လူငယ်ဖွဲ့စည်းမှုမှာ ၁၉၈၈ ကတည်းက ဒေါ်စုရဲ့လုံခြုံရေးတာဝန်နဲ့ နိုင်ငံရေးတာဝန် အဲဒီနှစ်ခုက ရောထွေးမှုတွေ ရှိခဲ့တယ်” လို့ ၁၉၈၈-၈၉ ကာလအတွင်း NLD လူငယ် ခေါင်းဆောင်တဦးအဖြစ် တာဝန်ယူခဲ့တဲ့ ကိုမိုးဇော်ဦးက သူ့ရဲ့အတွေ့အကြုံအရ အရေးကြီးတဲ့ ရှုပ်ထွေးမှုတခုကို ထောက်ပြခဲ့ပါတယ်။

“လူငယ်တချို့ဟာ ဒေါ်စုနဲ့ အနီးကပ်နေရတဲ့အပေါ်မှာ တစုံတရာ အာဏာရှိလာတယ်။ တပြိုင်တည်းမှာပဲ အရေးကြီးတဲ့နိုင်ငံရေး တာဝန်တွေကို ရယူကြတော့ Conflicts of Roles (တာဝန်ရှုပ်ထွေးမှု) သွားဖြစ်တယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်လာခဲ့တယ်” လို့ သူကပြောပါတယ်။

ကိုမိုဇော်ဦးဟာ အကျဉ်းထောင်ထဲမှာ ၈ နှစ်ကျော် နိုင်ငံရေးအကျဉ်းသားဘ၀နဲ့ ဖြတ်သန်းခဲ့ရသလို လက်ရှိမှာ ထိုင်းနိုင်ငံအခြေစိုက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ရဲ့ တွဲဖက် အထွေထွေ အတွင်းရေးမှူး တာဝန် ယူထားသူဖြစ်ပါတယ်။

နိုင်ငံရေးဂုဏ်သိက္ခာရဲ့အရေးကြီးပုံ၊ ပြည်သူအပေါ် အမြဲရိုးသားမှု ရှိရမယ့်အကြောင်းနဲ့ ၁၅ နှစ်ကျော် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတာကို အနစ်နာခံတယ်လို့မမြင်ဘဲ သူ့ရဲ့ရွေးချယ်မှုတခုသာ ဖြစ်ကြောင်းစတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေး သင်ခန်းစာတွေကို သင်ယူရမယ့်အစား ကျော်ကြားမှုနောက် လွဲမှားစွာ လိုက်ခဲ့ကြတဲ့ လူငယ်တွေရှိခဲ့ပါတယ်။

တချိန်တည်းမှာပဲ စစ်အစိုးရကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ လူငယ်ထုအကြား တသားတည်းဖြစ်သွားပြီး အင်အားကြီးထွားလာမှာကို စိုးရိမ်ပြီး နှောင့်ယှက်ဟန့်တားမှုတွေ အမြဲလုပ်ခဲ့ပါတယ်။

“NLD ပါတီရဲ့ အဓိကမောင်းနှင်အားက လူငယ်ဆိုတာကို စစ်အစိုးရကသိတော့ ဒေါ်စုရဲ့ဦးဆောင်မှုအောက်မှာ လူငယ်တွေ စုဖွဲ့အား ကောင်းလာမှာကို သူတို့စိုးရိမ်တယ်။ ဒီလိုအားကောင်းလာရင် သူတို့ကိုဖယ်ရှားဖို့ တခုခုလုပ်တော့မှာပဲဆိုပြီး ဖိနှိပ်မှုတွေကို တိုးလုပ်လာတယ်။ လူငယ်ဖွဲ့စည်းမှုနဲ့ အာဏာပိုင်တွေရဲ့ နှောက်ယှက်မှုတွေက အမြဲတွဲစပ်နေပြီး ပြဿနာတွေ အမြဲဖြစ်ခဲ့တယ်” လို့ ကိုမိုးဇော်ဦးက ပြောပါတယ်။

Twitter လို လူမှုကွန်ရက် (Social Network) ကိုသုံးပြီး လူငယ်တွေနဲ့ ကွန်ရက်ဖွဲ့ဖို့ ဆန္ဒရှိတာကို မလွတ်ခင်က သူ့ရဲ့ ရှေ့နေကတဆင့် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ်။ လွတ်မြောက်လာတော့လည်း အင်တာနက်သုံးခွင့်ရဖို့ သူကြိုးစားနေတယ် ဆိုတာကို ဘီဘီစီ အသံလွှင့်ဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။

“တကယ်တော့ လူငယ်တွေကြားထဲမှာ ကွန်ရက်က ရှိပြီးထားပါ။ ပြည်တွင်းက လူငယ်တွေမှာ Facebook ကွန်ရက်တွေ ရှိနေပါပြီ။ အဲဒီ ရှိထားပြီးသား ကွန်ရက်ထဲကို ဒေါ်စုအနေနဲ့ ၀င်လိုက်ရုံပါပဲ” လို့ ဦးမိုဇော်ဦးက ပြောပါတယ်။

ဒါပေမယ့် ဒီတကြိမ် ဒေါ်အောင်ဆန်းစုကြည်က လူငယ်နဲ့ ဆက်သွယ်ရေး နည်းပညာအကူအညီယူပြီး ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အရှိန်မြှင့်တင်မယ်ဆိုရင် ဘယ်လိုစိန်ခေါ်မှုတွေ ရှိလာနိုင်ပါသလဲ။

“လူငယ်တွေကို နိုင်ငံရေးမှာ မပါရင်ပြီးရော၊ ကျန်တာအကုန်လုပ်ဆိုတဲ့ အခြေအနေမျိုး စစ်အစိုးရက ဖန်တီးထားတယ်။ လူငယ်နိုင်ငံရေး မျိုးဆက်ကို သားကြောဖြတ်တဲ့ သဘောပေါ့” လို့ ၂၀၀၀ ခုနှစ် ၀န်းကျင်ကစလို့ ဒေါ်အောင်ဆန်းစုကြည် အနီးမှာ လူငယ်တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကိုခင်ထွန်းက ရှင်းပြပါတယ်။

“ဒါပေမယ့် အန်တီ့ကို ကြိုဆိုတဲ့အထဲမှာ လူငယ်မျိုးဆက်သစ် အများအပြားပါလာတာ နှစ်ချက်ရှိတယ်။ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ အကြပ်အတည်းတွေက လူငယ်ထုထဲ ရိုက်ခက်လာတဲ့အချက်ရယ်၊ ဆက်သွယ်ရေး နည်းပညာတွေကြောင့် ပြင်ပကမ္ဘာမှာ ပြောင်းလဲတိုးတက်မှုတွေကို လှမ်းကြည့်ခွင့် ရလာတာရယ်ကြောင့် ဖြစ်တယ်” လို့ ကိုခင်ထွန်းက သုံးသပ်ပါတယ်။

ဒါပေမယ့် မြန်မာ့နိုင်ငံရေးမှာ ထပ်ပြန်တလဲလဲဖြစ်နေတဲ့ အိုင်တီနည်းပညာအကူအညီနဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတခုက လူငယ်နဲ့ လူကြီးအကြား သဘောထားကွဲလွဲမှု ဖြစ်ပါတယ်။ ဒီပြဿနာကို ကိုခင်ထွန်းကိုယ်တိုင် ရင်ဆိုင်ခဲ့ရပြီး ဖြေရှင်းမရတဲ့ အဆုံး လူငယ် ၁၀၉ ဦးကို ဦးဆောင်ကာ NLD မှ နုတ်ထွက်သွားခဲ့ပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရပါသလဲ။ ဒေါ်အောင်ဆန်းစုကြည်ကရော ဒီလိုပြဿနာမျိုးကို အနာဂတ်မှာ ဘယ်လိုကုစားနိုင်မလဲ။ ကိုမိုးဇော်ဦးက လူငယ်နဲ့ လူကြီးအကြားရှိနေတဲ့ အခြေခံပြဿနာ ၃ ရပ် ကို အခုလိုရှင်းပြပါတယ်။

“အဓိကအခြေခံက မျိုးဆက်ကွာဟမှုကြောင့် ဖြစ်တယ်။ NLD ကို ခေါင်းဆောင်မှုပေးနေတဲ့ လူကြီးတွေနဲ့ လူငယ်တွေဟာ မြန်မာနိုင်ငံရေးမှာ အဆက်အစပ် မရှိခဲ့ကြဘူး။ NLD ရောက်မှ တွေ့ကြသိကြပြီး လုပ်ကိုင်ကြရတယ်။ လူကြီးတွေရဲ့ သူတို့ခေတ် ဖြတ်သန်းမှုကို လူငယ်တွေက မသိကြဘူး။ လူငယ်တွေရဲ့ လက်တွေဘ၀က လူကြီးတွေရဲ့ ဖြတ်သန်းမှုနဲ့ အတော်ကို ကွာခြားတယ်” လို့ ကိုမိုးဇော်ဦးက သုံးသပ်ပါတယ်။

နောက်တချက်က နိုင်ငံရေးအရ အစုအဖွဲ့နဲ့ လုပ်ကိုင်ရတဲ့ အလေ့အထနဲ့ အတွေ့အကြုံ နည်းတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ၁၉၈၈ မျိုးဆက်လူငယ်တွေက အခုအခါမှာ လူကြီးဖြစ်လာကြပြီ။ သူတို့က နိုင်ငံရေးမှာ လူကြီးတာဝန်တွေ ယူလာနိုင်ရင်တော့ လက်ရှိလူငယ်တွေနဲ့ သူတို့ကြားမှာ ဒီပြဿနာနည်းသွားနိုင်တယ်လို့ ထင်တယ်လို့ သူက ပြောပါတယ်။

ပြဿနာဖြေရှင်းနည်း အားနည်းလို့ ဖြစ်ရတဲ့ဟာက တတိယ အကြောင်းရင်းပါ။ ပြဿနာတခုကို ချည်းကပ် ကိုင်တွယ်တဲ့နေရာမှာ လူကြီးနဲ့လူငယ် စဉ်းစားပုံခြင်း၊ ဖြေရှင်းပုံခြင်း ကွဲပြားတာကြောင့် ပြဿနာ ဖြစ်ကြတာတွေရှိတယ်လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည့်က “ကွန်ရက်” ဆိုတဲ့ ဝေါဟာရကို သုံးလိုက်တဲ့အတွက် ဒေါင်လိုက်ဆက်ဆံရေး (Vertical Relation) သဘောထက် ဘေးတိုက်ဆက်ဆံရေးသဘော (Horizontal Relation) ပိုဆန်လာမယ်ဆိုရင် အရင်က ဖြစ်ခဲ့တဲ့ ဆက်ဆံရေး ပြဿနာတွေကို လျှော့ချနိုင်လိမ့်မယ်ထင်ကြောင်း ကိုမိုးဇော်ဦးက ပြောပါတယ်။

ကိုခင်ထွန်းကတော့ “လူငယ်တွေကို ပြန်လည်စုဖွဲ့တဲ့နေရာမှာ ဒေါင်လိုက်ဖွဲ့စည်းမှုရော အလျားလိုက်ဖွဲ့စည်းမှုရော လိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူငယ်တွေကြားမှာ ဒီမိုကရေစီ အလေ့အကျင့်တွေ မရင့်ကျက်သေးတော့ ဒေါင်လိုက်ပုံသဏ္ဍာန်က စနစ်တကျဖြစ်ဖို့အတွက် လိုသေးတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

၂၀၀၈ ခုနှစ် နာဂစ် ဆိုင်ကလုန်း မုန်တိုင်းဒဏ် ခံရပြီးနောက်ပိုင်း လူငယ်တွေရဲ့ စိတ်ဝင်စားမှု ပြောင်းလဲလာတယ်။ အရင်တုန်းက လူငယ်တွေလို ဒီမိုကရေစီ ရရှိရေးဆိုတဲ့ နိုင်ငံရေးသက်သက်ကိုပဲ အာရုံစိုက်တာထက် လူမှုရေးလုပ်ငန်းတွေ၊ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးတဲ့နေရာမှာ လူငယ်တွေ တက်တက်ကြွကြွ ပါဝင်လာတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးကို အဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ လူမှုဖူလှုံရေးအတွက် ဆောင်ရွက်တာလည်း နိုင်ငံရေးဖြစ်တယ်လို့ ဆိုပါတယ်။ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း ဘာပဲလုပ်လုပ် အရာအားလုံးဟာ နိုင်ငံရေးနဲ့ ကင်းကွာလို့ မရဘူး၊ ဆက်စပ်နေတယ်လို့ သူရဲ့ မိန့်ခွန်းမှာ ထည့်ပြောခဲ့တယ်။

“ကျွန်မတို့ ပြည်သူတွေဟာ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ ကျွန်မတို့ကိုလည်း သင်ပေးပါ။ တယောက်နဲ့ တယောက် သင်ယူရမှာပါ။ ပြည်သူကနေ ကျွန်မတို့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့သူတွေကို သင်ပေးမှ ကျွန်မတို့လည်း မမှားမှာ” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ ဒီတကြိမ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ လူငယ်တွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ နိုင်ငံရေးလှုပ်ရှားမှု သက်သက်အတွက် ဦးတည်တာမျိုး မဟုတ်ဘဲ တိုင်းပြည်မှာ လိုအပ်နေတဲ့ နိုင်ငံရေးမျိုးဆက်တခု မွေးထုတ်ဖို့အတွက်ပါ လုပ်ဆောင်ရပါလိမ့်မယ်။ အကြောင်းကတော့ သူကိုယ်တိုင် အရွယ်အားဖြင့် ၆၅ နှစ် ရှိပြီဖြစ်သလို လက်ရှိ NLD ကို ဦးဆောင်နေသူတွေဟာလည်း အသက်အရွယ်ကြီးရင့်သူများ ဖြစ်နေတာကြောင့်ဖြစ်ပါတယ်။

No comments: