Monday, November 22, 2010

လေဘေးသင့် ပြည်သူများကို ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တချို့တွင် စတင်

စောသူဝင်း

ရခိုင်ပြည်နယ်မှ လေဘေးသင့် ကျေးရွာများတွင် သောက်ရေကန်များမှ သောက်သုံးရေများ သယ်ယူခွင့်ကို စတင်ပိတ်ပင် တားမြစ်လာသဖြင့် လေဘေးသင့် ပြည်သူများ ရေရရှိရေး အထူး အခက်ကြုံနေကြကြောင်း သတင်း ရရှိသည်။

ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ပိတ်ပင်လိုက်သဖြင့် ဒုက္ခကြုံနေရသော ကျေးရွာများမှာ မြေပုံမြို့နယ်မှ ဖြစ်ကြောင်း ရွာသား တစ်ဦးက ပြောသည်။

“ အခု ကျွန်တော်တို့ မြေပုံမြို့နယ် စိတ္တရကျေးရွာ၊ သင်ဘောင်ချောင်း ကျေးရွာနဲ့ တခြားအနီးအနား ကျေးရွာတွေမှာ သောက်ရေကန်တွေထဲ ဆားငံရေတွေ ၀င်သွားတဲ့ အတွက် သရက်တောင် ကျေးရွာတွေမှာ တည်ရှိတဲ့ ရေကန်တွေက ရေကို ခပ်ယူ အသုံးပြုနေကြရပါတယ်။ အခုတော့ သရက်တောင်ကျေးရွာတွေက ရေကန်တွေမှာလည်း ရေက လျော့နည်း လာတော့ အချိန်ပိုင်းနဲ့ ခွင့်ပြုလာတဲ့ အတွက် သောက်သုံးရေ ရရှိရေး အထူး အခက်ကြုံ နေကြရပါတယ်။”

သရက်တောင် ကျေးရွာတွင်လည်း ဂရိ မုန်တိုင်းဒဏ်ကြောင့် သောက်ရေကန် တချို့မှာ ဆားငံရေ ၀င်သွားသဖြင့် သောက်သုံး၍ မရဘဲ ဖြစ်နေသဖြင့် ပတ်ဝန်းကျင် ကျေးရွာများမှ ကျန်ရေကန်များမှ ရေသယ်ယူခွင့်ကို အချိန်ပိုင်းဖြင့် ခွင့်ပြု လာခြင်း ဖြစ်သည်။

သရက်တောင်ကျေးရွာမှ ရွာသားတစ်ဦးကလည်း “ နွေရာသီ ရောက်ရင် ကျွန်တော်တို့ ရွာမှာလည်း ရေရှားပါးမူနဲ့ ရင်ဆိုင်ရနိုင်တဲ့ အတွက် ပတ်ဝန်းကျင်ကျေးရွာတွေက ရေခပ် ရေသယ်ယူခွင့်ကို တစ်နေ့မှာ ညနေ ၃ နာရီက နေပြီးတော့ ညနေ ၅ နာရီ အထိ သယ်ဆောင်ခွင့် ပြုပေးထား ပါတယ်။ နွားလှည်းတွေကို အသုံးပြုပြီး ရေသယ်ယူခွင့်ကို မပြုပါဘုး “ ဟု သူက ပြောသည်။

ယခုကဲ့သို့ ရေကန်များမှ ရေသယ်ယူခွင့်ကို ကျေးရွာ တစ်ချို့တွင် စတင် ပိတ်ပင်လာသဖြင့် လေဘေးသင့်ပြည်သူများမှာ သောက်သုံးရေ ရရှိရေးနှင့် ပတ်သက်ပြီး အထူး ဒုက္ခကြုံတွေ့ နေကြရပြီး လက်ရှိ စစ်အစိုးရ အာဏာပိုင်များမှလည်း လေဘေးသင့် ကျေးရွာများတွင် ကြုံတွေ့နေရသော သောက်သုံးရေး ရရှိရေး ကိစ္စကို ယခုအချိန်ထိ တစုံတရာ ၀ိုင်းဝန်း ဖြေရှင်း ဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

No comments: