Tuesday, November 23, 2010

ဂီရိလေဘေးဒေသတွင် သောက်သုံးရေ ပြတ်လပ်

ခင်ဦးသာ Tuesday, 23 November 2010

ရခိုင်ပြည်နယ် အတွင်း ဂီရိဆိုင်ကလုန်း လေဘေးဒဏ် ခံခဲ့ရသောကျေးရွာ တချို့တွင် သောက်သုံးရေ အခက်အခဲ ပြဿနာများနှင့် ရင်ဆိုင် ကြုံတွေ့နေ ကြရကြောင်း သိရသည်။

“သောက်ရေရော သုံးရေပါ အတော်ရှားပါး နေပါတယ်။ ဆားငန်ရေ မ၀င်ဘဲ ကျန်ခဲ့တဲ့၊ ဝေးလံတဲ့ ရွာတွေမှာ စက်လှေ တွေနဲ့ သွား သယ်ယူပြီး မျှသုံး နေကြရပါတယ်။ အဲဒီရွာတွေက ရေကန်တွေလည်း ရက်ပိုင်းအတွင်း ရေခန်းခြောက်သွားနိုင်တဲ့ အခြေအနေ ရှိပါတယ်။ ရှေ့လထဲမှာ အတော်ကြီးကို ရေရှားမှုနဲ့ ရင်ဆိုင်ရမှာပါ” ဟု လေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံ မြို့နယ် စိတ္တရ ရွာသား တဦးက ဧရာဝတီကို ပြောသည်။

မြေပုံမြို့နယ်၌ ကျေးရွာပေါင်း ၁၃၀ ကျော်ခန့်မှာ အားလုံးနီးပါး ပျက်စီးသွားခဲ့ပြီး ကျေးရွာများရှိ ရေတွင်း၊ ရေကန်အားလုံး နီးပါးမှာလည်း ဆားငန်ရေးများ ဖုံးလွှမ်း ခံခဲ့ရသည်။

ရေးရှားပါးမှု အများဆုံးကြုံတွေ့နေကြရသည့် ကျေးရွာများမှာ ရနီကြီး၊ ၀ပေါ်ကြီး၊ စိတ္တရ၊ သင်ပေါင်ချောင်း၊ သရက်တောင် စသည့် ကျေးရွာ အုပ်စုများဖြစ်ပြီး ထိုဒေသများတွင် သောက်သုံးရေ လုံးဝ မရှိတော့ကြောင်း သိရသည်။ ကျွန်းသာယာ ရွာတွင်လည်း ရေရှားပါးမှု ရှိနေကြောင်း သတင်းရရှိသည်။

“လူတွေက ရေငတ်တဲ့ပြဿနာနဲ့ ကြုံနေရသလို တချို့ရွာတွေမှာဆို ကျွဲ၊ နွား တိရစ္ဆာန်တွေ ရေငတ်ပြီး သေဆုံးတာတွေလည်း ရှိပါတယ်” ဟု မြေပုံ မြို့နယ် ကျွန်းသာယာ ဒေသခံ တဦးက ပြောသည်။ ဒေသခံ အများစုမှာ ထမင်းပုံမှန် စားသောက်နိုင်မှု မရှိသေးသော အချိန်တွင် ရေပြဿနာ ဖြစ်ပေါ်လာခြင်းကြောင့် ကျန်းမာရေး ပြဿနာ နောက်ဆက်တွဲကို စိုးရိမ်ပူပန် နေကြကြောင်းလည်း သိရသည်။

လေဘေး ဒုက္ခသည်များသည် သောက်သုံးရေ ရှားပါးခြင်း၊ စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေရခြင်းများ ကြုံတွေ့နေရ သော်လည်း မြန်မာ စစ်အစိုးရ အာဏာပိုင်များက ထိရောက်သော ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက် ၁၀ နာရီကျော် ခန့်တွင် စစ်အစိုးရ၀န်ကြီးချုပ် ဦးသိန်းစိန်နှင့် ၀န်ကြီးအများအပြားသည် မြေပုံမြို့ပေါ်သို့ ရောက်ရှိ လာပြီး လေဘေးသင့် ဒေသ၏ ဌာနဆိုင်ရာ အဆောက်အအုံများ ပြန်လည်ပြုပြင် တည်ဆောက်ရေး လုပ်ငန်းများကိုသာ ဦးစားပေး ပြောဆိုသွားကြောင်း သိရသည်။

“ဒေသခံတွေကို ခေါ်ပြီးတော့ ပြန်လည်ထူထောင်ရေးတွေကို လုပ်မပေးနိုင်သေးဘူး၊ ကယ်ဆယ်ရေးတွေ ကိုတော့ ဖြည်းဖြည်း လုပ်ဆောင် ပေးသွားမယ်ဆိုပြီး ပြောသွားတယ်။ ဂီရိလေဘေးထက် အရေးကြီးတဲ့ ကိစ္စတွေ ရခိုင်ပြည်မှာ ရှိသေးတယ်လို့လည်း ပြောသွားသေးတယ်” ဟု ဦးသိန်းစိန်၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ဒေသခံ တဦးက ဧရာဝတီကို ပြောသည်။

ဦးသိန်းစိန်ပြောဆိုသွားသည့် အရေးကြီး ကိစ္စဆိုသည်ကိုမူ သေချာ မသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ပြည်တွင်း ပြည်ပ NGO အဖွဲ့များ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများက လုပ်ဆောင်ပေးနေ ကြသော်လည်း လုံလောက်မှု လုံးဝ မရှိသေးကြောင်း၊ ၎င်း အဖွဲ့အစည်းများ၏ ထောက်ပံ့မှုသည် လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း အောက်သာ ရှိသေးကြောင်း ပြည်တွင်း NGO အဖွဲ့တခု၏ တာဝန်ရှိသူ တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကလည်း ဂီရိလေဘေး ကယ်ဆယ်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင် သွားမည်ဟု သိရသည်။

“လက်ရှိလည်း ကူညီပေးနေပါတယ်။ ဒီရက်ပိုင်းမှာပဲ အရှိန်မြှင့် လုပ်ဆောင်ပေးသွားဖို့ ဒေါ်အောင်ဆန်းစုကြည်ကလည်း လမ်းညွန်ထားပါတယ်။ လတ်တလော လိုအပ်တာတွေကို သက်ဆိုင်ရာ ဒေသခံ အဖွဲ့ဝင်တွေကို အရင်သွားပေးဖို့ ဆောင်ရွက် သွားမှာပါ” ဟု NLD ပါတီမှ ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောသည်။

ပြည်သူ့ လွှတ်တော်ကိုယ်စားပြု ကော်မတီ၏ အထွေထွေ အတွင်းရေးမှူး၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင်ကလည်း ၎င်းအနေဖြင့် နိုင်ငံတကာ အစိုးရ အဖွဲ့အစည်းများထံ အကူအညီ တောင်းခံ နေကြောင်း ပြောသည်။

ဦးအေးသာအောင်သည် နိုဝင်ဘာလ ၂၂ နေ့တွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ပြီး လေဘေး အကူအညီပေးရန် ဆွေးနွေးရာ ချက်ချင်းလက်ခံ သဘောတူခဲ့ကြောင်း၊ ယနေ့တွင်လည်း အမေရိကန် လက်ထောက်သံမှူး အပါအ၀င် ဂျာမနီ၊ သြစတြေးလျ စသည့် သံတမန် များနှင့် တွေ့ဆုံ၍ အကူအညီ တောင်းခံရာ လိုလိုလားလား သဘောတူညီခဲ့ကြကြောင်း ၎င်းက ဆိုသည်။

“အရေးပေါ် လိုနေတာက ဆန်နဲ့အမိုးအကာပါ။ ဆန်က ထမင်း နပ်မှန်အောင် မစားကြရသေးပါဘူး။ အခုတခါ အရေး ပေါ်လာတာက ရေ ပြဿနာပါ။ ရေပြဿနာက အရမ်း အရေးကြီးပါတယ်” ဟု ဦးအေးသာအောင်က ဆက်ပြောသည်။

ဆုံးရှုံးပျက်စီးမှု ပမာဏ ကြီးမား၍ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အများအပြား လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့များ၊ အစိုးရများ၏ အကူအညီများ ရရှိရန် တောင်းခံသွားမည် ဖြစ်ကြောင်း ဦးအေးသာအောင်က ပြောသည်။

“ရေလုပ်ငန်းတွေ ပြန်စဖို့၊ စပါးခင်းတွေ ပြန်လုပ်ဖို့ အတွက် တာတမံတွေ ပြန်ပြုပြင်ဖို့၊ ငါးကန်တွေ၊ ပုစွန်ကန်တွေ ပြန်လုပ်ဖို့ အတွက် အစအဆုံး လိုအပ်နေပါတယ်။ ဒီကိစ္စတွေကို ပြန်မစနိုင်သရွေ့ စားဝတ်နေရေး ခက်ခဲနေကြဦးမှာပါ၊ ဒီဟာတွေက အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေပါ” ဟု သူက ဆိုသည်။

UN OCHA (ကမ္ဘာ့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး ကွပ်ကဲမှုရုံး) ၏ နိုဝင်ဘာလ ၁၆ ရက်နေ့က ထုတ်ပြန်သည့် အစီရင်ခံစာတွင် လေဘေး ဒေသများရှိ စပါးခင်းများ၏ ၅၀ ရာခိုင်နှုန်းနှင့် ငါးကန်၊ ပုစွန်ကန် ဧက ၅ သောင်းကျော်မှာ လုံးဝ ပျက်စီးသွားကြောင်း၊ ထိုဒေသများ၌ လာမည့် ၃ လ တွင် အလုပ်လက်မဲ့ လူဦးရေ များပြား လာနိုင်ကြောင်း၊ ၅ နှစ်အောက် ကလေးငယ် ၆၀၀ ၀န်းကျင်မှာလည်း အစာ အာဟာရ ချို့တဲ့မှုနှင့် ကြုံတွေ့ လာရနိုင်ကြောင်း ရေးသားထားသည်။

No comments: