Tuesday, November 23, 2010

KIO ဆက်ဆံရေးရုံးများကို စစ်အစိုးရက ပိတ်ခိုင်း

သန်းထိုက်ဦး Tuesday, 23 November 2010

စစ်အစိုးရ အာဏာပိုင်များက အပစ်ရပ်အဖွဲ့တခုဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ ဆက်ဆံရေးရုံးများကို ပိတ်ရန် ပြီးခဲ့သည့်တပတ်က ညွန်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဆက်ဆံရေး ရုံးများကို ပိတ်ရန် ညွှန်ကြားထားသည့်အတွက် စစ်အစိုးရကို အကြောင်းပြန်ရန် KIO ဌာနချုပ်တွင် တာဝန်ရှိသူများက ဆွေးနွေးနေကြောင်း၊ မြန်မာနိုင်ငံတဝန်း၌ KIO ဆက်ဆံရေးရုံးပေါင်း ၃၀ ခန့်ရှိပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်တွင် အများဆုံး ဖွင့်လှစ်ထားကြောင်း KIO ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က ဧရာဝတီသို့ ပြောသည်။

မြစ်ကြီးနားမြို့ပေါ်ရှိ KIO ၏ အဓိက ဆက်ဆံရေးရုံး၊ လဂျားယန်ရှိ ဆက်သွယ်ရေးရုံးနှင့် KIO က ပိုင်ဆိုင်သည့် ဗူးဂါး ကုမ္ပဏီတို့ကိုမူ လည်ပတ်ခွင့် ပြုထားကြောင်း ဗိုလ်မှူးကြီး ဂျိမ်းစ် လွမ်းဒေါင်က ဆက်လက်ပြောသည်။

စစ်အစိုးရက KIO ဆက်ဆံရေးရုံးများကို ပိတ်ရန် ညွှန်ကြားသည့် အကြောင်းအရင်းနှင့် ပတ်သက်ပြီး ရှင်းလင်းစွာ မသိရသေးကြောင်း၊ ယခုလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ပိတ်ရမည်ဟု ပြောကြောင်း သိရသည်။

ယခုအချိန်သည် စစ်အစိုးရက KIO အပါအဝင် အပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ် ဖွဲ့ကြရန် ဖိအားပေးနေချိန်လည်း ဖြစ်သည်။

ကချင်ဖွံ့ဖြိုးရေး ကွန်ယက် (KDNG) ဥက္ကဋ္ဌ ဦးအောင်ဝါက “တဖြည်းဖြည်းနဲ့ ဖိအားပေးနေပုံရတယ်။ တလောတုန်းကလည်း ဟိုပင်၊ မိုးညှင်းဘက်မှာ အုပ်ချုပ်ရေး ရုံးတာဝန်ခံတွေကို ဖမ်းဆီးတာတွေရှိတယ်။ ဒါပြီးမှ အခု မြစ်ကြီးနား ဗလမင်းထင် တံတားမှာလည်း ခါတိုင်းနဲ့ မတူတော့ဘူး။ ကားပေါ်ကဆင်းပြီးတော့ မှတ်ပုံတင်တွေ ပြရတယ်။ ပစ္စည်းတွေကိုလည်း စစ်ဆေးတယ်” ဟု ဦးအောင်ဝါက ဆိုသည်။

KIO က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း၌ စစ်ရေးအရ အသင့်ပြင်ဆင်ထားကြောင်း သိရှိရသည်။

“KIO ဌာနချုပ် လိုင်ဇာမှာလည်း စစ်သားတွေကို လက်နက်တွေဘာတွေနဲ့ ပြင်ထားတယ်။ လက်နက်တွေနဲ့ အဆင်သင့် တွေ့နေရတယ်” ဟု ဦးအောင်ဝါက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ထုတ် စစ်အစိုးရသတင်းစာတွင် KIO ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ကို ၁၆ နှစ်တာ ကာလအတွင်း မြန်မာ စစ်အစိုးရက သောင်းကျန်းသူများဟု ပထမဆုံးအကြိမ် ခေါ်ဝေါ် သုံးစွဲခဲ့သည်။

စစ်အစိုးရ သတင်းစာ၌ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်း မိုင်းနင်းမိသောကြောင့် ပြည်သူ နှစ်ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ရှိခဲ့ကြောင်း ဖော်ပြသည့် သတင်းတွင် KIA ကို သောင်းကျန်းသူအဖြစ် သုံးနှုန်းထား ခြင်းဖြစ်သည်။

KIO သည် ၁၉၉၄ ခုနှစ်မှ စတင်၍ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သည်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် KIO ထိန်းချုပ်သည့် ကချင်ပြည်နယ် မြစ်ကြီးနား၊ လိုင်ဇာဌာနချုပ် နယ်မြေအတွင်းသို့ ပျံသန်း ဝင်ရောက်လာသော နအဖ အစိုးရ၏ ရဟတ်ယာဉ် တစင်းကို KIO တပ်ဖွဲ့ဝင်များက သတိပေး ပစ်ခတ်ခဲ့ပြီးနောက် စစ်ရေးအရ နှစ်ဘက် တင်းမာနေခဲ့သည်။

No comments: