Wednesday, November 24, 2010

ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့်အတူ ရွှေတိဂုံစေတီကို သွားရောက်ဖူးမြော်

ဧရာဝတီ Wednesday, 24 November 2010

ယနေ့ နံနက် ၇ နာရီ ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ တို့သည် NLD လူငယ်များနှင့် အတူ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ဘက်မုခ်မှ တဆင့် ဘုရားဖူးရန် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်တို့၏ သတင်းကို ရယူရန် သတင်းထောက်များမှာ နံနက် ၅ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေကြရာ နံနက် ၇ နာရီခန့်တွင် သတင်း ထောက်များ၊ အရပ်ဝတ်ရဲများနှင့် ဘုရား လုံခြုံရေးများအားလုံး မြောက်ဖက်မုခ် လှေကားများတွင် အဆင်သင့် စောင့်ဆိုင်း နေသည်ကို တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်းတို့ နှစ်ဦး မြောက်ဘက်မုခ်မှ တဆင့် NLD လူငယ်များ ဝန်းရန်ကာ ဘုရားရင်ပြင်ပေါ်သို့ တက်လာကြသည်။

ဒေါ်အောင်ဆန်းစုကြည်က ကြက်သွေးရောင်နှင့် အညိုရောင်စပ် အင်္ကျီ၊ ထဘီ ဝမ်းဆက်ကို ၀တ်ဆင်ထားပြီး ပုခုံးပေါ်တွင် ယောဂီပုဝါ တထည် တင်ထားသည်။ ကိုထိန်လင်းက အဖြူရောင် လည်ကတုံး အင်္ကျီနှင့် အပြာရောင်ပုဆိုးကို ဝတ်ထားကြောင်း တွေ့ရသည်။

ဘုရားပေါ်ရောက်ရှိနေသော ဘုရားဖူးပြည်သူများက ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်ကို ဝိုင်းအုံနေကြ သောကြောင့် “ကျနော်တို့ ခေါင်းဆောင် ဘုရားမဖူးရတာ ကြာပါပြီဗျာ။ အေးအေးဆေးဆေးလေး ဘုရား ဖူးခွင့်ပေးပါ” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် လူငယ်များက ပြောကြသည်။

မြောက်ဖက်မုခ်မှ ဘုရားရင်ပြင်ပေါ်ရောက်ချိန် အမျိုးသမီးကြီး တဦးက ဒေါ်အောင်ဆန်းစုကြည်၏ ပုခုံးပေါ်သို့ ၎င်း၏ အနီရောင်ပုဝါကို တင်ပေးလိုက်သည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုအမျိုးသမီးကို လက်ဆွဲနှုတ်ဆက် လိုက်သည်။

“ဘုရားဖူးတွေ တိုက်မိမယ်။ ဘုရားဖူးတွေတိုက်မိမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။ ရင်ပြင်တော်ပေါ်တွင် လမ်းလျှောက်ရင်း ကင်မရာ သမားများ တိုက်ခိုက်မိသောကြောင့် အနှောင့်အယှက်ဖြစ်ရသော ဘုရားဖူးများကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လိုက်လံတောင်းပန်သည်။

ဒေါ်အောင်ဆန်းစုကြည်က မျက်နှာက ပြုံးရယ်နေသော်လည်း ၎င်း၏ သားငယ်ကိုမူ မရယ်မပြုံး ပုံစံဖြင့်တွေ့ရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အင်္ဂါထောင့်တွင် သားအမိနှစ်ဦး ၃ မိနစ်ခန့် ဘုရားဝတ်ပြုကြပြီး ဗိုလ်ချုပ်အောင်ဆန်း၏ နေ့နံ ဖြစ်သော စနေထောင့်ကို ဆက်လက် ထွက်ခွာ သွားကြသည်။ စနေထောင့် ဂြိုဟ်တိုင် ဘုရားတွင် သားအမိနှစ်ဦး ဝတ်ပြုကြပြီးနောက် ကိုထိန်လင်းက စနေဂြိုဟ်တိုင် ဘုရားကို ရေသပ္ပာယ်သည်။

အမျိုးသမီးငယ်များက ဒေါ်အောင်ဆန်းစုကြည်ကို ပန်းများ လက်ဆောင် ပေးကြသည်။

ယမန်နေ့ မနက်က ရန်ကုန်သို့ ရောက်ရှိလာသော ကိုထိန်လင်းကို စစ်အစိုးရက ဗီဇာ ၁ လ ပေးထားသည်ဟု သိရသည်။ ၎င်း မြန်မာပြည်တွင် နေစဉ်အချိန်အတွင်း ပဉ္ဇင်း တက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။ မည်သည့်ရက် မည်သည့် နေရာတွင် ပဉ္ဇင်းတက်မည်ကိုမူ မသိရသေးပေ။ ကိုထိန်လင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ မိခင် ဒေါ်ခင်ကြည် မကွယ်လွန်မီ အချိန်က ဘခင်၊ အစ်ကိုဖြစ်သူတို့နှင့်အတူ သင်္ကန်းဆီးခဲ့ဖူးသေးကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာ ၆ ရက်နေ့ တန်ဆောင်းမုန်း လကွယ်နေ့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်သည် သံဃာတော်အများ အပြားကို ကထိန်သင်္ကန်းကပ်လှူဦးမည် ဖြစ်ကြောင်း ကြားသိရသည်။

ဒေါ်အောင်ဆန်းစုကြည်တွင် သားနှစ်ဦးရှိပြီး ကိုထိန်လင်းက သားငယ်ဖြစ်သည်။ သားကြီးဖြစ်သူ အလက်ဇန်းဒါး အဲရစ္စ (ကိုမြင့်ဆန်းအောင်) သည် အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်သော ကိုထိန်လင်းသည် လက်သမားအလုပ်ဖြင့် အသက်မွေးနေသူ ဖြစ်သည်။ ၎င်းတွင် သားသမီး ၂ ဦး ထွန်းကား နေပြီဖြစ်ကြောင်း သိရသည်။

နိုင်ငံရေး သမားတိုင်းသည် အဖမ်းအဆီး အချုပ်အနှောင်မှ လွတ်လာပြီးနောက်တွင် ရွှေတိဂုံဘုရားကို အရင်ဆုံးဦးခိုက်လေ့ ရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကမူ ၎င်း လွတ်မြောက်လာပြီး တပတ်ကျော်အချိန် ၁၀ နှစ်ကျော် ကွဲကွာ နေခဲ့သော သားဖြစ်သူအလာကို စောင့်ဆိုင်း ပြီးမှ အတူတကွ ဘုရားဖူးကာ ဘာသာရေးနှင့် သက်ဆိုင်သော လုပ်ငန်းများကိုပါ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း တွေ့ရှိရသည်။

ရွှေတိဂုံစေတီတော်သည် ကိုလိုခေတ်မှ စ၍ ခေတ်အဆက်ဆက် တော်လှန်ရေး ကဏ္ဍထဲတွင် မပါမပြီးသည့် စေတီတော်ကြီး ဖြစ်သည်။ ရွှေတိဂုံစေတီတော်မှ နေ၍ တော်လှန်ရေးများ အစပြုခဲ့ပြီး လူထု စည်းဝေးပွဲများစွာကိုလည်း ကျင်းပခဲ့သည့် နေရာဖြစ်သည်။

နိုင်ငံရေးသမားများ အပါအဝင် မြန်မာဗုဒ္ဓဘာသာ အများစုသည် ကိစ္စရပ်တခုခု မပြုလုပ်မီ ရွှေတိဂုံ စေတီတော်တွင် အောင်မြေ နင်းကြလေ့ရှိသည်။

No comments: