Friday, November 26, 2010

ကေအိုင်အိုဋ္ဌာနချုပ် လိုင်ဇာမြို့ ကုန်ကားအ၀င်ပိတ်ပြီ

သျှမ်းသံတော်ဆင့်

နယ်ခြားစောင့်တပ် လက်မခံသည့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO ဋ္ဌာနချုပ် ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့သို့ ကုန်တင်ယာဉ်များ သွားလာမှုကို နိုဝင်္ဘာ ၂၃ ရက်နေ့က စ၍ နအဖစစ်တပ်က ပိတ်လိုက်ကြောင်း သိရသည်။

ထိုသို့ ကုန်ကား အသွားအလာ ပိတ်လိုက်သဖြင့် ယခုအခါ မြစ်ကြီးနားနှင့် ဗန်းမော်မြို့များမှ ကုန်ကားများ လိုင်ဇာမြို့သို့ လာရောက်မှု မရှိတော့ကြောင်း လိုင်ဇာမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လောလောဆယ် ကုန်ကားအ၀င်အထွက်က မရှိဘူး ပိတ်ထားတယ် မ၀င်ဘူးဖြစ်နေတာ ကုန်ပဲပိတ်တာပါ လူစီးတွေ က တော့ သွားနေတုန်းပဲ လူစီးလည်း ကျဲသွားတာပေါ့ ဗန်းမော်ကားသိပ်မရှိဘူး တစ်နေကုန်နေမှ တစ်စီးနှစ်စီးတောင်မရှိဘူး ကုန်ကားကတော့ ကြိုကြားကြိုကြားကယ်ရီကဲ့တဲ့ ကားပဲရှိတော့တယ်” ဟု မြို့ခံက ပြောသည်။

ကားအ၀င်ပိတ်ရသည့် အကြောင်းအရင်းကို အတိအကျမသိရသော်လည်း ယနေ့လိုင်ဇာမြို့၌ ကေအိုင်အိုအဖွဲ့ ကရာချီရှိသည့် ဧည့်သည်များနှင့်အတူ လက်ဆုံကောက်သစ်စားပွဲကျင်းပနေရာ ထိုကိစ္စကြောင့် ပိတ်ခြင်းဖြစ် နိုင်ကြောင်း ဒေသခံ များက ယူဆနေသည်။
“ကေအိုင်အိုက ဧည့်သည်တွေ အများကြီး ဖိတ်ပြီးကောက်သစ်စားပွဲလုပ်နေတယ် အဲဒါကြောင့် နအဖဘက် ကနေ ပိတ်လိုက်တာပေါ့ ဒါပြီးရင်ပြန်ဖွင့်ပေးမလား မသိဘူး” ဟု သူက ဆက်ပြောသည်။

နအဖ၏နယ်ခြားစောင့်တပ် အဆိုကို ကေအိုင်အိုက ငြင်းဆန်ပြီးနောက်ပိုင်း ကေအိုင်အိုနှင့် နအဖတို့ အကြား ဆက်ဆံရေး တစ်စတစ်စ တင်းမာလာနေရာ ယခုအခါ နှစ်ဘက်ဆက်သွယ်ရေး ပြတ်တောက်သည် အထိ တင်းမာလျှက်ရှိသည်။

ယခင် နှစ်ဘက်ဆက်ဆံရေးကောင်းမွန်စဉ်က တရုတ်နယ်စပ် လိုင်ဇာမြို့သည် ကုန်စည်ကူးသန်းမှု ကောင်းမွန်ပြီး မြစ်ကြီး နားနှင့် ဗန်းမော်မြို့များမှ နေ့စဉ် လာရောက်သည့် ကုန်ကားအစီးရေ ၅၀ ခန့်ရှိကြောင်း သိရသည်။

လယ်ပိုင်းခန့်မှစ၍ ကချင်ပြည်နယ်အတွင်း နအဖစစ်တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ပိုမိုတွေ့မြင်လာရပြီး ကချင်ပြည်နယ်အတွင်းရှိ မြို့များတွင် ဖွင့်လှစ်ထားသော ကေအိုင်အို ဆက်ဆံရေးရုံးများကို နအဖက ရုပ်သိမ်းရန် ညွန်ကြားခဲ့သည်။

No comments: