Tuesday, November 23, 2010

စာပေ၊ စာပေဆုနဲ့ သိပ္ပံပညာတတ်မြောက်ရေး

ဒေါက်တာမြင့်မြင့်ခင်

ပညာဟူသည် မြတ်ရွှေအိုး၊ အလိမ္မာ စာမှာရှိတယ်ဆိုတာတွေကတော့ ပညာဟာ တန်ဖိုးအရှိဆုံး ဆည်းပူးဖို့ အလိုဆုံး ဒီပညာမျိုးကို စာဖတ်သူတွေ ရနိုင်တယ်ဆိုတာကို လှပလေးနက်တဲ့ စကားနဲ့ တန်ဆာဆင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ လူတွေက ဒီစကားတွေကို အမြဲပဲ ရည်ညွှန်း ဦးညွှတ်နေကြတာ။

အလိမ္မာဟာ စာမှာရှိတယ်ဆိုတော့ လူတွေစာဖတ်နိုင်လေ၊ ကောင်းလေပဲ။ ဒါကြောင့် တိုးတက်လိုလျှင် တဦးစီအတွက်ဖြစ်စေ၊ တိုင်းပြည်တပြည်လုံး အတွက်ဖြစ်စေ၊ လူတွေ စာများများဖတ်ရလိမ့်မယ်။ သူတို့ စာမဖတ်လျှင် ဖတ်အောင်လုပ်ပေးရလိမ့်မယ်။ ဒါကြောင့်လဲ စာဖတ်နိုင်နှုန်း (Literacy rate ) ဟာ တိုင်းပြည် တပြည်ရဲ့ ဖွံ့ဖြိုးမှုအဆင့်ကို ဖေါ်ညွှန်းတဲ့ ညွှန်းကိန်းလို့ သတ်မှတ်ခဲ့ရတာ။ ဒါပေမယ့်လဲ သိကြတဲ့အတိုင်း စာဖတ်တတ်ရုံနဲ့ အထက်က ဆိုခဲ့တဲ့ ပညာအဆင့်မျိုးကို မီမယ်မဟုတ်ပါဘူး။ လူတွေ ဘယ်လောက် စာဖတ်တယ် ဘာတွေဖတ်တယ်ဆိုတာကလဲ အရေးကြီးပါတယ်။

နောက် အထူးတလည် လိုအပ်ချက်ကတော့ သူတို့တတွေဖဆပလခေတ် ဒီလိုဖတ်စရာတွေကလဲ လူတိုင်းလူတိုင်း တိုင်းပြည်တိုင်းရှိ လူတန်းစား အမျိုးမျိုးက လက်လှမ်းမီမှ ဖြစ်မယ်။ တကယ် ထိရောက်မှုက ဒါမှရှိတော့မှာ၊ မဟုတ်လျှင်တော့ လူနည်းစု စာပေပဲ ဖြစ်တော့မှာ။

စာဖတ်တယ်ဆိုတာ အပျင်းပြေဖတ်တာ၊ ပျော်ချင် စိတ်ဖြေချင်လို့ ဖတ်တာ၊ ဝါသနာပါ အကြောင်းမို့ ဖတ်တာတွေ များပါတယ်။ မြန်မာတွေဟာ စာဖတ်တာ ဝါသနာပါသူလို့ ထင်ရပါတယ်၊ ၂ဝဝ၅ ခုနှစ်မှာ လုံးချင်းစာအုပ်ပေါင်း ၇,ဝဝဝ ထုတ်ခဲ့တယ်လို့ သိရပါတယ်။ ကဏ္ဍခွဲပြီး ဘယ်အကြောင်းအရာတွေက ဘယ်လောက် ရှိတယ်လို့တော့ မသိရပါဘူး၊ ဥပမာ ဝတ္ထု၊ ကာတွန်း၊ ပညာပေး စတာဆိုတာ ဘယ်လာက် ပမာဏ ရှိတယ်ဆိုတာ မသိပါ။ ဘယ်သူတွေ ဘာစာမျိုးတွေ ဖတ်သလဲဆိုတာ ကိန်းဂဏန်း အထောက်အထားမျိုး မရှိသေးပါ။

အခုခေတ်ကတော့ အစစအရာရာမှာ ပညာကို အခြေခံပြီး လုပ်နေရတဲ့ခေတ် ဖြစ်ပါတယ်။ ဒီပညာတွေကလဲ တိုးပွားကြီးထွားနေလိုက်တာ များလွန်းလို့ အုံကြွပေါက်ကွဲ လုနီးပြီလို့ နှိုင်းပြောနေတဲ့ခေတ်ပါ။ စီးပွားရေးကိုတောင် ပညာအခြေခံစီးပွားရေး လို့ဆိုနေပါပြီ။ ဒီတော့ လူတွေ ကိုယ်ဖတ်ချင်ရာဖတ်တဲ့ အပျင်းပြေ စာပေဆိုပါတော့။ အပြင်ပညာရေး သက်သက်အတွက် ဖတ်စရာတွေလဲ လိုလာပါပြီ။ တောင့်တခြင်း၊ လိုချင်ခြင်း want နဲ့ လိုအပ်ချက် need လို့ ခွဲခြား စဉ်းစားထိုက်ပါတယ်။ မြန်မာဟာ ခေတ်မီတိုးတက်သော နိုင်ငံဖြစ်ချင်လျှင် မြန်မာတွေ ဘာစာတွေဖတ်သင့်သလဲ၊ ဒါကို အလေးအနက်ထား ပေးသင့်ပါတယ်။ ကမ္ဘာရှိ ဘယ်တိုင်းပြည်မဆို ဝါသနာစာ၊ အပျင်းပြေစာအပြင် ပညာတိုးတက်ဖို့အတွက် စာတွေကိုလဲ များများစားစား ဖတ်နေကြရပါတယ်။ ဒီလို ဖတ်စရာတွေကလဲ တနေ့တခြား တိုးပွားနေလို့ လှမ်းလို့မမီဖြစ်နေတယ်လို့ ဆိုနိုင်ပါတယ်။

မြန်မာတွေ အတွက်တော့ အများနဲ့ယှဉ်လိုက်လျှင် နောက်မကျန်စေခဲ့ဖို့အတွက် လုပ်ရမှာတွေ ဟာကွက်ဖြည့်ဖို့ လိုတာတွေရှိနေလို့ အထူးကြိုးစားကာမှ တော်ရုံ ကျတော့မယ်။ တတိုင်းပြည်လုံးရဲ့ ပညာတတ်မြောက်ရေး အဆင့် မြန်မြန်နဲ့ များများ မြှင့်တင်ပေးဖို့ရာဆိုတာက မြန်မာတွေ အတွက်မှာတော့ ခေတ်ရဲ့ တောင်းဆိုချက် တိုင်းပြည်ရဲ့ အရေးတကြီး လိုအပ်ချက်ဖြစ်နေပါပြီ။ လူထုကို ပညာပေးရာမှာ အထူး ထိရောက်စွာ အသုံးတော်ခံနိုင်တာက စာပေလောကပဲဖြစ်ပါတယ်။ ဒါကြောင့်မလို့လဲ ဒီအရေးအခင်း (တိုင်းပြည်ရဲ့ ပညာအဆင့်မြှင့်တင်ရေး) မှာ စာပေလောကမှာ တာဝန်အများကြီး ကျနေရာက်တယ်လို့ ဆိုနိုင်ပါတယ်။

လောလောဆယ် အခြေအနေမှာဆိုလျှင် ဒီကိစ္စကို စာပေလောက,ကသာ ဦးဆောင်ဦးရွက် လုပ်ရမှာမို့ အရေးပါဆုံးကဏ္ဍဖြစ်တယ်လို့ ဆိုလျှင်လဲ မမှားပါဘူး။ အထူးသဖြင့် အားနည်းနေလို့ အင်တိုက်အားတိုက် အားပေးရန် လိုတာကတော့ သိပ္ပံနဲ့ နည်းပညာစာပေတွေဖြစ်ပါတယ်။ အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ တိုးတက်မှုကို ရှာရာမှာ သိပ္ပံနည်းပညာကို ဦးထိပ်ထားရမှာသာ ဖြစ်တော့မယ်ဆိုတာက ဝေးဝေး ကြည့်နေစရာ မလိုပါဘူး။ မြန်မာပြည် တည်ရှိနေတဲ့ အာရှတိုက်နဲ့ အိမ်နီးနားချင်း နိုင်ငံတွေကို ကြည့်လိုက် ယှဉ်လိုက်လျှင် ကွင်းကွင်းကွက်ကွက် ပေါ်လာမှာဖြစ်ပါတယ်။

မြန်မာပြည်မှာ လက်ရှိ ထုတ်ဝေနေတဲ့ စာအုပ်တွေထဲက လူတွေတကယ်ဖတ်တဲ့ စာအုပ်တွေက သိပ္ပံပညာနဲ့ဆိုင်တာ ဘယ်လောက်ပါသလဲ၊ ထုတ်ဝေတဲ့ အပိုင်းမှာလဲ ဘယ်လောက် များသလဲ၊ လူတွေ သိပ္ပံ ပညာဆိုင်ရာကို မဖတ်လျှင် ဘာကြောင့် မဖတ်တာလဲ၊ ဒီမေးခွန်းတွေက ဒီပြဿနာရဲ့ ဖြစ်ရပ်မှန် အရှိတရားကို သိစေနိုင်မယ်။ တကယ်တော့ မြန်မာမှာ ကလေးသူငယ်ကအစ လူကြီးတွေ ဒီစာတွေ မဖတ်,ဖတ်လာအောင် လုပ်ပေးရလိမ့်မယ်။

လောလောဆယ်မှာ စာပေဆုတွေ ပိုတိုးပေးနေတာကတော့ ဝမ်းမြောက်စရာကောင်းပါတယ်။ ပညာနဲ့ စာကို အားပေးရာမှာ အစွမ်းရှိတဲ့ လုပ်ဆောင်ချက် တခုပါ။ ဆုလက်ခံရရှိသူအတွက်က ငွေကြေးထောက်ပံ့မှု ရတဲ့အပြင် ပိုပြီး အလေးထား တွယ်တာရတာကတော့ ကိုယ့်အလုပ်ကို အသိအမှတ်ပြုခြင်း ခံရတယ်ဆိုတဲ့ ကျေနပ်နှစ်သိမ့်မှုနဲ့ ချီးမြှင့်ခြင်းခံရတဲ့ ဂုဏ်သိက္ခာအတွက်လဲ နှစ်ထောင်းအားရ ဖြစ်ရခြင်း ဖြစ်ပါတယ်။ စာအုပ်ရဲ့ တန်ဖိုးနဲ့ အဆင့်ကိုလဲ မြှင့်တင်ပေးသလိုဖြစ်သွားတယ်။ သိပ္ပံ စာပေဆုအတွက်တော့ တိုင်းပြည်က အရေးတကြီး လိုအပ်နေတာကို ဖြည့်တင်းပေးရာကျလို့ အကျိုးသက်ရောက်မှုက ပိုတယ်လို့ ထင်ပါတယ်။

မေလ ၁ရက် ၂ဝဝ၇ ခုမှာ ပေးခဲ့တဲ့ သုတစွယ်စုံ စာပေဆုမှာ သိပ္ပံ၊ အသုံးချသိပ္ပံနဲ့ ရည်ညွန်းစာပေ ဆိုတာတွေဟာ သိပ္ပံစာပေတိုးတက်မှုကို အထူး အားပေးအသိအမှတ်ပြုတဲ့ဆုတွေလို့ ကျမမြင်ပါတယ်။ သိပ္ပံအကြောင်းနဲ့ သိပ္ပံနဲ့ နှီးနွယ်တဲ့ အရာတွေကို ရေးရာမှာဖြစ်စေ အခြား အခြားသော စိတ်ကူးမှ ထွက်လာတဲ့ စာပေမဟုတ်တဲ့ စာပေပြုစုရာမှာ ပညာရေးဆိုင်ရာ အဘိဓာန် ဝေါဟာရဘဏ်များ ရည်ညွှန်းစာများ အခြားမှတ်တမ်းမှတ်ရာများ ( records and documentations) ကို စနစ်တကျ ထားပေးတဲ့စာများ အထူးလိုပါတယ်။

အထူးသဖြင့် ဘာသာပြန်သူတွေအတွက် အလွန်ကြီးမားတဲ့ အထောက်အကူ ဖြစ်ပါတယ်။ မရှိမဖြစ် လိုအပ်ချက် လို့တောင် ဆိုနိုင်ပါတယ်။ သိပ္ပံပညာကို ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဖြန့်ချိလိုလျှင် ဘာသာပြန်ကလဲ မဖြစ်မနေ များများ လုပ်ပေးရမှာပါ။ လူတိုင်းကိုယ်စီနဲ့ တတိုင်းပြည်လုံးအတွက် သိပ္ပံပညာတတ်မှု ဆိုတာက အလွန်တရာမှ အခရာကျလှတဲ့ လိုအပ်ချက် ဖြစ်နေပါပြီ။ ဒီလိုအပ်ချက်ကို တကမ္ဘာလုံးမှာလဲ သိရှိလာပြီဖြစ်လို့ ဒီအရေးကို ကျယ်ကျယ်ပြန့်ပြန့် ထိထိမိမိလုပ်ဖို့ကို စေ့ဆော် ဆော်သြ လုပ်နေကြပါပြီ။

အထူးသဖြင့် သင်ကြားရေးလောကမှာ ဒီအရေးအခင်းဟာ ထိပ်တန်းကိစ္စ ဖြစ်လာနေပါပြီ။ အခုလို ဂလိုဘယ်လိုက်ဇေးရှင်း အခါသမယမှာ ကမ္ဘာမှာ မှီတင်းနေထိုင်သူတဦးဟာ သိပ္ပံပညာတတ် (အခြေခံဖြစ်ဖြစ်) မဟုတ်လျှင်တော့ လူစဉ်မီမီနေနိုင်ဖို့ ခဲယဉ်းသွားပါပြီ။ အခုလို သိပ္ပံပညာ တဟုတ်ထိုး တိုးတက်နေတဲ့ အချိန်မှာ ကျောင်းက သင်လိုက်တဲ့ သိပ္ပံနဲ့လဲ မလုံလောက်တော့ပါဘူး။

ဖွံ့ဖြိုးပြီး နိုင်ငံများမှာဆိုလျှင် လူအများ သိပ္ပံပညာရေးဆိုတာကို လွန်ခဲ့တဲ့ ဆယ်နှစ်လောက်အတွင်းမှာ ဇောက်ချ လုပ်လာကြတယ်။ မြန်မာလို အခြားဖွံ့ဖြိုးဆဲ နိုင်ငံတွေကို အမီလိုက်နေတဲ့ နိုင်ငံမှာတော့ လူတွေ သိပ္ပံပညာ မတတ်လို့ကတော့ တတိုင်းပြည်လုံးနဲ့ လူတဦးစီပါ သူများအနှိမ်ခံရမယ့်ဘဝ ရောက်နိုင်ပါတယ်။ ဒါကြောင့်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ လွန်ခဲ့တဲ့ ၁ဝနှစ်ကျော်လောက်ကစပြီး အားပေး မြေတောင်မြှောက်ပေးနေတာကတော့ လူထုအများ သိပ္ပံပညာကို နားလည်ရေး ဖြစ်တယ်။

ကမ္ဘာကျော် အောက်စဖို့ တက္ကသိုလ်မှာဆို ပါမောက္ခ အမှူးရှိတဲ့ (Chair in the Public Understanding of Science) ဆိုတဲ့ ဌာနက ၁၉၉၅ ခုနှစ်က စထူထောင်ခဲ့တယ်။ ပထမဦးဆုံးနဲ့ လက်ရှိ ဌာနမှူးကတော့ လူထုအတွင်း ရေပန်းစားပြီး အရောင်းရ ကောင်းလှတဲ့ သိပ္ပံစာအုပ်တွေရေးသူ Richard Dawkins ဖြစ်တယ်။ ဗြိတိန်က သြဇာ တိက္ကမကြီးလှတဲ့ တော်ဝင်အသင်း Royal Scociety ကလဲ သိပ္ပံပညာကို ရှေ့သို့ ပို့ပေးပြီး တိုးတက်လာအောင် လုပ်ပေးသူကို “Furtherance of Public Understanding of Science ”ဆိုပြီး အထူးဆု ပေးခဲ့တယ်။

ဒီလိုပါပဲ၊ စာပေဆု ပေးတဲ့နာမည်ကျော်အဖွဲ့ဖြစ်တဲ့ Pulitzer Prize ကလဲ (non fiction) စိတ်ကူးစာပေမဟုတ်တဲ့ စာပေကဏ္ဍကနေ သိပ္ပံစာအုပ်ကို ဆုပေးတယ်။ Rhone-Polenc အဖွဲ့ကတော့ သိပ္ပံစာအုပ် “Science Book” ဆိုပြီး ဆုသပ်သပ်ပေးတယ်။ ဒါတွေက ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ သိပ္ပံစာပေနယ်ပယ် ကြီးထွားထွန်းကားရန် လူထုအတွင်း သိပ္ပံပညာတိုးတက်ထွန်းကားရန် ရည်သန်ပြီး အားတက်သရော လုပ်နေကြတဲ့ Scientific Literacy အတွက် လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။

မြန်မာမှာလဲ ဒီလို အားပေးမှုတွေ လုပ်ရမယ်ဆိုတာတော့ သိသာ ထင်ရှားလှပါတယ်။ သူတို့ထက် ဆတက်ထမ်းပိုး ပိုလုပ်ဖို့သင့်တဲ့ အခြေအနေပါ။

မြန်မာနိုင်ငံမှာ သိပ္ပံပညာမြှင့်တင်ရေး (Scientific Literacy) အတွက်လုပ်ပေးနိုင်တာများကို ဆွေးနွေး တင်ပြလိုပါတယ်။

၁၊ သိပ္ပံဆိုင်ရာ စာပေများ များများ ထုတ်ပေးပါ။ လက်ရှိအခြေအနေကတော့ ထုတ်လုပ်မှုဟာ တိုင်းပြည်ရဲ့ တကယ်လိုနေတဲ့ အခြေအနေကို ထင်ဟပ်မှု မရှိပါဘူး၊ အလွန်တရာ အားနည်းနေပါသေးတယ်၊ အများကြီး ပိုထုတ်ဖို့ လိုပါတယ်။ ထုတ်လုပ်သူတွေအတွက် ကနဦးမှာ သိပ်တွက်ခြေမရှိတောင် စေတနာဝတ္တရားလို့ သဘောထားပြီး ကုသိုလ်ကောင်းမှု ယူလိုက်စမ်းပါလို့ တိုက်တွန်းချင်ပါတယ်။

၂၊ တိကျမှန်ကန်ပြီး အဆင့်ကောင်း အဆင့်မြင့်တဲ့ သိပ္ပံပညာ ဘာသာပြန်များ ထုတ်နိုင်ရေးကို အားပေး အကျိုးဆောင် လုပ်ပေးရမယ်။ သိပ္ပံဘာသာပြန်မှာ တိကျမှန်ကန်ပြီး မူလစာမူနဲ့ မလွဲမပြောင်းမှုက အခြား စာပေများဘာသာပြန်ရာမှာထက် အဆများစွာ ပိုအရေးကြီးပါတယ်။ ဒါကြောင့် ဒီအချက်ကို ပထမတန်း လိုအပ်ချက်လို့ သတ်မှတ်သင့်ပါတယ်။ fact အကြောင်းအရာလွဲမှားနေတဲ့ ဘာသာပြန်မျိုးကတော့ မထုတ်တာ ပိုကောင်းမယ်ထင်ပါတယ်။ မျှော်မှန်းတဲ့ ကောင်းကျိုးမရလာဘဲ ဆိုးကျိုးတောင် ပေးနိုင်ပါတယ်။

၃၊ စာပေဆုတွေမှာ သိပ္ပံကဏ္ဍအတွက် ဆုများပိုပေးသင့်ပါတယ်၊ အလားတူပဲ နည်းပညာကဏ္ဍ အတွက်လဲ ဆုတွေ အများအစား ရှိသင့်ပါတယ်။

၎၊ အခြားသော နည်းများကိုလဲ သုံးရမှာဖြစ်ပါတယ်၊ ဥပမာ ပုံနှိပ်မီဒီယာမှအပ တီဗီ ဗီဒီယို စတဲ့ electronic မီဒီယာများကို တွင်တွင်ကျယ်ကျယ် သုံးပေးခြင်း၊ အရေးကြီးတာကတော့ ဘယ်လို မီဒီယာကိုသုံးသုံး ထိရောက်မှုသာ ပဓာနပါ။

လူငယ်တွေအတွင်း သိပ္ပံပညာကို အားပေးလိုလျှင် လုပ်နိုင်တာတခုကတော့ အခုတင်ပြပြီးဖြစ်တဲ့ တီဗွီမှာ အမေးအဖြေ Quiz အစီအစဉ်မှာ လူငယ်တွေအတွက် သိပ္ပံအမေးအဖြေ Science Quiz တွေ လုပ်ပေးနိုင်ပါတယ်၊ ဆုငွေ ကောင်းကောင်းပေးနိုင်လျှင် ဆွဲဆောင်မှုရှိမှာပါ။

ခေတ်မီသော နိုင်ငံတော်ကြီးဆိုတဲ့ ပန်းတိုင်ကို အမြန်အဆန်ရောက်အောင် ဒုန်းစိုင်းပြေးနေတဲ့ မြန်မာမှာ ဒီအရေးကို အခါမလင့်စေပဲ ဖြည့်ဆည်းပေးဖို့ အချိန်အခါ ရောက်နေပါပြီ နောက်တောင်ကျနေပါပြီလို့ ဆိုနိုင်ပါတယ်။ တိုင်းကျိုးပြည်ပြုပညာစာပေကဏ္ဍသစ်လို့ဆိုရမယ့် သိပ္ပံပညာအားပေး စာပေဟာ မြန်မာမှာ မြန်ဆန်စွာ ရှင်သန် ထွန်းကားလာပါစေလို့ ဆုတောင်းလျက်။

မြင့်မြင့်ခင်
၁-၆-၂ဝဝ၇၊ ရန်ကုန်
ရွက်နုဝေ ၂ဝဝ၇ သြဂုတ်

No comments: