တိုင်းကျော်
ပြီးခဲ့တဲ့ အပတ်က ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးဌေးဦးနဲ့ ဦးအောင်သိန်းလင်းတို့က သူတို့ပါတီကို အောက်ခြေကနေစ ရွေးကောက်တင်မြှောက်ခြင်း နည်းလမ်းနဲ့ ပြန်လည်ဖွဲ့စည်းတာတွေ လုပ်တော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အားလုံးသိကြတဲ့အတိုင်း ကြံ့ခိုင်ရေးပါ တီဟာ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်တုန်းက မဲဆန္ဒနယ် ၄၄ နေရာမှာ အန်အယ်လ်ဒီ အပါအဝင် အခြားပါတီအမတ်တွေနဲ့ ဝင်ရောက် ယှဉ်ပြိုင် အရွေးခံခဲ့ရာမှာ ရာနှုန်းပြည့် အရှုံးကြီးရှုံးခဲ့ပြီး အရှက်ကြီးစွာရခဲ့ပါတယ်။ အရှက်ရမယ်ဆိုလည်း ရလောက်ပါတယ်။ ဒီ လစ်လပ် မဲဆန္ဒနယ်တွေဆိုတာဟာ လက်ရှိ အစိုးရအဖွဲ့အကြီးအကဲ သမ္မတ၊ ဒု-သမ္မတ၊ ဝန်ကြီးနဲ့ ဒုဝန်ကြီးတွေအပါအဝင် အရင် စစ်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ အမာခံမဲဆန္ဒနယ်မြေတွေချည်း ဖြစ်လို့ပါ။ ရွေးကောက်ပွဲကို ဒီမိုကရေစီနည်းကျ လွတ်လပ်တရားမ်ွတစွာ ကျင်းပပေးလိုက်တဲ့အခါ အဖြေမှန်ပေါ်ပြီး အရှက်ရသွားစေတာမျိုးပါ။ ဟော ခုလည်း ကြံ့ခိုင်ရေးပါတီကို အောက်ခြေကနေ ဗဟိုအထိ ဒီမိုကရေစီနည်းကျ ပြန်လည်ဖွဲ့စည်းသွားဦးမယ်လို့ ဆိုလာပြန်ပါပြီ။ ဒီပါတီကို အခုလိုအချိန် ဒီမိုကရေစီနည်းကျ ပွင့်လင်းမြင်သာအောင် ပြန်လည်ဖွဲ့စည်းခဲ့မယ်ဆိုရင် ပါတီတွင်း တကယ်ဖြစ်ပျက်နေတဲ့ အနေအထားတွေ ပေါ်လွင်သွားပြီး ဒုတိယအကြိမ် အရှက်ရစရာ ဖြစ်လာလေမလား ဆိုတာ စဉ်းစားတွေးတောစရာ ဖြစ်လာပါတယ်။
အားလုံးသိပြီးဖြစ်တဲ့အတိုင်း ကြံ့ခိုင်ရေးပါတီ ဖြစ်လာမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းကို နဝတ စစ်အစိုးရလက်ထက် ၁၉၉ ၃ ခုနှစ် စက်တင်ဘာမှာ ဖွဲ့စည်းခဲ့တာပါ။ စစ်တပ်က ဒီလို အသင်းမျိုးဖွဲ့တာဟာ ဒါ ပထမဦးဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၅၈-၆၀ ဗိုလ် ချုပ်ကြီးနေဝင်း ခေါင်းဆောင်တဲ့ အိမ်စောင့်အစိုးရ လက်ထက်တုန်းကလည်း ကြံ့ခိုင်ရေးအသင်းဆိုတဲ့ နာမည်နဲ့ပဲ စစ်တပ်က ဖွဲ့စည်းခဲ့ဖူးပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲမှာ စစ်တပ်က နိုင်စေချင်တဲ့ ပါတီ အနိုင်ရအောင် လုပ်ပေးဖို့ပါ။ ဒါပေမယ့် အဲဒီ အ ချိန်တုန်းက ကြံ့ခိုင်ရေးအသင်းဟာ ဦးနေဝင်းဦးဆောင်တဲ့ စစ်တပ် က လိုလားတဲ့ ရလဒ် ရလာအောင် ဆောင်ရွက်မပေးနိုင်ခဲ့ပါဘူး။ အလား တူ နိုင်ငံရေးပါတီတွေကို လုံးဝ စည်းရုံးလှုပ်ရှားခွင့်မပေးတဲ့ ၁၉၉၃ မှာ စစ်အာဏာရှင်တွေက ဒီအသင်းမျိုးကို ပြန်အသက်သွင်းခဲ့ပါ တယ်။ တပ်မတော်သားအားလုံး၊ ဝန်ထမ်းအားလုံး၊ ကျောင်းသားကျောင်းသူနဲ့ ဆရာ၊ ဆရာမ အားလုံး၊ အုပ်ချုပ်ရေးအာဏာပိုင် အဖွဲ့ဝင်အား လုံး ဒီအသင်းကို မဝင်မနေရ ဝင်ကြရပါတယ်။ ဒီ အသင်းထဲဝင် ထားရင် သာမန်လူတွေထက် အခွင့်အရေး ပိုရမယ်ဆိုတဲ့ မက်လုံးနဲ့ သာမန်ပြည်သူတွေကိုလည်း အတင်းရော အဓမ္မပါ အသင်းဝင်အဖြစ် သိမ်းသွင်းခဲ့ပါတယ်။
စစ်အာဏာပိုင်တွေ ခေါင်းဆောင်တဲ့ ဒီအသင်းကြီးဖွဲ့စည်းပြီးတာနဲ့ အတိုက်အခံတွေကို ဆန့်ကျင်ချေမှုန်း အင်အားပြတဲ့နေရာမှာ၊ စစ်အစိုးရကို ထောက်ခံတဲ့ စုဝေးပွဲတွေမှာ ဒီအသင်းကြီးကို အသုံးချခဲ့ပါ တယ်။ အဖွဲ့ဝင်အင်အား သန်းပေါင်းများစွာ စာရင်းရှိတယ် ဆိုပေမယ့် တ ကယ့် တကယ် အောက်ခြေမှာတော့ တိတိကျကျ ထောက်ခံသူ အင်အားမရှိတဲ့ ခေါင်းကြီးကိုယ်သေး အသင်းတခု အနေနဲ့ပဲ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ပါတယ်။
နောက်ဆုံး ၂၀၁၀ ရွေးကောက်ပွဲ လုပ်တော့မယ့် အချိန်ကျမှသာ စစ်သားနဲ့ ဝန်ထမ်းတွေကို အသင်းဝင်စာရင်းကနေ နုတ်ပယ်၊ အသင်းကနေ ပါတီ ခေါင်းစဉ်ပြောင်းပြီး ပါတီအဖြစ် ရပ်တည်ခဲ့ပြန်ပါတယ်။ ဒီအချိန်အထိ မြန်မာပြည်မှာ အင်အားအများဆုံး ပါတီရယ်လို့ ကြွေးကြော်နေပေမယ့် စစ်အစိုးရက သူ့ဘာသာသူ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရအောင် ဒီ ကြံ့ခိုင်ရေးပါတီ အင် အားတွေကို အသုံးပြုခဲ့တာတော့ မဟုတ်ပါဘူး။ အုပ်ချုပ်ရေးအာဏာပိုင် အဆင့်ဆင့်ရဲ့ အာဏာ၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ရဲ့ ဥပဒေ မဲ့ ပြုကျင့်မှုတွေကနေ တဆင့် လိုချင်တဲ့ ရလဒ်ရအောင် အဖြေထုတ်ပြီး အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။
ပြောရရင် နိုင်ငံမှာ အာဏာရပါတီ ဖြစ်လာတဲ့တိုင်၊ စာရင်းဇယားတွေအရ အင်အားအများဆုံးလို့ ပြောဆိုနေဆဲ ဖြစ်တဲ့တိုင် ကြံ့ခိုင်ရေးပါတီ အောက်ခြေမှာ သေသေချာချာ ထောက်ခံတယ်ဆိုတဲ့ ပါတီဝင် ထု ဆိုတာ တကယ်ကို မရှိခဲ့ပါဘူး။ ရပ်ကွက်တွေမှာ စာရင်းပေါက်နေတဲ့ ကြံ့ခိုင်ရေးပါတီဝင် ဆိုတာတွေဟာ ဘယ်သူ့ကိုမှ ထုတ်မပြောရဲတဲ့၊ ကိုယ့်ကိုယ်ကိုယ် ကြံ့ခိုင်ရေးပါတီဝင် ဖြစ်မှန်းမသိ ဖြစ်နေတဲ့၊ အကြောင်းကြောင်းကြောင့် တကြိမ်တခါ အသင်းဝင်ဖြစ်သွားပြီး ပြန်နုတ်ထွက်ခွင့်မရတဲ့ သူတွေသာ အများစု ဖြစ်နေလို့ ဖြစ်ပါတယ်။ တကယ်လို့သာ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ပါတီဝင် စိစစ်ရေးကိုသာ စပြီး လုပ်ခဲ့ရင် အဲဒီအဖြေ စပေါ်မှာ ဖြစ်ပါတယ်။ ခုတော့ ဒီမေးခွန်းကို ဦးအောင်သိန်းလင်းက ပါတီဝင်တွေကို စိစစ်နေဆဲပဲလို့ ဖြေထားပါတယ်။ ပြောရရင် ကိုယ့်မှာ ပါတီဝင် ဘယ်နှယောက် ရှိသလဲ တိတိကျကျ မပြောနိုင် မပြောရဲတဲ့ ပါတီဖြစ်နေသေးလို့ပါပဲ။
ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းအပြောအရ အောက်ခြေမှာ ပါတီဝင် ၁၀ ဦးမှာ ခေါင်းဆောင် တဦးစီရွေး၊ သူတို့တွေကနေမှတဆင့် ရပ်ကျေး ကော်မတီဝင်တွေ ပြန်လည်ရွေးချယ်မှာဆိုတော့ ပါတီဝင် အရေအတွက် စိစစ်ရေး ဆိုတာ မလွဲမသွေ ရှိလာတော့မှာ ဖြစ်ပါတယ်။ ဒီအခါ နဂိုအတိုင်း ဖောင်းပွနေတဲ့ ပါတီဝင်စာရင်းတွေအတိုင်းပဲ လုပ်မလား၊ တကယ့် ပြည်သူတွေရဲ့ ဆန္ဒနဲ့အညီ တကယ်ပါတီဝင် လုပ် ချင် သူတွေနဲ့ လုပ်မလား၊ နာမည်စာရင်း ပါနေပြီး ပါတီဝင်မဖြစ်ချင်တော့တဲ့သူတွေကို အသာတကြည် နုတ်ထွက်ခွင့်ပေးမှာလား ဆိုတာ က လည်း စဉ်းစားစရာ ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ နည်းကျကျ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်မယ်ဆိုရင်တော့ ဒီအ ချက် အလက်တွေ ပေါ်ထွက် လာမှာ သေချာပါတယ်။
ရပ်/ကျေးကနေ နောက်တဆင့် မြို့နယ်အဆင့် ရွေးချယ်မှုဖြစ်ပါတယ်။ တဆက်တည်း ခရိုင်၊ တိုင်းနဲ့ ပြည်နယ် အဆင့်ဆင့် ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ဦးမယ်လို့ ဆိုထားပြန်ပါတယ်။ ဒီအခါ တကယ့် ဒီမိုကရေစီနည်းနဲ့သာ ရွေးချယ်တင်မြှောက်ခဲ့ကြရင်၊ ဗဟိုအ ဆင့်က ဝင်မစွက်ဖက်ရင်၊ အရင်စစ်အစိုးရ လက်ထက်ကတည်းက တာဝန်ပေးခဲ့တဲ့ လက်ရှိ တာဝန်ရှိသူတွေအားလုံးလိုလို အပြောင်း အလဲ ဖြစ်သွားဖို့ များပါတယ်။ အရင် စစ်ခေါင်းဆောင်ဟောင်းတွေ တာဝန်ယူထားတဲ့ လက်ရှိ ဗဟိုအဆင့်ကို ညီလာခံကနေ တဆင့် ဒီမိုကရေစီနည်းကျ ပြန်လည်ရွေးကောက်၊ မရွေးကောက်ကိုတော့ တယောက်တမျိုး ပြောနေကြပါတယ်။
ဦးအောင်သိန်းလင်းကတော့ ဗဟိုအဆင့်အထိ ပြန်ရွေးကောက်မယ် ပြောနေပြီး ဦးဌေးဦးကတော့ မလိုအပ်သေးဘူး ပြောနေပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးတဲ့ အန်အယ်လ်ဒီ ပါတီဟာ နှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးအကြိမ် အဆင့်ဆင့်သော ရွေးချယ်တင်မြှောက်ပွဲတွေကို ဒီမိုကရေစီနည်းကျ ပြုလုပ်မယ်။ ပါတီညီလာခံကနေ တဆင့် ဗဟိုခေါင်းဆောင်တွေကိုလည်း ပြန်လည် ရွေးချယ်သွားမယ်။ ဒါတွေအားလုံး ဒီနှစ်ကုန်အပြီးလုပ်ဖို့ ရည်ရွယ်တယ်ဆိုတဲ့ လုပ်ငန်းကြေညာချက် ထွက်လာပြီးချိန်မှာ ကြံ့ခိုင်ရေးပါတီရဲ့ အ လားတူ လုပ်ငန်းစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဒီအတွက် အခုလုပ်မယ့် ကြံ့ခိုင်ရေးပါတီရဲ့ အဆင့်ဆင့်သော ပါတီခေါင်းဆောင်တွေကို ဒီမိုကရေစီနည်းကျ ပြန်လည် ရွေးချယ်တင်မြှောက် မယ့် ပွဲတွေဟာ ပါတီကို ပိုမိုရှင်သန် အားကောင်းလာစေမှာလား၊ ကြားဖြတ် ရွေးကောက်ပွဲတုန်းကလိုပဲ အရှက်တကွဲအကျိုးနည်း အဖြေတွေ ထွက်လာမှာလား ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
No comments:
Post a Comment