Thursday, May 17, 2012

လူကုန်ကူးခံရသူ (၈၂) ဦးအား ထိုင်းအာဏာပိုင် ကယ်တင်

ဇော်ကြီး

ထိုင်းနိုင်ငံ မဟာချိုင်ဒေသရှိ ပုဇွန်စက်ရုံတခုတွင် အလုပ် လုပ်ကိုင် နေသည့် လူကုန်ကူး ခံရသူ (၈၂) ဦးအား မြန်မာ့အရေး ဆောင်ရွက် နေသူ များနှင့် ထိုင်းအာဏာပိုင်တို့ ပူးပေါင်း ကယ်တင် လိုက် သည်။

၎င်းတို့ အလုပ်လုပ်ကိုင်ရာ ဆန်းကစ် ပုဇွန် စက် ရုံအား ထိုင်းရဲတပ်ဖွဲ့မှ ယမန်နေ့က ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့ပြီး ကယ်ထုတ် ခဲ့ခြင်း ဖြစ် သည်ဟု ပူးပေါင်းဆောင်ရွက် ခဲ့သည့် ထိုင်းနိုင်ငံရောက် မြန် မာ နိုင်ငံသားများ အဖွဲ့ BAT တာဝန်ခံ ဦး ကျော် သောင်းက အခုလို ပြောသည်။

“အားလုံး (၁၄၆) ယောက်ရှိတယ်ဗျာ။ အဲဒီထဲက (၆၄) ယောက်က အ လုပ်သမား လက်မှတ်တွေ ကိုင်ထား ကြတော့ လိုက်မလာဘူး။ ကျန် တဲ့ (၈၂) ယောက်ပဲ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့တယ်။ အဲဒီထဲမှာ အသက် (၁၅) (၁၆) အရွယ် (၇) ယောက်လည်း ပါတယ်။”

တချိန်တည်းတွင် ဆန်းကစ် အလုပ်ရုံ ပိုင်ရှင်နှင့် လူကုန်ကူးသူ မြန်မာနိုင်ငံသား ကျော်စိုး တို့အား ဖမ်းဆီး နိုင်ခဲ့ပြီး ထိုင်းနိုင်ငံ တည်ဆဲ ဥပ ဒေအရ အရေးယူခြင်း ခံရနိုင်သည်ဟု ဆက်လက် ပြောဆိုသည်။

၎င်းတို့သည် ထိုင်းမြန်မာ နယ်စပ် မြ၀တီနှင့် သံဖြူဇရပ်မြို့များမှ ၀င်ရောက်လာသူများ ဖြစ်ပြီး မြ၀တီ လမ်းကြောင်းမှ ၀င်လာသူ တဦးလျင် ထိုင်းငွေ (၁၅, ၀၀၀) ဘတ်နှင့် သံဖြူဇရပ်ဖက်မှ ၀င်လာသူကမူ ဘတ်ငွေ (၂၀, ၀၀၀) မှ (၂၅, ၀၀၀) အထိ လူကုန်ကူးသူ များထံ ပေးရ သည်ဟု အလုပ် သမား တဦးက ပြောသည်။

ထို့အပြင် ဆန်းကစ် စက်ရုံတွင် လုပ်ခလစာ အနည်းငယ်ဖြင့် လုပ်ကိုင်နေရပြီး လူကုန်ကူးသူ များ၏ အနိုင်ကျင့် ခံနေရသည့်အပြင် တနေ့လျင် (၁၇) နာရီခန့် အလုပ်လုပ်ကြရသည်ဟု ၎င်းက ဆက်ပြော သည်။

“ကျနော်တို့ မနက် (၃) နာရီလောက်ဆိုရင် ထရတယ်။ မျက်နှာသစ်၊ ရေချိုးတဲ့သူကလည်း ချိုးပေါ့။ မနက် (၄) နာရီထိုးရင် အလုပ်ဝင်ရ ပါတယ်။ (၄) နာရီကနေ စလုပ် လိုက်တာ နေ့လည် (၁၂) နာရီမှာ ထ မင်း စားဖို့ မိနစ် (၂၀) လောက် အချိန်ပေးပါတယ်။ အဲဒီကနေ ည (၁၀) နာရီလောက်ထိ ကျနော်တို့ အလုပ် လုပ်ရ ပါတယ်။”

သာမာန် အလုပ်သမားတဦးလျင် တရက်လုပ်အားခ အနည်းဆုံး ဘတ်(၁၄၀) ခန့်နှင့် ကျွမ်းကျင် လုပ်သား များကမူ ဘတ် (၂၀၀) ခန့် သာ ရ၍ အဟာရ ပြည့်ဝစွာ မစားရ သည့်အပြင် ကျန်းမာရေး စောင့် ရှောက်မှု လည်း မရဘဲ နားရက်မရှိ အလုပ် လုပ်ကြရသည် ဟု ဆို သည်။

ထို့အပြင် ၎င်းတို့၏ လုပ်အားခများအား လူကုန်ကူးသူများက သိမ်းဆည်းထားပြီး (၅) ရက်လျင် တကြိမ် ဘတ်ငွေ (၅၀) သာ ထုတ်ပေး၍ ထမင်းဟင်းနှင့် အခြား ဗာဟီရကြေးများလည်း ဖြတ်တောက် ခံရ သည်ဟု ၎င်းက ဆက်ပြောသည်။

“ကျနော်တို့ ထမင်းလစာ ပေးစားရတယ်။ ထမင်းဘိုးက တနေ့ကို (၅၀) ပေးရတယ်။ ရေဘိုးက (၃) ဘတ်။ အိမ်တာ တက်တာက (၁) ဘတ် ပေးရတယ်။”

ပြန်လည် လွတ်မြောက် လာသူ များအား လောလောဆယ် ဘန်ကောက် မြို့ရှိ ကုလ သမဂ္ဂ လက်အောက်ခံ အဖွဲ့ အစည်းများ ဖွင့်လှစ် ထားသည့် ကယ်ဆယ်ရေး စခန်း များသို့ ပို့ဆောင် ထားသည်။

၎င်းတို့ အနက် တရားဝင် အလုပ်သမားလက်မှတ် ကိုင်ဆောင်ထားသူ (၂၀) ခန့်ပါဝင်ပြီး အခြားစက်ရုံ၊ အ လုပ်ရုံများတွင် ပြန်လည် အလုပ်လုပ်ခွင့် ရနိုင်သော်လည်း တရားမ၀င် အလုပ်သမားများကိုမူ နယ် စပ်မြို့များသို့ ပြန်လည် ပို့ဆောင်လိမ့်မည်ဟု ယူဆကြောင်း ဦးကျော်သောင်းက ပြောဆိုသည်။

No comments: