Wednesday, May 23, 2012

ဘုရားသုံးဆူတွင် အလုပ်သမား သမဂ္ဂ ဖွဲ့စည်း

ကောင်းဝါ

လွတ်လပ်သော အလုပ်သမား သမဂ္ဂများ ဖြစ်မြောက်ရေး ကော်မတီ၏ အကူအညီဖြင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ဓမ္မဟေဝန် ဘုန်းတော်ကြီးကျောင်းတွင် မနေ့နံနက်ပိုင်းက အထည်အလိပ်နှင့် သားရေ အလုပ်သမား သမဂ္ဂကို ဖွဲ့စည်းလိုက်ပြီ ဖြစ်ကြောင်း သမဂ္ဂ ဥက္ကဌ ထံမှ သိရသည်။

ထိုင်းနိုင်ငံသား အလုပ်သမားများကဲ့သို့ တန်းတူ အခွင့်အရေး ရရှိရေး၊ လုပ်အားနှင့် လုပ်အားခ မျှတစွာ ရရှိရေး၊ အလုပ်ခွင်အတွင်း ထိ ခိုက်ဒဏ်ရာ ရရှိပါက ထိုက်သင့်သည့် နစ်နာကြေး ရရှိရေး၊ အလုပ် သမားများ၏ ဘဝမြှင့်တင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်း ဖြစ်ပြီး၊ ယခုလအတွင် မှတ်ပုံတင်သွားမည်ဟု သမဂ္ဂ ဥက္ကဌ ကိုဝေဖြိုးက ပြောသည်။

မြန်မာဘက်ခြမ်း ဘုရားသုံးဆူရှိ အလုပ်သမား အများစုမှာ ထိုင်းဘက်ခြမ်း ဘုရားသုံးဆူမြို့ရှိ ဖိနပ်ချုပ်၊ အထည်ချုပ်နှင့် အခြားစက်ရုံ ၄ဝ ကျော်တွင် အလုပ်လုပ်သူများ ဖြစ်ပြီး အလုပ်သမားဦးရေ ၅၀၀၀ ခန့် ရှိသည့်အနက် ယခု ဖွဲ့စည်းသည့် သမဂ္ဂတွင် ၃၀ ဦး ပါဝင်ကြောင်း ကိုဝေဖြိုးက ပြောသည်။

“ထိုင်းဘက်ခြမ်းမှာ အလုပ်လုပ်နေတဲ့ ကျနော်တို့ မြန်မာအလုပ်သမားတွေဟာထိုင်း တွေလို အခွင့်အရေး မရဘူး၊ လုပ်အားခလည်း ထိုင်း တွေလို မရဘူး၊ ဒါတွေကို ကျနော် တို့ ဖြေရှင်းဖို့နိုင်ဖို့အတွက် ဒီသမဂ္ဂကို ဖွဲ့စည်းတာ ဖြစ်တယ်” ဟု ကိုဝေဖြိုးက ပြောသည်။

သူ၏ အဆိုရ ထိုင်းအလုပ်သမားတဦးလျှင် တရက်လုပ်အားခ အနည်းဆုံး ထိုင်းဘတ်ငွေ ၂၀၀ ကျော် ရရှိပြီး၊ မြန်မာ အလုပ်သမားများမှာ အနိမ့်ဆုံး ၈၅ ဘတ်မှ ၁၃ဝ ဘတ်ထိသာ ရရှိသည်။

မိမိတို့ သမဂ္ဂအနေနှင့် ထိုင်းဘက်ခြမ်းတွင် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားများအတွက် ထိုင်းလူမျိုးများနှင့် တန်းတူအခွင့်အရေး ရရှိရန် လုပ်ဆောင်ရသည်မှာ မလွယ်ကူသော်လည်း တဆင့်ချင်း လုပ်ဆောင်သွားမည်ဟုလည်း ကိုဝေဖြိုးက ပြောသည်။

“ကျနော်တို့ မှတ်ပုံတင်ကျပြီးရင် ထိုင်းအလုပ်သမား သမဂ္ဂနဲ့ ချိတ်ပြီး တန်းတူအခွင့်အရေး ရအောင် လုပ်သွားမယ်” ဟု ကိုဝေဖြိုးက ပြော သည်။

မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ထိုင်းအစိုးရက အလုပ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် မပြုကြောင်း၊ သို့သော်လည်း အလုပ်သမား တိုင်းအတွက် တန်းတူအခွင့်အရေး ရှိကြောင်း ထိုင်းနိုင်ငံ မဲဆောက် မြို့ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

၂၀၁၁ ခုနှစ်၊ ဇူလိုင်လက လုပ်အားခ တိုးပေးရန်နှင့် တနေ့ အလုပ်ချိန် ၈ နာရီသို့ သတ်မှတ်ပေးရန်အတွက် ဘုရားသုံးဆူ ထိုင်းဘက်ခြမ်းရှိ PTK Basani ဖိနပ်ချုပ် အလုပ်ရုံမှ မြန်မာအလုပ်သမား ၄၀၀ ကျော် နှစ်ကြိမ်တိုင် ဆန္ဒပြ တောင်းဆိုခဲ့ပြီး နောက်တွင် ထိုင်းအလုပ်ရှင်များက မြန်မာအလုပ်သမားများ၏ တောင်းဆိုချက်ကို လိုက်လျောခဲ့သည်။

အလုပ်သမားများ၏ တောင်းဆိုချက်အရ အနိမ့်ဆုံး ၇ဝ ဘတ်မှ အမြင့်ဆုံး ၁၁၅ ဘတ်သာ ရရှိသည့် မြန်မာ အလုပ်သမားများကို ၈၅ ဘတ် မှ ၁၃ဝ ဘတ်ထိ တိုးပေးခဲ့ပြီး၊ အလုပ်ချိန်ကိုလည်း ၈ နာရီသို့ သတ်မှတ်ပေးခဲ့သည်။ သို့သော်လည်း မြန်မာ နှင့် ထိုင်း အလုပ်သ မားများ၏ လုပ်အားခမှာ ကွာဟမှု ရှိနေသေးကြောင်း ကိုဝေဖြိုးက ပြောသည်။

မြန်မာနိုင်ငံ အလုပ်သမား အဖွဲ့အစည်း နည်းဥပဒေ အာဏာတည်သည့် မတ်လ ၉ ရက်နေ့မှ စ၍ အဖွဲ့ဝင် ၃၀ ရှိပါက အလုပ်သမား သမဂ္ဂ တခုကို တရားဝင် ဖွဲ့စည်းခွင့် ရရှိမည် ဖြစ်ပြီး၊ လက်ရှိတွင် မှတ်ပုံ တင်ရန် လျှောက်ထားသည့် အလုပ်သမား အဖွဲ့အစည်း ၁၂ ခု ရှိပြီ ဖြစ် ကြောင်း သိရသည်။

No comments: