Wednesday, July 18, 2012

တိုင်းရင်းသားများက ဒေါ်အောင်ဆန်းစုကြည် ထံ သဘောထား အမြင်ပေးပို့

ကော့လီ

“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆို” နဲ့ ပတ်သက်လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီများ စုပေါင်း ဆွေးနွေးပြီး အမြင်သထောထားကို ဒေါ်အောင်ဆန်းစုကြည် ထံပေးပို့ခဲ့တယ် လို့ သတင်း ရရှိ ပါတယ်။


“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆို” နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် က ပြည်သူ့လွှတ် တော် အစည်းအဝေးမှာ ပါဝင် ဆွေးနွေးရန် ရှိတဲ့အတွက် အခုလို ပေးပို့လိုက် တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မနေ့က ကျနော်တို့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေ စုပြီး ဆွေးနွေးပါတယ်။ ပြီးတော့ အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်း ကျနော်တို့ အမြင်သဘော ထား ကို ဖော်ပြထားတဲ့ စာတစ်စောင် ဒေါ်အောင်ဆန်းစုကြည် ဆီပို့လိုက်ပါတယ်။ အဲဒီစာမှာ ရေးလိုက်တာကတော့ – တိုင်းရင်းသား လူမျိုး တွေရဲ့ အခွင့်အရေးဆိုင်ရာ ပြဿနာ အရင်းအမြစ်ဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုံစံမကျမှု အပေါ် မူတည်ပါတယ်။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံဥပဒေကို ပြုပြင်လိုက်ခြင်းကသာ ပြဿနာ အရပ်ရပ်ကို ဖြေရှင်းရာရောက်တယ်လို့ ကျနော်တို့ အား လုံး သဘောတူ ဆုံးဖြတ်ကြတယ်လို့ ပါ ပါတယ် – လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ် က ကော့ လီ ကို ပြောပြပါတယ်။

အစည်းအဝေးကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် ပါတီ ခေါင်းဆောင်များအပြင် ချင်းတိုးတက်ရေး ပါ တီ ဒုတိယ ဥက္ကဋ္ဌ နိုထန်ကပ် လည်း တက်ရောက်တယ်လို့ သိရပါတယ်။

“တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပြဋ္ဌာန်းရေး အဆို” ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါ တီဝင် ကွတ်ခိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တီခွန်မြတ် က တင် သွင်းခဲ့တာ ဖြစ်ပါတယ်။

No comments: