Tuesday, July 17, 2012

ငြိမ်းချမ်းရေး အတွက် အခြေခံဥပဒေကို အရင် ပြင်ဆင်သင့် တယ်လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီများက ပြောဆို

ကော့လီ

မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရန် အတွက် လက်ရှိ အခြေခံ ဥပဒေကို ဦးစွာ ပြင် ဆင်သင့်တယ်လို့ တိုင်းရင်းသား နိုင်ငံရေး ပါတီ များက မြောက်အိုင်ယာလန် ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွေ့အကြုံ ရှိသူများ ပါဝင် တဲ့ လန်ဒန်မြို့ အခြေစိုက် အင်တာ မီဒီအိတ် (Inter Mediate) အမည်ရှိ အဖွဲ့မှ တာဝန်ရှိသူတွေနဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ရန်ကုန်မြို့ ဗြိ တိသျှ သံအ မတ် နေအိမ်မှာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့တဲ့အခါ ပြောဆိုလိုက် ပါတယ်။


ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံ အတွင်း ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ ဘာတွေ လိုအပ်မလဲ၊ ဘယ်လို နည်းလမ်းတွေနဲ့ အကောင်အထည် ဖော်ဆောင်ရွက် သွားမလဲ ဆိုတာတွေကို အဓိကထား ဆွေးနွေးသွားကြတယ်လို့ သိရပါတယ်။


ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဂင်ကမ်းလျှံ က – လက်နက်ကိုင် ပဋိပက္ခတွေဟာ အခြေခံ ဥပဒေ အားနည်းချက်ကြောင့် ဖြစ်ရတာ ဖြစ်ကြောင်း၊ အခြေခံဥပဒေ မပြင်သရွေ့ ဘယ်တော့မှ ငြိမ်းချမ်းရေး ရနိုင်မှာ မဟုတ်ကြောင်း၊ ငြိမ်းချမ်းရေးထက် အခြေခံဥပဒေကို ပြင်ဆင်ဖို့က ပိုအရေးကြီးကြောင်း ဆွေးနွေးတင်ပြခဲ့ပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ခွန်ထွန်းဦး က – တန်းတူရည်တူ ကိုယ် ပိုင် ပြဋ္ဌာန်းခွင့် ရရှိမယ်ဆိုရင် ပြေငြိမ်း သွား နိုင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာလည်း အဖွဲ့ကြီးငယ်မရွေး တူညီတဲ့ ကမ်းလှမ်း ချက်တွေနဲ့စေတနာမှန်မှန်ဆောင်ရွက်ရင်အောင် မြင်မှာ ဖြစ်တယ်လို့ ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု ကချင်ပြည်နယ် ဥက္ကဋ္ဌ လည်းဖြစ်၊ Vision of Peace အဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒေါ်ဘောက်ဂျာ ကတော့ – ကချင် တိုင်းရင်းသားများဟာ ခေတ်အဆက်ဆက် ခွဲခြား ဆက်ဆံခံနေရကြောင်း၊ ဒါကြောင့်လည်း အခုလို မငြိမ်းချမ်းနိုင်ရတာ ဖြစ်တယ်လို့ တင်ပြပြောဆိုပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ဘက်ကလည်း – ငြိမ်းချမ်းရေးဟာ သင့်မြတ်သူတွေ အချင်းချင်း ဖော်ဆောင်ကြတာ မဟုတ်ဘဲ ရန်ဘက်တွေ ကြား ဖော်ဆောင်ကြရတာ ဖြစ်ကြောင်း၊ အဓိကအားဖြင့် အစိုးရအဖွဲ့မှာလည်း မူတည်ကြောင်း၊ သဘောသေးတဲ့ အစိုးရတွေ ရှိသလို၊ သ ဘောထား ကြီးတဲ့ အစိုးရများလည်းရှိကြောင်း၊ မြောက်အိုင်ယာလန် ကိစ္စမှာ ရှေးရိုးစွဲ တင်းမာတဲ့ ကွန်ဆာဗေးတစ် အစိုးရလက်ထက် က မအောင်မြင် ခဲ့ပေမယ့် တိုနီဘလဲရဲ့ အစိုးရ လက်ထက်မှာတော့ အောင်မြင်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ လက်ရှိ မြန်မာ အ စိုးရဟာ အရင် စစ်အစိုးရထက် အောင်မြင်တယ်လို့ မိမိတို့ မြင်ကြောင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တိုင်းရင်းသား အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးတစ်ရပ် ကျင်းပပေးမယ်လို့လည်း မိမိတို့ သိထားရကြောင်း၊ ဒါကြောင့် တိုင်းရင်းသားတွေ အားလုံး တူညီတဲ့ အသံ တစ် သံတည်း ထွက်ရန် လိုအပ် ကြောင်း၊ ဘာတွေ ပြောဆိုဆွေးနွေးကြမယ်၊ ဘာတွေ တောင်းဆိုကြမလဲ၊ မရရင် ဘာဆက်လုပ်ကြမလဲ ဆို တာတွေကို စုပေါင်းကာ ကြိုတင် ရှာဖွေ ထားကြဖို့ လိုအပ်ကြောင်း ပြောကြားသွားပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့နဲ့ တွေ့ဆုံခဲ့တဲ့ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေကတော့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန် ဒီမိုကရေစီ ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ကရင်အ မျိုးသား ဒီမိုကရေစီ ကွန်ဂရက်၊ ကချင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် စတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ပါတီတွေအပြင် ရခိုင် တိုင်းရင်း သားများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီ၊ ချင်းအမျိုးသားပါတီ၊ ကရင် ပြည်သူ့ပါတီ စတဲ့၂၀၁၀ ရွေး ကောက်ပွဲဝင် ပါတီတွေလည်း ပါဝင်တာကို တွေ့ရပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ဘက်ကတော့ ဂျက်ဖရီ ဒေါ်နယ်ဆင်၊ မြောက်အိုင်ယာလန် တော်လှန်ရေး အဖွဲ့ဖြစ်တဲ့ ဆင်ဖိန်း ပါတီဝင်ဟောင်း ဂယ်ရီ ကယ်လီ၊ အမှုဆောင် အရာရှိချုပ် ဂျွန်နသန် ပါဝယ်၊ အကြီးတန်း စီမံကိန်း ညွှန်ကြားရေးမှူး ဒက်ဆစ်လာဗာ ရိုဆန်နိုဗာ တို့လာ ရောက်ပြီး ဗြိ တိသျှ သံအမတ်ကြီးနဲ့ သံရုံး တာဝန်ရှိသူတွေလည်း တက်ရောက်ကြတယ်လို့ သိရပါတယ်။

အင်တာ မီဒီအိတ် အဖွဲ့ကို ဗြိတိန်နိုင်ငံ တိုနီ ဘလဲ အစိုးရ လက်ထက်က စစ်ဦးစီးချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြောက်အိုင်ယာ လန် ငြိမ်းချမ်းရေး အတွက် ဗြိတိသျှ အစိုးရဘက်က ဦးဆောင် ညှိနှိုင်း ဆွေးနွေးခဲ့သူ လက်ရှိ အမှုဆောင် အရာရှိချုပ် ဂျွန်နသန် ပါဝယ် က ၁၉၉၇ ခုနှစ်မှာ စတင် တည်ထောင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အင်တာ မီဒီအိတ် အဖွဲ့ဟာ ခက်ခဲ၊ ရှုပ်ထွေး၊ အန္တရာယ်များလှတဲ့ ပဋိ ပက္ခတွေကို အ ဓိ ကထား ကူညီ ဖြေရှင်းပေးနေတဲ့ အစိုးရ မဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။

No comments: