Thursday, October 2, 2014

ဆန်ပြည်ပတင်ပို့မှု တိုးတက်လာသော်လည်း လယ်သမားဘဝ မတိုးတက်သေးဟု ဥက္ကဋ္ဌ ဆို

နိုင်နိုင်ဇော်

ဆန် ပြည်ပတင်ပို့မှု တိုးတက်လာသော်လည်း တောင်သူလယ်သမားများ၏ ဘဝအခြေအနေ တိုးတက်လာ ခြင်းမရှိသေးကြောင်း တောင်သူလယ်သမား အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များက ဆိုသည်။

အစိုးရသစ်လက်ထက်တွင် ဆန်တင်ပို့မှု ပုံမှန်တိုးတက်သည်ဆိုသော်လည်း မြင့်တက်လာသော လယ်ယာ သွင်းအားစု ဈေးနှုန်းများကြောင့် တောင်သူလယ်သမားများ၏ ဘဝအခြေအနေ သိသာစွာမြင့်တက်ခြင်း မရှိသေးဟု မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

၎င်းက “ဆန်တင်ပို့မှုတွေ တိုးလာတယ်ဆိုပေမယ့် တောင်သူတွေရဲ့ဘ၀က အခုအချိန်ထိ တိုးတက်တယ် ဆိုတာ မရှိသေးပါဘူး။ အခု ဆန်စပါးဈေးတွေ အရင်ထက် ပိုလာတယ်ဆိုပေမယ့် တောင်သူတွေ အသုံး ပြုနေရတဲ့ အခြေခံသွင်းအားစုဈေးတွေက နှစ်စဉ်မြင့်တက်နေတော့ ဘာမှထူးလာတယ်ဆိုတာ မရှိသေး ပါဘူး”ဟု ပြောသည်။

တောင်သူများ၏ နှစ်စဉ်စိုက်ပျိုးစရိတ် တိုးတက်လာမှုကို ကာမိစေရန် စပါးဈေး ပိုမိုတွက်ခြေကိုက်ရန်လို သည်ဟု ဆိုနိုင်သော်လည်း လက်ရှိဆန်စပါးဈေးနှုန်းနှင့် ဆန်အရည်အသွေးမှာ နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက သင့်တင့်မျှတနေခြင်းကြောင့် စိုက်ပျိုးစရိတ်သက်သာစေရန် အစိုးရနှင့်ဆိုင်ရာ အသင်းအဖွဲ့များက ၀ိုင်းဝန်းလုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းက ထပ်မံပြောဆိုသည်။

ရွှေဘို ခင်ဦးနယ်ရှိ လယ်သမား ဦးလှတင်က “ဆန်တင်ပို့မှုကောင်းတိုင်း ကျွန်တော်တို့ တောင်သူတွေ အခြေအနေကောင်းတယ်လို့ မြင်လို့မရဘူး။ အခု လယ်တွေမှာ သုံးတဲ့နွားတွေ ရှားလာတဲ့အတွက် စက်တွေ သုံးရတယ်။ လယ်ယာလုပ်သားတွေလည်း ရှားတဲ့အတွက် သူတို့အတွက် စရိတ်တွေက အရင်နှစ်နှစ် လောက်ကထက် ထက်ဝက် ပိုကုန်တယ်။ စပါးဈေးတက်ပေမယ့် အဲဒီစရိတ်တွေထဲ ပြန်ဝင်တဲ့အတွက် ဘာမှမထူးဘူး”ဟု ဆိုသည်။

တောင်သူလယ်သမားများ၏ ပြောဆိုမှုအရ လယ်တစ်ဧက စိုက်စရိတ်မှာ မိုးတွင်းအတွက် ကျပ်နှစ်သိန်းဝန်း ကျင်ရှိနေပြီး နွေစပါးအတွက် တစ်ဧက ကျပ်နှစ်သိန်းခွဲ ၀န်းကျင်အထိ ကုန်ကျခြင်းဖြစ်သည်။

လယ်သမားများအခြေအနေမှာ သိသာစွာ တိုးတက်ခြင်းမရှိသည့်အတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၊ လယ်ယာနှင့်ဆက်စပ်သည့် အသင်းအဖွဲ့၊ နိုင်ငံရေးအသင်းအဖွဲ့အားလုံး အမှန်တကယ် အလုပ်လုပ်ရန် လိုအပ်နေကြောင်း၊ လွှတ်တော်ရှိ တောင်သူလယ်သမားရေးရာကော်မတီ၌ လယ်သမား ဘဝအမှန်တကယ် နားလည်သူများ ပါဝင်ရန် လိုအပ်ကြောင်း တောင်သူလယ်သမား အသင်းဥက္ကဋ္ဌက ထပ်မံပြောဆိုသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၄ သန်း၊ ၂၀၁၄ ဘဏ္ဍာနှစ်တွင် ၁ ဒသမ ၂ သန်းအထိ အသီးသီးမြင့်တက်နေပြီး ယခု ၂၀၁၅ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် နှစ်သန်းတင်ပို့နိုင်ရန် လျာထားသည်။

မြန်မာ့ဆန်ကို တရုတ်သို့ တရားဝင် တင်ပို့ရောင်းချနိုင်မည့် အခြေအနေများနှင့် အိန္ဒိယကလည်း ၎င်း၏ လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် မြန်မာ့ဆန်ဝယ်ယူမည်ဖြစ်ရာ ဈေးကွက်ကောင်းမွန် လျက်ရှိသည်။

No comments: