တောမတ်စ် ဖူလာ
ဆူညံလှုပ်ရှားနေသည့် အပူပိုင်းဒေသ၏ မြို့တော်သို့ လေယာဉ်ဖြင့် ရောက်ရှိသော ခရီးသည်များသည် စတီးလ်နှင့် မှန်များ ပေါင်းစပ် ဖွဲ့စည်းထားသည့် လေဆိပ်အဆောက်အဦးထဲသို့ ၀င်လာသည့်အချိန်တွင် နှစ်ပေါင်းများစွာ အထီးကျန် နေထိုင်ရာမှ ကမ္ဘာသို့ ပြန်လည်ဆက်သွယ်လိုသည့် မြန်မာ၏ဆန္ဒနှင့် တိုင်းပြည်၏ အတိတ်က ဒုက္ခ ၂ မျိုးလုံး ရှိနေသည်ကို ခံစားကြရမည် ဖြစ်သည်။
လေဆိပ် အဆောက်အဦးကို တည်ဆောက်ခဲ့သော Asia World ကုမ္ပဏီကို တောင်တန်းဒေသများရှိ ဘိန်းခင်းများမှ ထွက်သော ဘိန်းဖြူများ ဖြန့်ချိရောင်းချခဲ့သည့် လက်နက်ကိုင် စစ်ဘုရင်တဦးက စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ မူးယစ်ဆေးလောကမှ အထင်ကရ ပုဂ္ဂိုလ်တယောက်လည်း ဖြစ်ခဲ့သည်။ ကုမ္ပဏီ၏ တခြားလုပ်ငန်းများမှာ လမ်းများ၊ ရေအားလျှပ်စစ် ထုတ်လုပ်သည့်ဆည်များ၊ ဆိပ်ကမ်းများနှင့် ရန်ကုန်မြို့လယ်ရှိ အဆင့်မြင့် ဟိုတယ်တခုဖြစ်သည့် Sule Shangri-La ဟိုတယ်တို့ ဖြစ်သည်။
လက်ရှိအချိန်တွင် Asia World ကုမ္ပဏီက မူးယစ်ဆေးကုန်သွယ်မှုနှင့် ဆက်စပ်နေကြောင်း ပြသနိုင်သည့် သက်သေ အထောက်အထား မရှိသော်လည်း ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် အာဏာရှင်အုပ်ချုပ်ရေးမှ ခေတ်နှင့်အညီ အသွင်ကူးပြောင်းရန် ကြိုးစားနေသည့် မြန်မာနိုင်ငံတွင် Asia World ၏ အခန်းကဏ္ဍက တိုင်းပြည်၏ စီးပွားရေး အသစ်တွင် မူးယစ် ဆေးကုန်သွယ်မှုက ခွဲခြား၍မရအောင် ရောယှက်နေခြင်းနှင့် ပြန်လည်တည်ဆောက်ရေး အားထုတ်မှုအများ အပြားတွင် အခြေခံဖြစ်နေခြင်းကို အထင်ရှားဆုံး ပြသနေသည့် ဥပမာဖြစ်သည်။
“မြန်မာ့ စီးပွားရေးရဲ့ ကနဦး အရင်းအနှီးက ဘိန်းဖြူဖြစ်ပါတယ်။ တကယ်လို့ ဒါက ချဲ့ကားပြောတာ ဖြစ်မယ်ဆိုရင်တောင် အများကြီးပိုပြောတာ မဟုတ်ပါဘူး” ဟု ကိုလံဘီယာ တက္ကသိုလ်မှ စီးပွားရေးပညာရှင် ရော်နယ် ဖင်ဒလေက ပြောသည်။ သူက ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူတဦး ဖြစ်သည်။
အိမ်ခြံမြေပွဲစားများ၊ စီးပွားရေး ပညာရှင်များ၊ လက်ရှိ တာဝန်ထမ်းဆောင်ဆဲနှင့် အငြိမ်းစား အစိုးရအရာရှိများနှင့် တွေ့ဆုံ မေးမြန်းခဲ့မှုများအရ တရားမ၀င် မူးယစ်ဆေးကုန်သွယ်မှု၏ အကျိုးအမြတ်က တိုင်းပြည် ပြန်လည်တည်ဆောက်ရေး အတွက် ရင်းနှီးမြှုပ်နှံရာတွင် အဓိကကျသော အရင်းအနှီး ဖြစ်နေသည်ကို တွေ့ရှိရသည်။ မူးယစ်ဆေး ကုန်သွယ်ရေးနှင့် ဆက်သွယ်မှု ရှိခဲ့သည့် ကုမ္ပဏီများက လမ်းသစ်များ၊ တံတားသစ်များ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သည့် ရန်ကုန်မြို့မှ အထပ်မြင့် တိုက်ကြီးများကို တည်ဆောက်နေကြသည်။
မကြာသေးမီ ကာလအထိ ရန်ကုန်မြို့သည် အထပ်မြင့် အဆောက်အဦးနည်းပြီး အထပ်နိမ့် အဆောက်အဦးတွေ များသည့် မြို့တမြို့သာ ဖြစ်ခဲ့သည်။ ကျင်း၊ ချိုင့်များပြားပြီး အန္တရယ်ရှိသည့် လူသွားစင်္ကြံများနောက်တွင် ဟောင်းနွမ်းယိုယွင်း နေသော ကိုလိုနီခေတ်လက်ရာ အဆောက်အဦးများ ရှိနေသည်။ ယခုအခါတွင်မူ မြို့တော်၏ ထောင့်တိုင်းနီးပါးတွင် ၀န်ချီစက်ကြီးများ ဝှေ့ရမ်း လှုပ်ရှားနေကြပြီး မကြာမီ ပေါ်ပေါက်လာတော့မည့် အထပ်မြင့် တိုက်ခန်းများကို ကြော်ငြာဆိုင်းဘုတ်ကြီးများ ထောင်၍ အရောင်းမြှင့်တင်နေကြသည်။
အခြေခံအဆောက်အဦး အသစ်များကို ကြိုဆိုရမည် ဖြစ်သော်လည်း မူးယစ်ဆေး စီးပွားရေးက တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ခြိမ်းခြောက်နေသည်။ မူးယစ်ဆေးကုန်သွယ်ရေးက အကျင့်ပျက်ခြစားမှုကို ပိုမိုအားကောင်း စေသည်ဟု လေ့လာ သုံးသပ်သူများက ပြောကြသည်။ ထို့ပြင် စစ်တပ်၏ သြဇာကို မြင့်မားလာစေပြီး အများက မျှော်လင့်ထားသည့် ဒီမိုကရေစီ နိုင်ငံတခုအစား အတိတ်ကကဲ့သို့ အပယ်ခံနိုင်ငံတခု အဖြစ်သို့ ပြန်ရောက်သွားနိုင်သည် ဟုလည်း ၎င်းတို့က ဆိုသည်။
လွန်ခဲ့သော ၄ နှစ်မှစ၍ မြန်မာနိုင်ငံက ပြင်ပကမ္ဘာနှင့် တံခါးဖွင့်ဆက်ဆံလာသည့် အချိန်တွင် ဘိန်းဖြူ ကုန်သွယ်မှုကလည်း တိုးတက်လာခဲ့သည်။ ပြီးခဲ့သည့် ၆ နှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၃ ဆနီးပါး တက်လာခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံသည်လည်း ကမ္ဘာပေါ်တွင် ဒုတိယဘိန်းဖြူ အများဆုံး ထုတ်လုပ်သည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ထို့ ပြင် ဒေသတွင်းတွင် မက်သဖက်တမင်း စိတ်ကြွဆေး ထုတ်လုပ်သည့် ထိပ်တန်းနိုင်ငံ တခုလည်း ဖြစ်လာသည်။
မြန်မာ့ စီးပွားရေး ကျွမ်းကျင်သူတဦး ဖြစ်သော သြစတြေးလျနိုင်ငံသား စီးပွားရေး ပညာရှင် ရှောင် တာနယ်လ် (Sean Turnell) က မြန်မာ မူးယစ်ဆေး ကုန်သည်ကြီးများ၏ နှစ်စဉ် ၀င်ငွေသည် အမေရိကန် ဒေါ်လာ ၂ ဘီလီယံ ၀န်းကျင် ရှိလိမ့်မည်ဟု ခန့်မှန်းခဲ့သည်။
စီးပွားရေးလုပ်ငန်းများနှင့် အိမ်ခြံမြေ လွှဲပြောင်းရောင်းချမှုများတွင် ငွေစက္ကူများကိုင်ကာ ပေးချေအသုံးပြုနေဆဲဖြစ်သည့် မြန်မာနိုင်ငံတွင် အရွယ်ရောက်ပြီးသော သူများထဲ၌ ဘဏ်စာရင်းရှိသူက ၁၅ ရာခိုင်နှုန်းသာ ရှိသည့်အတွက် အဆိုပါ ငွေကြေးများ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို ခြေရာခံရန် မဖြစ်နိုင်သလောက်နီးပါး ရှိနေသည်။
“ကြည့်စရာ စာရွက်စာတမ်းတွေလည်း မရှိဘူး။ ဒါကြောင့် မူးယစ်ဆေးကရတဲ့ ငွေတွေနောက်ကို လိုက်ဖို့က မလွယ်ကူဘူး ဖြစ်နေတယ်” ဟု ရှောင် တာနယ်လ်က ဆိုသည်။
သို့သော်လည်း သက်ရောက်မှုကတော့ ထင်ရှားပါသည်။
မြန်မာနိုင်ငံ၏ အဓိက မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းများ အလွန်အမင်း မြင့်တက်သွားအောင် မူးယစ်ဆေး ကုန်သွယ်ရေးက မီးထိုးပေးခဲ့သည်ဟု အိမ်ခြံမြေ အကျိုးဆောင်များနှင့် စီးပွားရေးပညာရှင်များက ပြောကြသည်။
“ဒီစီးပွားရေး လုပ်ငန်းထဲမှာ ရှိနေတဲ့သူ အားလုံးနီးပါးက ငွေကြေးခ၀ါချနေကြတာ ဖြစ်ပါတယ်” ဟု ရန်ကုန်မြို့မှ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းတခု၏ မန်နေးဂျင်း ဒါရိုက်တာဖြစ်သော ဦးစိုင်းခွန်နောင်က ပြောသည်။
ပြီးခဲ့သည့် ၁၀ နှစ် အတွင်း ရန်ကုန်မှ တိုက်ခန်းများ၏ ဈေးနှုန်းက ၆၀၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပြီး ၁ စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၂၅၀ ခန့်အထိ ဖြစ်ခဲ့သည်ဟု သူကတွက်ပြသည်။ ရန်ကုန်မြို့ထက် ချမ်းသာကြွယ်ဝသည့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ကွန်ဒိုတိုက်ခန်း အသစ်တခု၏ ပျမ်းမျှဈေးထက် မြင့်မားနေသည်။
တရားမ၀င် မူးယစ်ဆေးတခုသာ မှောင်ခိုဈေးကွက်အတွက် ငွေကြေးအရင်းအမြစ် ဖြစ်နေသည် မဟုတ်ပါ။ ၂၀၁၁ ခုနှစ်တွင် ပြီးဆုံးခဲ့သည့် စစ်အုပ်ချုပ်ရေး ကာလအတွင်းတွင် ကျွန်းသစ်၊ ကျောက်စိမ်းနှင့် တခြား အဖိုးတန် ကျောက်မျက်များကလည်း တရားမ၀င် ၀င်ငွေ အမြောက်အများ ဖန်တီးပေးနိုင်ခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အစိုးရက အိမ်ခြံမြေ အခွန်ကို ၅၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်သည့် အချိန်မှစ၍ ကုန်သည်များက ၎င်းတို့၏ ငွေကြေးများကို အိမ်ခြံမြေများအဖြစ် ပြောင်းလဲရန် အခွင့်အရေး ရယူနိုင်ခဲ့ကြသည်။
အိမ်ဝယ်သူတဦးက အမေရိကန် ဒေါ်လာ ၂၀၀၀၀၀ နှင့် ညီမျှသော မြန်မာငွေကို လက်ငင်းပေးချေ၍ ၀ယ်ယူသွားသည်ဟု ရန်ကုန်မှ အိမ်ခြံမြေ အကျိုးဆောင် တဦးဖြစ်သည့် ဦးခင်မောင်အေးက ပြောသည်။ ၀ယ်သူက ငွေများကို ဆန်အိတ်ခွံ (ဆာလာအိတ်) များ အတွင်းသို့ ထည့်သွင်းယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် ဤမျှ များပြားလှသော ငွေကြေးကို ချက်ချင်းပေး၍ ၀ယ်ယူခြင်းမျိုး အိမ်ခြံမြေအရောင်း အ၀ယ်ကဏ္ဍတွင် ဖြစ်လေ့ဖြစ်ထ မရှိပါ။
“အိတ်တလုံးကို လူ ၂ ယောက် မမှ ရတယ်။ ကျနော်တယောက်တည်း မသယ်နိုင်ဘူး” ဟု ဦးခင်မောင်အေးက ဆိုသည်။
နောက်ပိုင်းတွင် အဆိုပါ အိမ်ဝယ်သူသည် မူးယစ်ဆေးကုန်သွယ်မှုဖြင့် ဖမ်းဆီးခြင်းခံခဲ့ရပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံ ခဲ့ရသည်ဟု ရဲအဖွဲ့၏ အဆိုအရ သိရသည်။
သို့သော်လည်း ထိုသို့ ဖမ်းဆီးခံရခြင်းသည် ဥပဒေစိုးမိုးမှု အားနည်းသည့် နိုင်ငံတခုတွင် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခု ဖြစ်သည်။ ထို့အပြင် တိုင်းပြည်၏ နယ်စပ်ဒေသ အများစုမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ လက်အောက်တွင် ရှိနေသည်။ ဗဟိုအစိုးရ လက်အောက်တွင် မဟုတ်ပါ။
အစိုးရက မူးယစ်ဆေးကုန်သွယ်မှုနှင့် ငွေကြေးခ၀ါချမှုကို တိုက်ဖျက်ရန် ကြိုးစားနေကြောင်း ပြောသော်လည်း ဥပဒေ နှင့်အညီ ဖော်ဆောင်ရေးတွင် အာဏာရှင်စနစ်၏ ဆိုးမွေများကြောင့် အတားအဆီးများ ရှိနေသည်ဟု တာဝန်ရှိသူများက ပြောကြသည်။ အာဏာရှင်စနစ်၏ လက်အောက်တွင် ပညာရေးစနစ် ပျက်စီးခဲ့ပြီး မြန်မာနိုင်ငံမှ ပညာတတ်နိုင်ငံသား အမြောက်အများလည်း နိုင်ငံကို စွန့်ခွာသွားခဲ့ကြသည်။ စီးပွားရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍလည်း ကျဆင်း ယိုယွင်းခဲ့ရသည်။
အစိုးရက ဥပဒေလုပ်ထုံးလုပ်နည်းများ ချမှတ်ခဲ့ပြီး မသန့်ရှင်းသည့် ငွေကြေးများကို စစ်ဆေးနေသည်ဟု ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်က ပြောသည်။
“ဒီကိစ္စနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ ဆောင်ရွက်မှုဖြစ်ပါတယ်။ ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဒီမှာ ပွင့်လင်းမြင်သာမှုတွေ၊ တာဝန်ယူမှုတွေ ပိုပြီးရှိလာပါပြီ။ လူသိရှင်ကြားလည်း ဆွေးနွေးငြင်းခုန်လို့ ရနေပါပြီ” ဟု သူက အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
သို့သော်လည်း အစိုးရ အကြံပေး ပုဂ္ဂိုလ်တဦးဖြစ်သော ဦးတင်မောင်သန်းက အစိုးရတွင် ငွေကြေးကို အဆိုးအကောင်း ခွဲခြားနိုင်သည့် နည်းလမ်း မရှိကြောင်းပြောသည်။ သူက သုတေသန အဖွဲ့အစည်းတခုဖြစ်သည့် Myanmar Development Resource Institute မှ ဒါရိုက်တာတဦးလည်း ဖြစ်သည်။
“ငွေကြေးခ၀ါချမှုနဲ့ အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ဖို့ ထိရောက်တဲ့ ယန္တယားနဲ့ စွမ်းဆောင်မှုမရှိဘူး” ဟု သူက ပြောသည်။
အဘယ်ကြောင့်ဆိုသော် စီးပွားရေး အများစုက နည်းလမ်းတကျ မဟုတ်ဘဲ ငွေသားကိုသာ အသုံးပြုနေသောကြောင့် ဖြစ်သည်ဟု ဦးတင်မောင်သန်းက ပြောသည်။ “တကယ်လို့ ကျနော်တို့က တရားဝင်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ငွေမည်းတွေကို တိုက်ဖျက် နှိမ်နင်းမယ်ဆိုရင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နေရာရှိတော့မှာ မဟုတ်ဘူး” ဟု သူက ဆိုသည်။
“ဒီမှာ ရှိတဲ့ စီးပွားရေးလုပ်ငန်း အားလုံးနီးပါးက နည်းလမ်းတကျ မရှိကြဘူး” ဟုလည်း ဦးတင်မောင်သန်းက ပြောသည်။
တရားမ၀င်ငွေကြေးများကို ခြေရာခံရန် စာရွက်ပေါ်တွင် နည်းလမ်းဥပဒေများ ရှိနေသော်လည်း အစိုးရ၏ တရားမ၀င် မူဝါဒက “မမေးရန်၊ မပြောရန်” ဖြစ်ပုံရသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောကြသည်။
“တကယ်လို့ ခင်ဗျားက အခွန်ဆောင်တယ်ဆိုရင် သူတို့က ခင်ဗျား ဒီပိုက်ဆံကို ဘယ်က ရသလဲဆိုတာ မမေးဘူး။ အစိုးရကသာ ဒါဆို မစစ်ဆေးဘူးဆိုရင် ကျနော်က ဒီပိုက်ဆံတွေ ဘယ်ကလာတယ် ဆိုတာကို ဘယ်လို သိနိုင်တော့မှာလဲ” ဟု ဦးစိုင်းခွန်နောင်က ပြောသည်။
အရေးပါသည့် အခြေခံအဆောက်အဦးများ ဆောက်လုပ်ခွင့်ရသည့် ကုမ္ပဏီများထဲတွင် တခုအပါအ၀င် ဖြစ်သည့် Asia World ကဲ့သို့ ကုမ္ပဏီအတွက် ဘိန်းဖြူမှ ရရှိသည့်ဝင်ငွေက လျှို့ဝှက်ချက် မဟုတ်ပါ။
Asia World ကို ထူထောင်ခဲ့သည့် လော်စစ်ဟန်သည် မူးယစ်ရာဇာ တဦးဖြစ်ပြီး တချိန်က သူ့ကို အမေရိကန်နိုင်ငံက အရှေ့တောင်အာရှဒေသမှ မူးယစ်ဆေးကုန်သွယ်မှု၏ အဓိကလူအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူဖြစ်သည်။ Asia World က ဘိန်းဖြူမှ ရရှိသည့် ၀င်ငွေများကို တရားမ၀င် စီးပွားရေးလုပ်ငန်းများအဖြစ်သို့ အသွင်ကူးပြောင်းရာတွင် ဦးဆောင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် သေဆုံးခဲ့သော လော်စစ်ဟန်သည် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် နေထိုင်သော ကိုးကန့်ဟု ခေါ်ကြသည့် တရုတ်မျိုးနွယ်စုတခုမှ ဖြစ်သည်။ ဆင်းရဲနွမ်းပါးသည့် ကိုးကန့်ဒေသတွင် အဓိက စီးပွားရေးအနေဖြင့် လက်ဖက်နှင့် ဘိန်းစိုက်ပျိုးရေးသာ ရှိသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးရာတွင် လော်စစ်ဟန်က အသုံးဝင်ကြောင်း တွေ့ရှိခဲ့ပြီးနောက် သူ၏ မူးယစ် စီးပွားရေးကို အစိုးရက သည်းခံထားခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် အမေရိကန် သံတမန် ကြေးနန်းသတင်းများကို ဖော်ထုတ်ခဲ့သည့် ဝီကီလိခ်စ် (WikiLeaks) ၏ အဆိုအရ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး သဘော တူညီချက်များ ရယူရာတွင် ကူညီပေးခဲ့သည့်အတွက် တုန့်ပြန်သည့် အနေဖြင့် အစိုးရက သူ့ကို ဘိန်းဖြူလုပ်ငန်း လုပ်ကိုင် ခွင့်ပေးခဲ့သည်ဟု သိရသည်။
လော်စစ်ဟန်နှင့် သူ၏ သားဖြစ်သူ စတီဗင်လော (ဦးထွန်းမြင့်နိုင်) တို့သည် စစ်တပ်၏ အရေးအကြီးဆုံး စီးပွားရေး မိတ်ဖက်များဖြစ်ပြီး လမ်းများ၊ ဆိပ်ကမ်းများနှင့် အရေးကြီးသော အခြေခံအဆောက်အဦး စီမံကိန်းကြီးများအတွက် ကန်ထရိုက်များ သူတို့ကို ချထားပေးခဲ့သည်။
ရန်ကုန်မြို့ရှိ Asia World ရုံးချုပ်သို့ စာရေးသား၍ မေးခွန်းများ ပေးပို့ထားသည့်ကိစ္စနှင့် ပတ်သက်၍ ဦးထွန်းမြင့်နိုင်၏ လက်ထောက်တဦးက စာကိုလက်ခံရရှိကြောင်း၊ သို့သော်လည်း ဦးထွန်းမြင့်နိုင်က မေးခွန်းများ ဖြေကြားပေးရန် အချိန်မပေးလိုဟု ပြန်ကြားခဲ့ကြောင်းပြောသည်။
အမေရိကန်နိုင်ငံ Drug Enforcement Administration (DEA) ၏ မြန်မာရုံးမှ အကြီးအကဲဟောင်း John M. Whalen က Asia World နောက်ပိုင်းတွင် ချမ်းသာကြွယ်ဝမှုကို ရှင်းမပြနိုင်သည့် ကုမ္ပဏီ အမြောက်အများ ပေါ်ပေါက်လာပြီး ၎င်းတို့ အများစုမှာ မူးယစ်ဆေးကုန်သွယ်မှု ထွန်းကားသည့် တရုတ်နှင့် ထိုင်းနယ်စပ်မှ ဆင်းရဲနွမ်းပါးသော ဒေသများနှင့် ဆက်စပ် မှုရှိနေကြသည်ဟု ပြောသည်။
“ရင်းနှီးမြှုပ်နှံဖို့ ငွေကြေးအမြောက်အများနဲ့ အတူ ကုမ္ပဏီအများအပြား ရုတ်တရက်ပေါ်လာတာကို ကျနော်တို့ စတင်မြင်ခဲ့ရပါတယ်။ သူတို့ ငွေကြေးရဲ့ အရင်းအမြစ်ကိုလည်း ပြသခြင်း မရှိပါဘူး။ အခုလုပ်နေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက ဒီအတိုင်း ဖြစ်နေတာကို ကျနော်တို့ တွေ့နေရတုန်းပါပဲ” ဟု သူကပြောသည်။
အဆိုပါ ကုမ္ပဏီများထဲတွင် ရန်ကုန်မြို့မှ ရှော့ပင်းမောများထဲတွင် အကြီးဆုံးနှင့် ခေတ်အမီဆုံး ဖြစ်သည့် Junction Square ကို တည်ဆောက်လုပ်ကိုင်နေသော ရွှေတောင်အုပ်စုလည်း ပါဝင်သည်။ ရွှေတောင် ကုမ္ပဏီ၏ ၀က်ဘ်ဆိုက်တွင် ၎င်းတို့ တည်ဆောက်သော အိမ်ယာဖွံ့ဖြိုးရေး စီမံကိန်းများ၊ ရုံးခန်းအဆောက်အဦးများ၊ ကွန်ဒိုများ၊ ဆေးရုံများ၊ ကျောင်းများ၊ တက္ကသိုလ်များ၊ ရုပ်မြင်သံကြားနှင့် ရေဒီယို အသံလွှင့်ရုံများ ဖော်ပြထားသည်ကို တွေ့ရသည်။
ရွှေတောင် အုပ်စု၏ ဥက္ကဋ္ဌဖြစ်သော ဦးအိုက်ထွန်းကို အမေရိကန် ဘဏ္ဍာရေးဌာနက မူးယစ်ဆေးကုန်သွယ်ရေးနှင့် ဆက်သွယ်မှုများ ရှိနေသူ အဖြစ်စွပ်စွဲထားသည်။ ယခု ပြိုကွဲသွားပြီ ဖြစ်သော အာရှဓနဘဏ်ကို ထူထောင်ခဲ့ပြီး ထိုဘဏ်ကို အမေရိကန် နိုင်ငံက အရေးယူဒဏ်ခတ်သည့် စာရင်းတွင် ၂၀၀၃ ခုနှစ်တွင် ထည့်သွင်းခဲ့သည်။ ငွေကြေးခ၀ါချမှုနှင့် တခြား ဘဏ္ဍာရေး ရာဇ၀တ်မှုများတွင် ပါဝင်နေပြီး မူးယစ်ဆေးကုန်သည်များနှင့် အဆက်အသွယ် ရှိခြင်းကြောင့် ယခုကဲ့သို့ စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။
အမေရိကန် နိုင်ငံက အာရှဓနကို ဒဏ်ခတ်အရေးယူမှု ပြုလုပ်ခဲ့ပြီးနောက် မြန်မာအာဏာပိုင်များက ဘဏ်လိုင်စင်ကို ပြန်ရုပ် သိမ်းလိုက်သည့်အတွက် ဦးအိုက်ထွန်းက သူ၏ ကုမ္ပဏီလုပ်ငန်းစု၏ အမည်ကို ရွှေတောင် အုပ်စုဟု ပြောင်းလဲခဲ့သည်။
ရွှေတောင် အုပ်စု၏ ရုံးချုပ်ရှိ သူ၏ အတွင်းရေးမှူးထံသို့ သွားရောက်ပေးပို့ခဲ့သော မေးခွန်းများကို ဦးအိုက်ထွန်း ကလည်း ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပါ။
မြန်မာနိုင်ငံမှ အကြီးဆုံး ဆောက်လုပ်ရေး လုပ်ငန်းများထဲတွင် တခုအပါအ၀င်ဖြစ်သည့် Jewellery Luck သည်လည်း လွန်ခဲ့သော ၆ နှစ်က ဘိန်းဖြူ အမြောက်အများ ဖမ်းဆီးမိခဲ့သည့် အမှုနှင့် ဆက်စပ်နေခဲ့သည်။
Jewellery Luck က ထိုင်ဝမ်ရှိ ဖောက်သည်တဦးထံသို့ ပေးပို့မည့် သစ်များအတွင်း ၀ှက်ပြီးထည့်ထားသည့် ဘိန်းဖြူ ၃၇ ထုတ်ကို ရဲအဖွဲ့ကတွေ့ရှိခဲ့သည်။ ရဲအဖွဲ့က စုံစမ်းစစ်ဆေးရေးအတွက် ရိုက်ကူးထားသည့် ဓာတ်ပုံများအရ သစ်များကို အခေါင်းပေါက်ဖြစ်အောင် ထွင်း၍ စာအုပ်အရွယ်အစားခန့် ရှိသည့် ဘိန်းဖြူထုပ်များ စနစ်တကျ ထည့်သွင်းထားသည်ကို တွေ့ရသည်။
ရဲအဖွဲ့က လူ ၅ ဦးနှင့် ရန်ကုန်မြို့ရှိ အိမ်တလုံးတွင် သိမ်းဆည်းထားသော နောက်ထပ် ဘိန်းဖြူ ပေါင် ၂၂၀ ခန့်ကို ဖမ်းဆီးမိခဲ့သည်။ အဆိုပါ ဘိန်းဖြူများက ကာလပေါက်ဈေးအရ အမေရိကန် ဒေါ်လာ သန်းပေါင်းများစွာ တန်ကြေးရှိသည်။
Jewellery Luck မှ အမှုဆောင်အရာ ရှိတဦးဖြစ်သော ဦးတင်ထွန်းဦးက ဘိန်းဖြူများကို သူတို့၏ ဖောက်သည်များက ထည့်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ သူတို့က သင်္ဘောမတင်မီ စစ်ဆေးသည့် အချိန်တွင် သစ်ကို ဖယ်ထားပြီး နောက်မှ ဘိန်းဖြူထည့်သွင်း၍ ပြန်ထားခဲ့ကြခြင်း ဖြစ်သည်ဟု သူကဆိုသည်။ ဦးတင်ထွန်းဦးက ကုမ္ပဏီ အကြီးအကဲ၏ သားလည်းဖြစ်သည်။
ကုမ္ပဏီဝန်ထမ်း တယောက်မျှ ဖမ်းဆီး အရေးယူခံရခြင်း မရှိဟု ဦးတင်ထွန်းဦးက ပြောသည်။ ၎င်းတို့ကုမ္ပဏီက မူးယစ်ဆေး ကုန်သွယ်မှုမှ အကျိုးအမြတ် ရရှိနေသည် ဆိုခြင်းကိုလည်း သူက ငြင်းပယ်ခဲ့သည်။
“မူးယစ်ဆေးက ရတဲ့ပိုက်ဆံ တပြားမှ မရှိပါဘူး” ဟု ဦးတင်ထွန်းဦးက တွေ့ဆုံမေးမြန်းမှုတခုတွင် ပြောခဲ့သည်။
အမေရိကန် DEA မှ အရာရှိဟောင်းတဦး ဖြစ်သည့် John M. Whalen ကတော့ အမေရိကန်မှာသာ ယခုကဲ့သို့ ဖမ်းမိမှုမျိုး ရှိခဲ့လျှင် ကုမ္ပဏီမှ တာဝန်ရှိသူများ အရေးယူခြင်း ခံရလိမ့်မည်ဟု ပြောသည်။
“ကုမ္ပဏီက ထဲထဲဝင်ဝင် ပတ်သက်နေတာ ထင်ရှားပါတယ်။ မြန်မာနိုင်ငံက အမှုအများစုမှာက အကောင်ကြီးတဲ့သူတွေ ဆိုရင် အရေးယူမခံရဘူး” ဟုလည်း သူကဆိုသည်။
Jewellery Luck ကုမ္ပဏီက ရန်ကုန်မြို့တွင် အကြီးဆုံး ကွန်ဒို စီမံကိန်း ၂ ခုကို တည်ဆောက်နေပြီး တခုမှာ မြန်မာနိုင်ငံတွင် အမြင့်ဆုံး ကွန်ဒို အဆောက်အဦး တခုဖြစ်သည်ဟု ကြေညာထားသော အထပ် ၃၃ ထပ်မြင့်သည့် အဆောက်အဦး ဖြစ်ပြီး ရန်ကုန်မြို့၏ အထင်ရှားဆုံး အထိန်းအမှတ်ဖြစ်သော ရွှေတိဂုံစေတီထက်ပင် မြင့်မားမည်ဖြစ်သည်။ တိုက်ခန်း ရောင်းချမှုများကိုလည်း ငွေသားဖြင့်သာ ပြုလုပ်သည်။
Jewellery Luck က နေပြည်တော်ရှိ Kempinski ဟိုတယ်ကိုလည်း တ၀က်ပိုင်ဆိုင်ထားသည်။ Kempinski ဟိုတယ်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ထိပ်သီး အစည်းအဝေးတက်ရန် အမေရိကန် သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ လာရောက်ခဲ့စဉ်က တည်းခိုခဲ့သည့် ဟိုတယ်လည်း ဖြစ်သည်။ သမ္မတ အိုဘားမားက ဟိုတယ်၏ အကြီးဆုံးနှင့် အကောင်းဆုံး ဇိမ်ခံ အိမ်ခန်းတွင် ပထမဆုံး တည်းခိုခဲ့သည့် ဧည့်သည်ဖြစ်သည်။ အဆိုပါ အခန်းတွင် အိပ်ခန်း ၄ ခန်း၊ ကိုယ်ပိုင်ထမင်းစားခန်း၊ ရေကူးကန်နှင့် အားကစားလေ့ကျင့်သည့် အခန်းများပါဝင်သည်။
ရန်ကုန်မြို့ရှိ Jewellery Luck ရုံးချုပ်၏ အစည်းဝေးခန်းအတွင်းမှ စားပွဲတလုံးပေါ်ရှိ ဓာတ်ပုံထဲတွင် ဦးတင်ထွန်းဦး နှင့် တခြား ကုမ္ပဏီအမှုဆောင်များကို သမ္မတ အိုဘားမားနှင့်အတူ ပြုံးရွှင်စွာ တွေ့ရပါသည်။

No comments:
Post a Comment