Wednesday, June 17, 2015

ပြည်နယ်အရေး ဥပဒေမူကြမ်း အကောင်းဆုံးချမှတ်နိုင်ရန် အရေးကြီး

သီတာအောင်

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးပါက နိုင်ငံရေးဆိုင်ရာ ဥပဒေမူကြမ်းရေးဆွဲရာတွင် ကယား(ကရင်နီ) ပြည်နယ်အရေးနှင့် ပတ်သက်၍ နိုင်ငံရေးခေါင်းဆောင်များက ကိုက်ညီသည့် ဥပဒေကြမ်းများကို အမှန်တကယ်ရေးဆွဲ ချမှတ်နိုင်စေရန် အရေးကြီးသည်ဟု ကရင်နီပြည်လူငယ်များ သမဂ္ဂမှ ကိုကျော်ထင်အောင်က ပြောသည်။

“အဲလိုချိန်တွေမှာ တက်ရောက်ဆွေးနွေးရမယ့် သူတွေအနေနဲ့ ကိုယ့်ပြည်နယ်နဲ့ ကိုက်ညီတဲ့ ၊ လူထုတွေ တောင်းဆိုထားတဲ့ တောင်းဆိုမှု၊ ပုံစံအချက်လက်တွေရ ရှိဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

နိုင်ငံရေးဆိုင်ရာ ဥပဒေမူကြမ်းကို အကောင်းဆုံးချမှတ်နိုင်ရန်အတွက် ကယား(ကရင်နီ)ပြည်နယ်တွင် နိုင် ငံရေးဆွေးနွေးပွဲကို ဇွန်လ ၁၂-၁၃ရက်နေ့ တွင် နာနတ်တော ဘုရားကျောင်းဝန်းရှိ ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြသည်။

ထိုသို့ဆွေးနွေးခြင်းသည် မိမိတိုင်းဒေသတွင် အမှန်တကယ်ဖြစ်ပျက်နေသည့် အခက်အခဲကို သက်ဆိုင်ရာတိုင်းဒေသကြီးမှ ပြည်သူလူထုများ ကြိုတင်ပြင်ဆင်ထားသည့် သဘောဖြစ်သည်ဟု မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနမှ အစီအစဉ်မန်နေဂျာ ကိုကျော်သူရက ပြောသည်။

၎င်းက “တကယ်တမ်း ဒီလိုကိစ္စတွေကို ဆွေးနွေးရတာကိုက စနစ်ပြင်ထားပြီးသလိုဖြစ်နေပါပြီ။ ဒီလိုဆွေးနွးပွဲတွေက ကြိုတင်ပြင်ဆင်တာမျိုးတွေ ဖြစ်တယ်။ အနာဂါတ်အတွက် သိပ်ကောင်းတဲ့ ဟာတွေဖြစ်တယ်” ဟုပြောသည်။

၎င်းဆွေးနွေးပွဲကို လက်ရှိတွင် ပါတီ ၄ပါတီ၊ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နှင့် အရပ်ဘက်အဖွဲ့အစည်း ၁၀ဖွဲ့ တို့ တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ဆွေးနွေးထားမှသာလျှင် ပြည်နယ်အဆင့်ဆွေးနွေးသည့် အချိန်တွင် ထိရောက်သောဆွေးနွေးမှု၊ ပြည်နယ်နှင့် လိုက်လျောညီထွေသော မူဝါဒ၊ ပေါ်လစီ များ အကြံပြုချက်များ ရလာမည်ဖြစ်၍ ပြည်ထောင်စုအဆင့် မူဝါဒရေးဆွဲရာမှာ ထိရောက်သည့် အချက်လက်အဖြစ်ပံ့ပိုးနိုင်မည်ဖြစ်သည် ဟု ကိုကျော်ထင်အောင်က ပြောသည်။

အစိုးရနှင့် လက်နက်ကိုင်အဖွဲ့စည်းများအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရေးဆိုင်ရာ စာချုပ်ကို လက်မှတ်ထိုးနိုင်ရန် စာချုပ်တွင်ပါသည့် အချက်လက်နှင့်ပတ်သက်ပြီး လက်ရှိတွင် ပြန်လည်ညှိနှိုင်းရမည့် အနေထားရှိသည်ဟု သိရသည်။

No comments: