မောင်သင်တုန်း
ရခိုင်တိုင်းရင်းသားများ၏ ပြည်ခိုင်ဖြိုးပါတီ နှင့် ချင်းတိုင်းရင်းသားများ၏ ပြည်ခိုင်ဖြိုးပါတီ ဆိုပြီး ဆိုင်ဘုတ်များ ထောင်ခြင်းကို သက်ဆိုင် ရာပါတီသို့ သတိပေးအကြောင်းကြားရန် ညွှန်ကြားပေးပို့ထားပြီးဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသားလွှတ်တော်တွင် ပြောသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ တရားဝင် မှတ်ပုံတင်ခွင့် ပြုထားသည့် ပါတီအမည်ကိုသာ သုံးစွဲရန်နှင့် မှတ်ပုံတင်ထားခြင်းမရှိသော ပါတီအဖွဲ့အစည်း အမည် အမျိုးမျိုးတပ်ကာ ရပ်ကွက်ကျေးရွာများတွင် ဆိုင်းဘုတ်တင်ခြင်းကို ခွင့်မပြုကြောင်း၊ သက်ဆိုင် ရာပါတီသို့ သတိပေးပြောကြားသွားရန် ရခိုင်ပြည်နယ် ရွေကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြားစာ ပေးပို့ထားပြီးဖြစ်တယ်”ဟုအဖွဲ့ဝင် ဦးမြင့်နိုင် ကပြော သည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအုန်းတင်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီများ ၏အမည်အစား တစ်ခြားပြည်သူလူထု ထင်ယောင်ထင်မှား ဖြစ်စေသည့် အမည်ဖြင့် တရားဝင် ဆိုင်ဘုတ်တင်ခွင့်ရှိမရှိ မေးမြန်းခြင်းကို အထက်ပါ အတိုင်းဖြေကြား သည်။
“ပြီးခဲ့တဲ့ ၂၀၁၅ ဧပြီလအတွင်းက မာန်အောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံရာမှာ ပြည်သူတွေက မာန်အောင်မြို့နယ်အတွင်းက ကျေးရွာတွေ မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစား ရခိုင်တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီလို့ ဆိုင်းဘုတ်တင်ထားတယ်လို့ တိုင်တန်း ကြလို့ နီးစပ်ရာ ကျေးရွာတွေကို သွားရောက်ကြည့်ရှုတာ သူတို့တိုင်းတန်းတဲ့အတိုင်း မှန်ကန်ကြောင်း တွေ့ရှိရပါတယ်”ဟု ကိုယ်စားလှယ် ဦးအုန်းတင်က မေးမြန်း ရာတွင် ပြောသည်။
အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး အခြားမြို့နယ်များတွင်လည်း ရှိပြီးမည်သို့ ဖြေရှင်းဆောင်ရွက်မည်ကို မာန်အောင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဆီကို သွားရောက်မေးမြန်းတာရာတွင်လည်း ဒီကိစ္စကို ခရိုင်ကော်မရှင်အဖွဲ့ခွဲ အစည်းအဝေးမှာ တင်ပြထားကြောင်း၊ ခရိုင်ကော်မရှင်အဖွဲ့ခွဲမှ ရခိုင်ပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲကို တင်ပြကြကြောင်း၊ ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်းမရှိသေးကြောင်း သိရသည်ဟု လွှတ်တော်တွင် မေးမြန်စဉ်ထည့် သွင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့က ၂၆.၃.၂၀၁၅ ရက်စွဲပါ စာအမှတ်၊ ၁ ရကပ-၁ ကမရ (၁၃၆) ဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ရပ်ကွက်၊ ကျေးရွာများတွင် ရခိုင်တိုင်းရင်းသားများ၏ ပြည်ခိုင်ဖြိုးပါတီဟူ၍ ဆိုင်းဘုတ်များ တင်ထားလျက်ရှိကြောင်း ထိုကဲသို့ တင်ထားမှုသည် ပြည်သူများ ထင်ယောင်ထင်းမှားဖြစ်သည့် အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ အရ မှတ်ပုံတင်ထားခြင်း မရှိသော အမည်များကို ဖျက်သိမ်းဆောင်ရွက် သင့်ပါကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီက တင်ပြလာမှုအပေါ် လမ်းညွှန်မှုပြုပေးနိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလာသည်ဟု ဆိုသည်။
“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ၏ အမည်ကိုသာ သုံးစွဲ၍ ဆိုင်းဘုတ်တင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ထားခြင်း မရှိသော ပါတီအမည်ဖြင့် ဆိုင်းဘုတ်တင်ခွင့်မရှိကြောင်း ဖြေကြားအပ်ပါတယ်”ဟု အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
No comments:
Post a Comment