Khonumthung
အမှတ် (၁) အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ တဆင့် တရုတ်နိုင်ငံသို့ သွားရောက်ကြမည့် မီဇိုးလူမျိုး ၁၈ ဦးကို မြန်မာအစိုးရက တမူးမြို့တွင် ဖမ်းဆီးခဲ့ရာ နှစ်လကြာ ထိန်းသိမ်းပြီးနောက် ဇွန်လ ၁ ရက်နေ့က မီဇိုရမ်ပြည်နယ် အစိုးရထံ ပြန်လည် အပ်နှံလိုက်သည်။ အိန္ဒိယအရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်၊ Tlangsam ကျေးရွာနေ Lawmzuali သည် ဆုတောင်းခြင်း အားဖြင့် ဘုရားသခင် ဖွင့်ပြချက်အရ အမှောင်နယ်မြေ တရုတ်နိုင်ငံ ကိုသွားရန် ဆွေမျိုးမိသားစု ကလေးအပါအဝင် လူဦးရေ ၁၉ ဦးတို့နှင့် အတူ ပြီးခဲ့သည့် မတ်လ ၁၅ ရက်နေ့က Tlangsam ကျေးရွာမှ စတင်ထွက်ခွာ လာခဲ့ကြသည်ဟုသိရသည်။
၎င်းတို့သည် မီဇိုရမ်ပြည်နယ်မှ မဏိပူရ်ပြည်နယ်ကိုဖြတ်ကျော်ကာ မြန်မာဘက်ခြမ်း Khawzimkai ကျေးရွာအကျော် မတ်လ ၂၄ ရက်နေ့က မြန်မာရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယခုကဲ့သို့အဖမ်းခံရပြီး တမူးမြို့တွင် ထိန်းသိမ်းခံရစဉ်တွင် ယင်းအဖွဲ့ကို ဦးဆောင်လာသူ Lawmzuali ၏ အမျိုးသား Zonghinglova သည် နာမကျန်းဖြစ်မှုကြောင့် သေဆုံးသွားခဲ့ သည်ဟု သိရသည်။
ယင်း ကိစ္စကိုကြား သိသော တမူးမြို့ရှိ မီဇိုးလူငယ် အဖွဲ့အစည်းများ က သွားရောက်ကြည့်ရှုခဲ့ရာ စားစရာများထောက်ပံ့ ပေးခဲ့ကြပြီး၊ ၎င်းတို့ လွတ်မြောက်ရေး အတွက် ကြိုးပမ်းပေးခဲ့ကြရာ နေရပ်မီဇိုရမ်ပြည်နယ် သို့ ပြန်လည်ပို့ဆောင်ပေးရန် သက်ဆိုင်ရာ အာဏာပိုင်များက သဘောတူ ခဲ့ကြသည်။
ထို့နောက် ဇွန်လ ၁ ရက်နေ့ညတွင် ထိန်းသိမ်းခံ ၁၈ ဦးကို တမူးမီဇိုးလူငယ်အဖွဲ့အစည်းအပါအဝင် မြန်မာ (immigration official) လ၀က နှင့် ပြည်သူ့ရဲ တို့မှ ကလေးမြို့တာဟန်းသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ထိုမှတဆင့် တာဟန်းရှိ မီဇိုးလူငယ် အဖွဲ့အစည်းများက အစစအရာရာ တာဝန်ယူပြန်လည်လုပ်ဆောင်ခဲ့ပြီး အမှတ် (၂) ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် နယ်စပ် Zokhawthar ကျေးရွာအထိ လိုက်ပို့ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ကို Champhai DC H.Lalengmawia ကိုယ်တိုင် ဦးစီးပြီး ကြိုဆို ခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူ ၁၉ ဦးကို ဖမ်းဆီး ထိန်း သိမ်းထားချိန် ကစပြီး မီဇိုရမ်ပြည်နယ် အထိရောက် လာအောင် ငွေရေးကြေးရေး အားဖြင့် သော်လည်းကောင်း အစစ အရာရာ ကူညီပေးခဲ့ကြသော တမူးမီဇိုလူငယ် နှင့် တာဟန်းမီဇိုး လူငယ်အဖွဲ့ အစည်း တို့အပေါ် အထူးကျေးဇူးတင် ရှိကြောင်း မီဇိုရမ်ပြည်နယ် အစိုးရက ထုတ်ပြန်ထား သည်။

No comments:
Post a Comment